ရန်ကုန်မြို့၏ မီးပွိုင့်စနစ်များပြောင်းလဲပြီး ယာဉ်ကြောရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် ပြည်ပနိုင်ငံများမှ ဖက်စပ်ပါဝင်သည့် ကုမ္ပဏီ ၂၂ ခု တင်ဒါတင်သွင်း

ရန်ကုန်မြို့၏ မီးပွိုင့်စနစ်များပြောင်းလဲပြီး ယာဉ်ကြောရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် ပြည်ပနိုင်ငံများမှ ဖက်စပ်ပါဝင်သည့် ကုမ္ပဏီ ၂၂ ခု တင်ဒါတင်သွင်း
Published 15 November 2015

ရန်ကုန်မြို့၏ မီးပွိုင့်စနစ်များကို အော်တိုစနစ်သို့ ပြောင်းလဲပြီး ယာဉ်ကြောရှင်းလင်းရေး လုပ်ဆောင်သည့် လုပ်ငန်းအတွက် တင်ဒါခေါ်ယူခဲ့ရာ ပြည်ပနိုင်ငံများမှ ဖက်စပ်ပါဝင်သည့် ကုမ္ပဏီ ၂၂ ခု တင်ဒါတင်သွင်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာနမှ သိရသည်။အဆိုပါ လုပ်ငန်းအတွက် တင်ဒါများကို နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးခေါ်ယူခဲ့ရာတွင် နိုဝင်ဘာ ၁၂ ရက်အထိ တင်ဒါတင်သွင်းသည့် ကုမ္ပဏီတစ်ခုမှ မရှိခဲ့ဘဲ နိုဝင်ဘာ ၁၃ ရက်တွင်မှ ကုမ္ပဏီ ၂၂ ခု တင်ဒါ တင်သွင်းခဲ့ကြခြင်းဖြစ်သည်။“ကုမ္ပဏီ ၂၂ ခု တင်ဒါ သွင်းခဲ့တယ်။ တင်ဒါတော့ မဖောက်ရသေးဘူး။ ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီတွေပါတယ်။ သူတို့က ဒီက ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်မှာ။ ဒီတစ်လအတွင်း တင်ဒါကို စိစစ်ရွေးချယ်နိုင်အောင် လုပ်ဆောင်သွားမှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ရန်ကုန်မြို့၏ ဆိုးရွားလာသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက်  လက်ရှိ မီးပွိုင့်တစ်ခုတည်းကိုသာ အခြေခံ၍ မီးပွိုင့်လွှတ်သည့်စနစ်မှ မီးပွိုင့်များအား စုစည်းချိတ်ဆက်၍ ထိန်းချုပ်မှုစင်တာဖြင့် ထိန်းချုပ်ကာ အလိုအလျောက် မီးပွိုင့်လွှတ်ပေးသည့်စနစ်ကို ပြောင်းလဲလုပ်ဆောင်ရန် ယင်းသို့ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းသို့ ပြောင်းလဲလုပ်ဆောင်ခြင်းအားဖြင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ယခင်ကထက် လျှော့နည်းလာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ဆိုသည်။အဆိုပါလုပ်ငန်းလုပ်ဆောင်ရန်အတွက် ငွေကျပ် ဘီလျံ ၂၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ရန်ကုန်မြို့၏ လိုအပ်ချက်အရ အဆိုပါစနစ်ကို အမြန်ဆုံးလုပ်ဆောင်မည်ဖြစ်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ယင်းစနစ်မှာ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် မီးပွိုင့်စနစ်အတွေ့အကြုံရှိသည့် ကုမ္ပဏီများသာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ပြည်တွင်းကုမ္ပဏီ တစ်ခုတည်းဖြင့် မဖြစ်နိုင်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုသည်။ရန်ကုန်မြို့တွင် မီးပွိုင့်စုစုပေါင်း ၁၇၅ ပွိုင့်ရှိသည့်အနက် အချို့မီးပွိုင့်များမှာ ချို့ယွင်းခြင်း၊ ယာဉ်ထိန်းရဲ မရှိခြင်းနှင့် မီးပွိုင့်ပျက်နေခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။ သို့ဖြစ်၍ ယင်းသို့ အလိုအလျောက် မီးပွိုင့်လွှတ်သည့် စနစ်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်း မီးပွိုင့်ကို ဗဟိုပြု၍ မီးပွိုင့် ၁၀ ခုကို ချိတ်ဆက်ကာ လက်ရှိအသုံးပြုနေပြီး အခြားအရေးကြီး သည့် မီးပွိုင့်များတွင် ပြောင်းလဲတပ်ဆင် အသုံးပြုရန် ယခုကဲ့သို့ တင်ဒါခေါ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။သို့သော် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏အကူအညီဖြင့် တပ်ဆင်ခဲ့သည့် မီးပွိုင့် ၁၀ ခု တွင် အလိုအလျောက် မီးပွိုင့်လွှတ်သည့်စနစ် သို့ ပြောင်းလဲလိုက်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေဆဲပင်ဖြစ်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

Most Read

Most Recent