တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လွှတ်တော်တွင် အတည်ပြုချက် ရယူနိုင်ရေး ဆွေးနွေးမည့် ညှိနှိုင်းအစည်းအဝေး နေပြည်တော်၌ ကျင်းပမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လွှတ်တော်တွင် အတည်ပြုချက် ရယူနိုင်ရေး ဆွေးနွေးမည့် ညှိနှိုင်းအစည်းအဝေး နေပြည်တော်၌ ကျင်းပမည်
Published 14 November 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကို နိုဝင်ဘာ ၁၇ ရက်မှ စတင်ပြီး နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လွှတ်တော်တွင် အတည်ပြုချက် ရယူနိုင်ရေး ဆွေးနွေးသွားမည် ဖြစ်သည်။အဆိုပါ အစည်းအဝေးသို့ အစိုးရဘက်က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သည့် ကိုယ်စားလှယ် ရှစ်ဦး တက်ရောက်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ရှစ်ဦး တက်ရောက်မည် ဖြစ်ကြောင်း NCA လက်မှတ်ထိုးပြီးဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။ဦးခွန်မြင့်ထွန်းက “ကျွန်တော်တို့ အခု နေပြည်တော်မှာ ၁၇ ရက်မှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး NCA အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး ရှိပါတယ်။ ဒါက ဒုတိယ အကြိမ်ပေါ့။ ကျွန်တော်တို့ဘက်က တစ်ဖွဲ့တစ်ယောက်ပေါ့။ အစိုးရဘက်ကလည်း ရှစ်ယောက်ပေါ့။ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်ပြီးတော့ပေါ့။ ဒီ JICM အစည်းအဝေးမှာကတော့ အဓိက,ကတော့ JMC ကို ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားတာ အဲဒါနဲ့ ပတ်သက်ပြီး ရေးဆွဲထားတဲ့ Code of Conduct တို့လို ဟာကို အတည်ပြုမယ့် ကိစ္စတွေ ပါမယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရေးထိုးထားတဲ့ NCA ကို လွှတ်တော်မှာ အတည်ပြုချက်ရဖို့ အတည်ပြုချက်ယူဖို့ ကိစ္စမျိုးတွေ ပါမှာပေါ့” ဟု နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့သည် အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ရေးထိုးခဲ့ရာ အောက်တိုဘာ ၁၆ ရက်နှင့်  ၁၇ ရက်များတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM) ကို ကျင်းပခဲ့ပြီး NCA စာချုပ်ပါ ကော်မတီများဖြစ်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent