နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက သမ္မတနှင့် နိုင်ငံရေးပါတီ ၈၀ ကျော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ယင်းတွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်အား မီဒီယာများက တွေ့ဆုံမေးမြန်းကြရာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကျန်ရှိနေသေးကြောင်း၊ လုပ်ငန်းစဉ်များပြီးမှသာ တွေ့ဆုံမည်ဖြစ်ကြောင်း မီဒီယာသမားတစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။“. . . ကျန်သေးတယ်လေ။ ရွေးကောက်ပွဲလုပ်ငန်းတွေ ရှိသေးတယ်။ သူတို့ ဟိုမှာ ငွေစာရင်းရှင်းတဲ့ ကိစ္စတွေ ဒါတွေအားလုံး ခြုံပြီးတော့မှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်လို့ အားလုံးကို ပြောတာ။ သူနဲ့ တွေ့တာကတော့ဗျာ တာဝန် လွှဲပြောင်းခြင်းနဲ့ အနိုင်ရပါတီနဲ့ တွေ့တာ။ ဒါကတော့ နိုင်တဲ့ သူတွေရော၊ လွှတ်တော်ထဲကို လုံးဝမရောက်ခဲ့တဲ့ ပါတီတွေရော သမ္မတကြီးက ခေါ်ပြီးတော့ တွေ့ဆုံဆွေးနွေးသွားတာ။ အဓိကကတော့ အားပေးတာပေါ့ ဗျာ . . .” ဟု ဦးရဲထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော တွေ့ဆုံမှုမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ပြီးမှဟု ပြောထားကြောင်း ယခုရွေးကောက်ပွဲရလဒ် ကြေညာပြီးသွားပြီဖြစ်ကြောင်း မီဒီယာသမား တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဦးရဲထွဋ်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတွေ့ဆုံမှု အချိန်ထပ်မံ ရွှေ့ဆိုင်းလိုနေခြင်းလားဟု မေးခွန်းအချို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ်များအား နိုဝင်ဘာ ၉ ရက်မှစ၍ ရွေးကောက်ပွဲကော်မရှင်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိရာ နိုဝင်ဘာ ၁၅ ရက်တွင် အပြီးသတ် ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးနောက် နှစ်ရက်အကြာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ တွေ့ဆုံ ဆွေးနွေးလိုကြောင်း အကြောင်းကြားစာကို နိုဝင်ဘာ ၁၀ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည်။ထိုသို့ ပေးပို့မှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ကိုယ်စား ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က နိုဝင်ဘာ ၁၁ ရက်တွင် အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။ အကြောင်းပြန်ကြားမှုတွင် အချက်လေးချက် ပါဝင်ပြီး ‘ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း’ ဆိုသည့် အချက်ကို ထည့်သွင်းပြန်ကြားခဲ့ကြောင်း သိရသည်။ရွေးကောက်ပွဲ ရလဒ်များ ကြေညာပြီးနောက် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၈ (က) ပါ ပုဂ္ဂိုလ်တစ်ဦးဦးက ရွေးကောက်တင်မြှောက် ခံရသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်လိုလျှင် ဖြစ်စေ၊ ယင်းမဲဆန္ဒနယ်အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင် ဖြစ်စေ ထိုမဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို နည်းဥပဒေ ၇၂ (က) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက ကြေညာသည့်နေ့မှစ၍ ‘၄၅ ရက်အတွင်း’ ကော်မရှင်သို့ ကိုယ်တိုင်သော် လည်းကောင်း၊ စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်ကသော် လည်းကောင်း ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း သိရသည်။ ယင်းကဲ့သို့သော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပပြီးသည့်နေ့မှ ၄၅ ရက်အတွင်း အစီရင်ခံစာ ထုတ်ပြန်ကြေညာရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာ တင်သွင်းပြီးမှသာလျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော် ခေါ်ယူရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များအဖြစ် သက်ဆိုင်ရာ ဥပဒေတိုင်း အဆင့်ဆင့် လုပ်ဆောင်ရန် ပြဋ္ဌာန်းထားပြီး ထိုအတိုင်း စနစ်တကျ လုပ်ဆောင်ခြင်း မရှိပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်သည်။အာဏာ လွှဲပြောင်းမှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရွေးကောက်ပွဲအပြီး ရက် ၉၀ မှာ လွှတ်တော်ခေါ်ယူရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် သမ္မတကို ရွေးချယ်ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများပါ ရွေးချယ်ခန့်ထားပြီး အာဏာလွှဲပြောင်းပေးရမည် ဖြစ်သည်။ ထို့ကြောင့် အာဏာလွှဲပြောင်းမှုမှာ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်ထက် နောက်မကျဘဲ ပြုလုပ်ရမည်ဖြစ်သည်။ထို့ပြင် အာဏာလွှဲပြောင်းရေးအတွက် လွှတ်တော်ခေါ်ယူမှု နှောင့်နှေးနေခြင်း၊ အာဏာလွှဲပြောင်းရေးကို အချိန်ဆွဲခြင်းများ ပြုလုပ်မည် ဆိုပါက မည်သူမဆို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ရာရောက်ပြီး ချိုးဖောက်မှုအတွက် တည်ဆဲဥပဒေများအပြင် သေဒဏ်ချမှတ်၍ ရသည်အထိ သက်ရောက်မှုရှိသော နိုင်ငံတော် ပုန်ကန်မှုနှင့်ပါ အရေးယူခံရနိုင်ကြောင်း သိရသည်။















