မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ကုန်တင်ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး ငါးဦး ဒဏ်ရာရရှိကာ လမ်းပိတ်ဆို့မှု ဖြစ်ပွား

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ကုန်တင်ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး ငါးဦး ဒဏ်ရာရရှိကာ လမ်းပိတ်ဆို့မှု ဖြစ်ပွား
Published 14 November 2015
ကိုရွှေသိန်း (မြဝတီ)

မြဝတီ-ကော့ကရိတ်   အာရှလမ်းသစ် ကွမ်းခြံအနီး ကုန်းဆင်းတွင်  နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခန့်က ကုန်တင်ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ  ငါးဦးဒဏ်ရာရရှိခဲ့ကာ ယာဉ်တိုက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့ပြီး ခရီးသွားကားများ အခက်ကြုံခဲ့ရကြောင်း သိရသည်။ကော့ကရိတ်ဘက်မှ မြဝတီသို့ ဂက်စ်အိုးအခွံများ တင်ဆောင်လာသော ၁၂ ဘီးကုန် တင်ယာဉ် YGN 5D/2839သည် မြဝတီဘက်ခြမ်း ကွန်းသီးခြံကွေ့အရောက်တွင် ခရီးသည်တင် ကားလေးတစ်စီးအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ မြဝတီဘက်မှ ကုန်အပြည့် တင်လာသော 5C/9624 (၁၂) ဘီးယာဉ်အား ဘေးချင်းပွတ်တိုက်ကာ လည်ထွက်သွားပြီး 1C/6889 ဆီသည်ယာဉ်အား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။“ဒီလမ်းမှာ တစ်လမ်းလုံး ကျော်မတက်ရဆိုတဲ့ လမ်းစည်းကမ်း၊ မျဉ်းသေ သတ်မှတ်ထားပြီးသားပါ။ အခုဖြစ်တာက  အဓိက ကတော့ လမ်းစည်းကမ်းကို မလိုက်နာတာရယ်၊ ဆန္ဒစောတာရယ်၊ မဆင်ခြင်တာရယ်ကြောင့် ဖြစ်တာပါ။ ဂက်စ်အိုးတွေက အခွံမို့လို့ မီး ထမလောင်တာပဲ တော်သေးတယ်လို့ ပြောရမယ်” ဟု ယာဉ်ကြောပိတ်ဆို့မှုကြောင့် စောင့်ဆိုင်းနေရသည့် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။အဆိုပါ ကွမ်းသီးခြံကွေ့နေရာသည် အတက်ကြမ်းပြီး မတ်စောက်ခြင်းကြောင့် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားလျက်ရှိကာ ယာဉ်မာင်များ အထူးသဖြင့် ကုန်တင်ယာဉ်မောင်းများ  သတိပြု ဆင်ခြင်မောင်းနှင်ရန် လိုအပ်ကြာင်း အဆိုပါယာဉ်မောင်းက ဖြည့်စွက် ပြောကြားသည်။“နေ့လယ်၂ နာရီခွဲလောက်က  ပြည်နယ်ပွဲသွားဖို့ မြဝတီက ထွက်လာတာ။ လမ်းသစ်ရောက်တော့ ကားသုံးစီးဆင့်တိုက်လို့ဆိုပြီး လမ်းပိတ်ထားတော့ စောင့်လိုက်ရတာ။ ရေလည်း မသောက်ရ၊ စားစရာလည်း မရှိ။ ပြန်လှည့်ဖို့ကလည်း ကားတွေပိတ်နေတော့ အရမ်း ဒုက္ခရောက်တယ်။ ည ၇ နာရီကျော်မှ လမ်းပွင့်သွားလို့ ပြည်နယ်ပွဲအရောက်သွားဖို့ ကားကို အမြန်မောင်းခဲ့ပေမယ့် ဂျိုင်းတံတား ပိတ်သွားပြီတဲ့။ တံတားကို လုံးဝဖွင့်မပေးလို့ ကလေးတွေလည်း မြက်ခင်းပြင်မှာ အိပ်လိုက်ရတယ်” ဟု ကရင်ပြည်နယ် ပွဲသွားစဉ် ယာဉ် တိုက်မှုကြောင့် လမ်းပိတ်ဆို့မှု ကြုံခဲ့သူတစ်ဦးက ပြောကြားသည်။ယာဉ်တိုက်မှုကြောင့် ဆီသယ်ယာဉ် ပေါက်ကွဲမှု မဖြစ်ပွားစေရေးအတွက် ည ၁၀ နာရီအထိ ဆီများအား ကဲ့ကာ ကာကွယ်ခဲ့ရပြီး ပိတ်ဆို့နေသော ကားများအား သက်ဆိုင်ရာမှ လမ်းရှင်းလင်းခဲ့ ရကြောင်းသိရသည်။ကွမ်းခြံအနီး ကုန်းတက်တွင် ကုန်တင်ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည့်နေရာသို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြဝတီ စေတနာလူမှုကယ်ဆယ်ရေး အသင်း၊ မြဝတီ မီးသတ်စခန်းတို့ သွားရောက်၍ ကူညီဆောင်ရွက်ပေးခဲ့သည်။ကုန်ယာဉ်သုံးစီး ဆင့်တိုက်မှုတွင် ထိခိုက်ဒဏ်ရရာရှိသူ ငါးဦးအား လိုအပ်သော လုပ်ဆောင်မှုများဖြင့် ပြုစုကူညီပေးခဲ့ပြီး မြဝတီဆေးရုံ အရေးပေါ်ဌာနသို့  ကူညီပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြဝတီမြို့နယ် သင်္ကန်းညီနောင်ရဲစခန်းမှ အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent