အစိုးရသစ်အား ချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအရ အမှုရင်ဆိုင်နေရသူများကို အမြန်ဆုံးလွှတ်ပေးရန် လက်ရှိ အစိုးရအား AAPP တိုက်တွန်း

အစိုးရသစ်အား ချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအရ အမှုရင်ဆိုင်နေရသူများကို အမြန်ဆုံးလွှတ်ပေးရန် လက်ရှိ အစိုးရအား AAPP တိုက်တွန်း
Published 15 November 2015
ဇာလီမြင့်ဦး

အစိုးရသစ်အား ချောမွေ့စွာ အာဏာ လွှဲပြောင်းနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေးအရ အမှုရင်ဆိုင်နေရသူများကို အမြန်ဆုံး လွှတ်ပေးရန် လက်ရှိ အစိုးရအား နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။ယနေ့အချိန်သည် အထွေထွေ ရွေးကောက်ပွဲကြီးအား အောင်မြင်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် တိုင်းပြည်၏ နောက်ငါးနှစ် သက်တမ်းအတွက် အစိုးရသစ်မှ တာဝန်ယူ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထိုသို့ နောင်ငါးနှစ်အတွက်တာဝန်ယူမည့် အစိုးရသစ်အား အဆင်ပြေ ချောမွေ့စွာ အာဏာလွှဲပြောင်းရေးအတွက် ယခင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ၊ အမှု ရင်ဆိုင်နေရသော အချုပ်သားများအား အမြန်ဆုံး လွှတ်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ထို့ပြင် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေးအရ ချုပ်နှောင်ခံထားရပြီး အမှု ရင်ဆိုင်နေရသူများသည် အဓိကအားဖြင့် လက်ရှိ အစိုးရနှင့် သဘောထား ကွဲလွဲမှုအတွက် ဖမ်းဆီးထားခြင်းဖြစ်ရာ အာဏာ မလွှဲပြောင်းမီ လွှတ်ပေးခြင်းသည် လက်ရှိ အစိုးရ၏ စိတ်ကောင်း စေတနာကောင်းများကို ပြသရာ ရောက်သည့်အပြင် ပြည်သူများ၊ နိုင်ငံတကာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်သူများ၏ လေးစား အသိအမှတ်ပြုမှုကိုလည်း ခံစားရမည် ဖြစ်ပါကြောင်းလည်း ဖော်ပြထားသည်။အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင် ဆန္ဒပြခဲ့သဖြင့် မြင်းခြံ အကျဉ်းထောင်တွင် အချုပ်ကျခံနေရပြီး အမှု ရင်ဆိုင်နေရသော ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင်တို့ နှစ်ဦးသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်အတွက် အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့ကြရာ ထောင်ဝန်ထမ်းများက ရိုက်နှက်မှု၊ ရေဖြတ်မှုများကြောင့် နိုဝင်ဘာ ၉ ရက်တွင် အစာငတ်ခံ ဆန္ဒပြခြင်းအား ရပ်တန့်ခဲ့ရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ထိုဖြစ်စဉ်အား နိုဝင်ဘာ ၁၁ ရက်တွင် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သော်လည်း အချိန်နောက်ကျနေပြီဟု အကြောင်းပြကာ အမှုကို လက်မခံခဲ့ကြောင်းနှင့် ထို့ကြောင့် အစိုးရ အနေဖြင့် ထိုသို့ အကျဉ်းထောင်တွင်း အကြမ်းဖက် ရိုက်နှက်ခြင်းနှင့် ရေဖြတ်ခြင်းအား အမြန်ဆုံး အရေးယူပေးရန်နှင့် ထိုအချုပ်သားများ၏ ကျန်းမာရေးအား အထူးဂရုပြု ဆောင်ရွက်ပေးရန် AAPP က ကြေညာချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကပင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လိုလားလျက်ရှိပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇူလိုင်အတွင်းကလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ အကြံပြုစာ ပေးပို့ခဲ့ကြောင်း သိရသည်။                    

Most Read

Most Recent