ရန်ကုန်မြို့အား မြို့ပြအမွေအနှစ် မပျောက်စေဘဲ ဖွံ့ဖြိုးတိုးတက်စေရေး အကြမ်းဖျင်းပုံစံကို အများပြည်သူ ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်

ရန်ကုန်မြို့အား မြို့ပြအမွေအနှစ် မပျောက်စေဘဲ ဖွံ့ဖြိုးတိုးတက်စေရေး အကြမ်းဖျင်းပုံစံကို အများပြည်သူ ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်
Published 14 November 2015
အေးမြတ်မွန်

ရန်ကုန်မြို့အား မြို့ပြအမွေအနှစ် မပျောက်စေဘဲ ဖွံ့ဖြိုးတိုးတက်စေရေး အကြမ်းဖျင်းပုံစံအား အများပြည်သူ ပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။ရန်ကုန်မြို့အား မြို့ပြအမွေအနှစ်မပျောက်စေဘဲ ဖွံ့ဖြိုးတိုးတက်ပြီး အာရှတွင် နေချင့်စဖွယ် အကောင်းဆုံးမြို့ဖြစ်စေရေးအတွက် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အကြမ်းဖျင်းပုံစံ ထုတ်ပြန်ထားကြောင်း သိရသည်။“ရန်ကုန်မြို့ကို အာရှမှာ နေချင့်စဖွယ်အကောင်းဆုံးမြို့ဖြစ်လာရေးအတွက် ကြိုးပမ်းနေခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်းမှာ မြို့ပြစီမံရေးကိစ္စရပ်များကို အစိုးရဌာနတွေ၊ ပြည်တွင်းပြည်ပ ပညာရှင်အဖွဲ့အစည်းတွေနဲ့ လေ့လာဆန်းစစ်ချက် အများအပြားကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးချက် လေ့လာချက်တွေကို အခြေခံပြီးမြို့ရဲ့ အမွေအနှစ်တွေကို မပျောက်ပျက်စေဘဲ ဖွံ့ဖြိုးဖို့ရေးသားထားတဲ့ အကြမ်းဖျင်းပုံစံတွေကို အများပြည်သူ လေ့လာဆွေးနွေးနိုင်အောင် ဖိတ်ခေါ်တာပါ” ဟု  ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယင်းပုံစံကြမ်းများတွင် ရန်ကုန်မြို့လယ်၏ ထူးခြားချက်များအား ဆက်လက်ထိန်းသိမ်းထားပြီး စီးပွားရေး ပြန်လည်အသက်ဝင်လာစေရန် ကြိုးပမ်းဖို့ လိုအပ်ခြင်း၊ မြို့လယ် ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာသည် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုနှောင်းပိုင်း မြို့ပြအခင်းအကျင်းများ မပြောင်းမလဲ ကျန်ရှိနေသည့် ဧရိယာအဖြစ် အနာဂတ်အတွက် ထိန်းသိမ်းထားရမည့် ဧရိယာဖြစ်ခြင်း၊ ရွှေတိဂုံပတ်ဝန်းကျင်နှင့် သမိုင်းဝင်ဧရိယာ၊ ရွှေတိဂုံပတ်ဝန်းကျင်နှင့် ဆက်စပ်တည်ရှိနေသည့် သာသနိက အဆောက်အအုံများနှင့် စိမ်းလန်းမြေများကို ထိန်းသိမ်းခြင်း၊ ရန်ကုန်မြစ် နှင့် ပုဇွန်တောင်မြစ်ပေါင်းစည်းရာ အရှေ့ဘက်ခြမ်းတွင် မြို့ပြ၏ အသစ်ဆောက်လုပ်မှုများကို ပုံဖော်နိုင်ပြီး မြို့ပြထိခိုက်မှု သိပ်မရှိသည့် နေရာများတွင်ပါ အသစ်တိုးချဲ့ဆောက်လုပ်မှုများ ပြုလုပ်နိုင်ခြင်း၊ မြို့၏ အနောက်ခြမ်းတွင်လည်း ရန်ကုန်မြစ်ကြောတစ်လျှောက်ကို အဓိကထားပြီး စီးပွားရေးလုပ်ငန်း၊ လူနေအိမ်ခြေများနှင့် စက်မှုလုပ်ငန်းများကို စုံလင်စွာ ထားနိုင်ခြင်း၊ အရိပ်ရအပင်ကြီးများနှင့် သစ်ပင်ပန်းမန်များ ဝန်းရံထားသည့် လမ်းမကျယ်ကြီးများနှင့် ပန်းမန်ဥယျဉ်များသည် မြို့နေလူထုကျန်းမာရေး လိုက်စားနိုင်ခြင်းအတွက် အဓိကကျပြီး မြစ်ကမ်းနားတစ်လျှောက်နှင့် ပုဇွန်တောင်ချောင်း တစ်လျှောက်တွင် စိမ်းလန်းအောင် ဖန်တီးနိုင်ခြင်းတို့ ပါဝင်သည်။ထို့အပြင် မြို့လယ်အမွေအနှစ်နှင့် ရွှေတိဂုံပတ်ဝန်းကျင်နေရာများတွင် မြေအောက်ရထားလမ်းပုံစံကို အကောင်အထည်ဖော်သင့်ပြီး အခြားနေရာများတွင် မိုးပျံရထားလမ်းပုံစံများ ဖော်ဆောင်နိုင်ပြီး ရထားလမ်းတစ်လျှောက် လမ်းဆုံနေရာများတွင် ပင်မပို့ဆောင်ရေးလမ်းကြောင်းဆုံရာ နေရာများကို အဓိကအချက်အချာများအဖြစ် ထားရှိနိုင်ကြောင်း အဆိုပါ အကြမ်းဖျင်းပုံစံများတွင် ဖော်ပြထားသည်။ယင်းသို့ မြို့ပြဖွံ့ဖြိုးရေးအတွက် အကြမ်းဖျင်းပုံစံများကို ပါဝင်ဆွေးနွေးနိုင်ရန်အတွက် အကြံပြုချက်များကို Info@yangon herita-getrust သို့ အီးမေးလ်ပေးပို့ ဆွေးနွေးနိုင်ကြောင်း သိရသည်။   

Most Read

Most Recent