ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများအား (၂၅) ကြိမ်မြောက် ရုံးထုတ်၊ အစာငတ်ခံ ဆန္ဒပြခြင်းကို ရပ်သင့်ချိန်တွင် ရပ်မည်ဖြစ်ပြီး လောလောဆယ်တွင် ရပ်ဖို့ မစဉ်းစားသေးကြောင်း ကိုအောင်မှိုင်းဆန်း ပြောကြား

ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများအား (၂၅) ကြိမ်မြောက် ရုံးထုတ်၊ အစာငတ်ခံ ဆန္ဒပြခြင်းကို ရပ်သင့်ချိန်တွင် ရပ်မည်ဖြစ်ပြီး လောလောဆယ်တွင် ရပ်ဖို့ မစဉ်းစားသေးကြောင်း ကိုအောင်မှိုင်းဆန်း ပြောကြား
Published 12 November 2015
ဉာဏ်ဝင်းရှိန်

ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများအား နိုဝင်ဘာ ၁၁ ရက်က သာယာဝတီမြို့နယ် တရားရုံးတွင် (၂၅) ကြိမ်မြောက် ရုံးထုတ်ခဲ့ရာ အစာငတ်ခံ ဆန္ဒပြခြင်းအား ရပ်သင့်ချိန်တွင် ရပ်မည်ဖြစ်ပြီး လောလောဆယ်တွင် ရပ်ဖို့ မစဉ်းစားသေးကြောင်း ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။ထိုနေ့ ရုံးချိန်းသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းလည်း လာရောက်ခဲ့ပြီး တရားစီရင်ရေးနှင့် ထောင်တွင်းအခြေအနေများအပေါ် ကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး အစိုးရ အနေဖြင့် တရားဥပဒေနှင့် မညီညွတ်ဘဲ ဖမ်းဆီးထားသည့် ကျောင်းသားများနှင့် ဝန်းရံသူများကို လက်ကျန်သက်တမ်းအတွင်း အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ဒေါ်ညိုညိုသင်းက “ဒီအမှုက ဘယ်လိုမှကို မစွဲသင့်တဲ့ ကိစ္စလေ။ မစွဲသင့်တဲ့ ကိစ္စကို အစိုးရက စွဲထားတယ်ဆိုတော့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ တည်ဆဲဥပဒေနဲ့အညီ ပြန်လွှတ်ပေးဖို့ အန်တီ ထပ်ကာထပ်ကာ တောင်းဆိုထားတယ်။ အခုလည်းထပ်ပြီး တောင်းဆိုခဲ့တယ်။ မကြာခင်တော့ အစိုးရက လွှတ်ပေးမယ်လို့ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာက အမှုစွဲထားတာကိုက သဘာ၀ ဘယ်လိုမှ မကျဘူးလေ။ ဥပဒေအရ လုပ်ထုံးလုပ်နည်းလည်း မကျဘူး။ လေးပွင့်ဆိုင် သဘောတူညီချက်ကို ချိုးဖောက်ထားတယ်ဆိုတဲ့ အစိုးရရဲ့ သမိုင်းကြောင်းလည်း မကောင်းဘဲဖြစ်မယ်။ ဒါကြောင့် ဒီအစိုးရ အနေနဲ့ ကျန်တဲ့ လက်ရှိ သက်တမ်းအတွင်းမှာ ကျနေတဲ့ နိုင်ငံရေး သိက္ခာကို အမြန်ဆုံး အဖတ်ဆယ်ဖို့ ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးရပါလိမ့်မယ်” ဟု ပြောကြားသည်။မမျှတသည့် တရားစီရင်ရေးအား ဆန့်ကျင်သည့် Anti Injustice Movement တံဆိပ် ရိုက်နှိပ်ထားသည့် တီရှပ်များအား ဝတ်ဆင်သည့် လှုပ်ရှားမှုကို ဖမ်းဆီးခံ ကျောင်းသားများက ယင်းနေ့ရုံးချိန်းတွင် ပြုလုပ်နေစဉ်
ဒီမိုကရေ စီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံသူများကို မတ် ၁၀ ရက်မှ စတင်ဖမ်းဆီး တရားစွဲဆိုထားခြင်းဖြစ်သည်။ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကော်မတီ၊ အစိုးရ၊ လွှတ်တော်နှင့် NNER တို့ ပြုလုပ်ခဲ့သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် သဘောတူညီထားသည့် သပိတ်နှင့် ပတ်သက်ပြီး ဖမ်းဆီးအရေးယူခြင်း မပြုရဆိုသည့် ကတိကဝတ်အား အစိုးရမှ ချိုးဖောက်ဖမ်းဆီးထားခြင်းဖြစ်ကာ ရှစ်လကျော်ကြာ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။ထိုနေ့ ရုံးချိန်းတွင် အစာငတ်ခံ ဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်း အပါအဝင် ခုနစ်ဦးကိုလည်း ရုံးထုတ်ခဲ့ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ အားအင်ကုန်ခန်းနေသည့် လက္ခဏာရပ် ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။နိုဝင်ဘာ ၁၁ ရက်က ရုံးထုတ်ချိန်တွင် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြသည့် ကိုအောင်မှိုင်းဆန်းအား မိသားစုဝင် တချို့နှင့် တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
အစာငတ်ခံ ဆန္ဒပြမှုကြောင့် သီးသန့်စီ တိုက်ပိတ်ထားခံရသည့် ကျောင်းသားများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အရာရှိလည်း လာရောက်ခဲ့ပြီး အစာငတ်ခံ ဆန္ဒပြနေသည့် သူများအား ရှေ့နေများနှင့်အတူ အကျဉ်းထောင်အတွင်း ဝင်ရောက်စစ်ဆေးခွင့် ပြုရန်အတွက် ခရိုင်တရားသူကြီးအား တင်ပြခဲ့ပြီး ခရိုင်တရားသူကြီးမှ တိုင်းတရားလွှတ်တော်သို့ တင်ပြထားပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ကြောင်း သိရသည်။တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ကျွန်တော် လူ့အခွင့်အရေး တစ်ရပ်အနေနဲ့ တရားရုံးကို တင်ပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြနေတဲ့ သူတွေအပေါ် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ဖူးတဲ့ အစဉ်အလာရှိတဲ့ သာယာဝတီထောင်ထဲကို ဝင်ရောက်စစ်ဆေးခွင့်ပြုဖို့ တင်ပြထားတယ်။ အဲဒီလို ဝင်ရောက်စစ်ဆေးတဲ့ နေရာမှာ စွပ်စွဲခံထားရတဲ့သူတွေဘက်က ရှေ့နေတစ်ဦး သို့မဟုတ် နှစ်ဦးကို တစ်ခါတည်းခေါ်ပြီးကြည့်ရှုခွင့်ပေးဖို့ကို ခရိုင်တရားသူကြီးဆီ တင်ပြထားတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်လည်း လိုက်ပါလာပါတယ်။ ခရိုင် တရားသူကြီးကလည်း ဒီကနေ့ပဲ တိုင်းတရားရုံးကို တင်ပြပြီး ဆောင်ရွက်ပေးပါမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။ဖမ်းဆီးခံ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် ယင်းနေ့ရုံးချိန်း၌ တရားရုံး အပြင်တွင် တောင်းဆိုနေသူများအား တွေ့ရစဉ်
ထိုသို့ အစာငတ်ခံ ဆန္ဒပြနေသည့် ကျောင်းသားများမှာ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမျိုးမြတ်စံ၊ ကိုမာနော်၊ ကိုဖြိုးဓန၊ ကိုဆွေလင်းထွန်းနှင့် ကိုကျော်စွာလင်းတို့ဖြစ်ပြီး ကိုအောင်မှိုင်းဆန်းမှာ နိုဝင်ဘာ ၂၃ ရက်မှ စတင်အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်ကြာမြင့်ပြီ ဖြစ်သော်လည်း ထိုသို့ အစာငတ်ခံ ဆန္ဒပြမှုကို ရပ်နားသွားမည် မဟုတ်သေးဘဲ ဆက်လက် လုပ်ဆောင်နေမည် ဖြစ်သည်ဟု ကိုအောင်မှိုင်းဆန်းက ရုံးထုတ်စဉ် ပြောကြားသည်။ကိုအောင်မှိုင်းဆန်းက “ကျွန်တော့် ကျန်းမာရေး အနေအထားကစပြီး အစာငတ်ခံ ဆန္ဒပြကာစကတော့ သွေးပေါင်ချိန်၊ သကြားဓာတ်က အတက်အကျ မြန်တယ်။ အခုတော့ တန့်နေပါပြီ။ အခုဆိုရင် သွေးပေါင်ချိန်က ၁၀၀ နဲ့ ၁၂၀ ကြားမှာ ရှိပါတယ်။ နေရထိုင်ရတာ သိပ်အဆိုးကြီး မဖြစ်သေးပါဘူး။ နည်းနည်း မောလာတာတော့ ရှိတယ်။ ကျွန်တော့်အနေနဲ့ ရပ်ဖို့သင့်တယ်ဆိုတဲ့ အချိန်ကျရင်တော့ ရပ်မယ်။ လောလောဆယ်တော့ ရပ်ဖို့ မစဉ်းစားသေးဘူး” ဟု ပြောကြားသည်။ထိုနေ့ ရုံးချိန်းတွင် လက်ပံတန်းသပိတ် ဖြိုခွင်းခံရမှု ရှစ်လပြည့် အခမ်းအနားအား ပြုလုပ်ခဲ့ကြပြီး မမျှတသည့် တရားစီရင်ရေးအား ဆန့်ကျင်သည့် Anti Injustice Movement တံဆိပ် ရိုက်နှိပ်ထားသည့် တီရှပ်များကို ဝတ်ဆင်ခဲ့ကြသည်။ ထို့အပြင် ၈၈ ငြိမ်းပွင့်မှ ကိုမြအေးလည်း ရုံးချိန်းသို့ လာရောက်ကာ ကိုအောင်မှိုင်းဆန်း အပါအဝင် ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ဝန်းရံသူ စုစုပေါင်း ၇၀ အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅ (ခ)တို့ဖြင့် ဖမ်းဆီး အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

Most Read

Most Recent