ရွေးကောက်ပွဲရလဒ်ကြောင့် တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် မရှိဘဲ နောင်ဖြစ်ပေါ်လာမည့် အစိုးရနှင့် လက်တွဲ၍ တိုင်းပြည်ကောင်းအောင် လုပ်ဆောင်မည်ဆိုသည့် စိတ်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ရွေးကောက်ပွဲရလဒ်ကြောင့် တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် မရှိဘဲ နောင်ဖြစ်ပေါ်လာမည့် အစိုးရနှင့် လက်တွဲ၍ တိုင်းပြည်ကောင်းအောင် လုပ်ဆောင်မည်ဆိုသည့် စိတ်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 13 November 2015

ရွေးကောက်ပွဲ ရလဒ်ကြောင့်ဖြစ်စေ၊ အခြားတစ်ခုခုကြောင့်ဖြစ်စေ တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန်မရှိဘဲ နောင်ဖြစ်ပေါ်လာမည့် အစိုးရနှင့်လက်တွဲ၍ တိုင်းပြည်ကောင်းအောင်လုပ်ဆောင်မည်ဆိုသည့် စိတ်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးတို့အား နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ရာ ဂျပန်သံအမတ်နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "ရွေးကောက်ပွဲ ရလဒ်ကြောင့်ဖြစ်စေ၊ အခြားတစ်ခုခုကြောင့်ဖြစ်စေ တပ်မတော်အနေဖြင့် နောက်ကြောင်း ပြန်လှည့်ရန်မရှိဘဲ အနာဂတ်တွင် လက်ရှိသွားနေသည့် နိုင်ငံရေးလမ်းကြောင်း ခိုင်ခိုင်မာမာ ဖြစ်စေရန် လုပ်ဆောင်ရေး၊ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် အဖွဲ့များအား ပါဝင်လာစေပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရေးနှင့် တိုင်းပြည်တစ်ခုလုံး တည်ငြိမ်အေးချမ်းမှုရှိရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ရာတွင် တပ်မတော်မှလည်း ပူးပေါင်းပါဝင် လုပ်ဆောင်ရေးတို့အား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နောင်ဖြစ်ပေါ်လာမည့် အစိုးရနှင့်လက်တွဲ၍ တိုင်းပြည်ကောင်းအောင် လုပ်ဆောင်မည်ဆိုသည့် စိတ်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် လွတ်လပ်၍ မျှတသည့် အထွေထွေ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်မှုနှင့် ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲအပေါ် ထင်မြင်ယူဆချက်၊ သုံးသပ်ချက်များ၊ ရွေးကောက်ပွဲရလဒ်ပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒနှင့် ဆက်ဆံရေး အခြေအနေများ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Derek Mitchell နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါတီစုံ ဒီမိုကရေစီ စနစ်၏ ဒုတိယ သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲကြီးအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ရန်မှာ တပ်မတော်၏ ဆန္ဒပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တာဝန်ရှိသူများ၏ လုပ်ဆောင်ချက်များအပေါ် ပြည်တွင်းပြည်ပမှ သံသယရှိကောင်း ရှိနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့တာဝန်ယူ လုပ်ဆောင်ခဲ့သည့် သက်တမ်းတွင် တိုးတက်အောင်မြင်မှုကို ပြသရန် တာဝန်ရှိပြီး တပ်မတော် အနေဖြင့်လည်း ပြည်သူကို ကာကွယ်စောင့်ရှောက်မှု၊ ပြည်သူ့အကျိုးစီးပွား ဖော်ဆောင်မှုနှင့် တိုင်းပြည်၏ လုံခြုံမှု ဆောင်ရွက်ချက်များကို ဖော်ထုတ်ပြသရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် လုပ်ဆောင်ချက်များဖြင့် သက်သေပြရကြောင်း၊ လုပ်ဆောင်ချက် မှားယွင်းပါက မည်သို့မျှ လက်ခံမည် မဟုတ်ကြောင်း၊ ယခုရွေးကောက်ပွဲနှင့် ပတ်သက်၍ စတင်ဆောင်ရွက်ချိန်မှ ရွေးကောက်ပွဲ ကာလအထိ မိမိတို့အနေဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ပြီး သံသယကင်းပါကြောင်း စသည်တို့ကို ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်တို့၏ ဆွေးနွေးမှုတွင် အထွေထွေ ရွေးကောက်ပွဲ လွတ်လပ်မျှတစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်မှုနှင့် ပြည်တွင်း၊ ပြည်ပ စောင့်ကြည့်လေ့လာနိုင်မှု အခြေအနေများ၊ ဆန္ဒမဲရလဒ် အတည်ပြု ထုတ်ပြန်နိုင်မည့် အခြေအနေများ၊ ဆန္ဒမဲရလဒ်အား အတည်ပြုပြီး နောက်ပိုင်း ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်မှု အခြေအနေ၊ လက်ရှိအစိုးရလက်ထက် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မှုနှင့် ဆက်လက်လုပ်ဆောင်ရန်များ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေ၊ အမေရိကန် ပြည်ထောင်စုနှင့် လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးရလဒ် ထွက်ပေါ်လာနိုင်မှုတို့အား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent