အစိုးရအဖွဲ့သစ်ထံသ့ို သတ်မှတ်ချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ပြီး ယင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိစေရန်နှင့် တည်တည်ငြိမ်ငြိမ်၊ ချောချောမွေ့မွေ့ ဖြစ်စေရန် ဆောင်ရွက်မည်ဟု နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၏ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံရေး ပါတီ ၈၀ ကျော်မှ ခေါင်းဆောင်များ၊ အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က “ငါးနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကနေ အသွင် ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျွန်တော်တို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုကျင်းပတဲ့အခါမှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ အောင်မြင်မှုရှိစွာနဲ့ ကြိုးပမ်းခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်၊ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီများ၊ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ၊ ပါဝင်ကူညီခဲ့ကြသူများနဲ့ မဲဆန္ဒရှင် ပြည်သူများကိုလည်း ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားလိုပါတယ်”ဟု ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတက “ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိနေသေးတဲ့ အစိုးရ သက်တမ်းကာလအတွင်းမှာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းချက်များ အတိုင်း ဆက်လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်များ စတင် ကျင်းပဖို့ ဖိတ်ကြားမှာဖြစ်ပါတယ်။ လွှတ်တော်များအနေနဲ့ ဆောင်ရွက်ရန် ရှိသည်များကို အဆင့်ဆင့် ဆောင်ရွက်ပြီး တဲ့အခါမှာ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ်ထံကို သတ်မှတ်အချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိစေဖို့နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ချောချောမွေ့မွေ့ ဖြစ်စေဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ထပ်မံ ပြောကြား လိုပါတယ်”ဟု ပြောကြားသည်။
လက်ရှိအစိုးရအဖွဲ့ တာဝန်ယူခဲ့သည့် ငါးနှစ်တာကာလအတွင်း၌ ဆောင်ရွက်ရန် ရှိသည်များကို အကောင်းဆုံး ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအရ ကြည့်မည်ဆိုပါက နိုင်ငံရေး အင်အားစုများအကြား စေ့စပ် ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာသည့် နိုင်ငံရေး ယဉ်ကျေးမှုအသစ် အကောင်အထည် ပေါ်လာအောင် ဆောင်ရွက်ခဲ့သည်ဟု ၎င်းကဆိုသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က “ငွေလဲနှုန်း လွတ်လပ်တဲ့ ဗဟိုဘဏ်နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ခဲ့သလို အခုဆိုရင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ အလားအလာကောင်းတွေ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကဏ္ဍမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့များအနေနဲ့လည်း ပါဝင်လာနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ဒီစာချုပ်မှာ အဓိကအားဖြင့် လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေး ဆွေးနွေးပွဲကနေ တစ်ဆင့် အတူတကွ ဝိုင်းဝန်း တည်ဆောက်ဖို့ဆိုတဲ့ နိုင်ငံရေး အာမခံချက်တွေ ပါဝင်ပါတယ်”ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမှာစကားပြောကြားစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) သည် ငြိမ်းချမ်းရေးအတွက် အခြေခံ အုတ်မြစ်တစ်ခုအနေဖြင့် အကောင်းဆုံး ချန်ထားရစ်နိုင်ခြင်း ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
“မကြာခင်မှာ NCA သဘောတူညီချက်အတိုင်း အချိန်ဇယားများအတိုင်း ဆွေးနွေးပွဲများ စတင်ဖို့လည်း ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် နောင်ပေါ်ပေါက်လာမယ့် အစိုးရအနေနဲ့ ဒီအခြေခံကောင်းတွေ အပေါ်မှာ အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု နိုင်ငံတော် သမ္မတက ဆိုသည်။
ဒီမိုကရေစီစနစ်တွင် ရွေး ကောက်ပွဲများသည် အဓိကကျသည်နှင့်အမျှ ရွေးကောက်ပွဲများသည် သက်တမ်းအလိုက် အမြဲရှိနေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စနစ်အရ ငါးနှစ်တွင် တစ်ကြိမ် ရွေးချယ် နေကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်များသည် ပြည်သူလူထု၏ အဆုံးအဖြတ် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
သမ္မတဦးသိန်းစိန်က “နိုင်ငံရေး ပါတီများဟာလည်း ရွေးကောက်ပွဲများမှာ နိုင်တဲ့ပါတီရှိမယ်။ ရှုံးတဲ့ပါတီ ရှိမယ်။ သို့သော်လည်းပဲ ဒီမိုကရေစီ စနစ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ အများစု အနိုင်ရပါတီများဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ရမှာဖြစ်သလို အနည်းစုသာ အနိုင်ရရှိတဲ့ ပါတီများ အနေနဲ့ ဒီမိုကရေစီရဲ့အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ Check and Balance မပျောက်စေဖို့အတွက် ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက် တင်မြှောက်ခြင်း မခံရတဲ့ ပါတီများအနေနဲ့ ကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေး အနေနဲ့ ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ဒီမိုကရေစီစနစ်က အသက်ဝင် ရှင်သန်နေမှာ ဖြစ်ပါတယ်။ဒါကြောင့် အပြန်အလှန် ထိန်းကျောင်းခြင်း ဖြစ်စဉ် အားကောင်းစေဖို့အတွက် နိုင်ငံရေးပါတီ အားလုံးအနေနဲ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ ဒီကနေ တိုက်တွန်းလိုပါတယ်”ဟု ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက “တစ်ဖန် ကျွန်တော်တို့ တိုင်းပြည်ဟာ အသွင်ကူးပြောင်းရေး ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်သည့်အားလျော်စွာ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အစိုးရနဲ့ လွှတ်တော် တို့မှာသာ တာဝန်ရှိတာ မဟုတ်ဘဲ နိုင်ငံရေး အင်အားစုတိုင်းမှာ တာဝန်ရှိနေပါတယ်။ ဒါကြောင့် အသွင်ကူး ပြောင်းရေး ပြီးမြောက်အောင်မြင်ဖို့ နိုင်ငံရေးပါတီတွေရဲ့အားက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအနေအရ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍ လိုအပ်ပါတယ်”ဟု ပြောကြားသည်။















