ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများအနက် သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် ဝင်ပြိုင်မည့် မအူပင်မြို့နယ်မှာ အဆိုးရွားဆုံးမြို့နယ် ဖြစ်နေ

ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများအနက် သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် ဝင်ပြိုင်မည့် မအူပင်မြို့နယ်မှာ အဆိုးရွားဆုံးမြို့နယ် ဖြစ်နေ
Published 2 November 2015
သတင်းအယ်ဒီတာအဖွဲ့

ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုများအနက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် ဝင်ပြိုင်မည့် မအူပင်မြို့နယ်မှာ အဆိုးရွားဆုံးမြို့နယ် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ကိုယ်စားလှယ်လောင်းအဖြစ် ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်မည်ဖြစ်ပြီး ၎င်းကိုယ်တိုင်က နိုင်ငံသားဖြစ်မှု အတွက် တိုင်ကြားခံရခြင်း အပါအဝင် မအူပင်မြို့နယ်၌ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု ၁၅ ခုထက် မနည်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
 
ဦးသိန်းညွန့်၏ မိဘများ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု
မအူပင်မြို့နယ်၌ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများအနက် သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်၏ မိဘများ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုက မေးခွန်းထုတ်စရာအဖြစ် ရှိနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်တွင်  ဦးသိန်းညွန့်၏ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း ဖြစ်သူ ဦးစိန်ဝင်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မအူပင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) က မအူပင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့ပါသည်။
အဆိုပါ တိုင်ကြားစာမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည့် ဦးသိန်းညွန့်မှာ တရုတ်လူမျိုး မိဘနှစ်ပါးမှ မွေးဖွားလာသူဖြစ်ပြီး ဦးသိန်းညွန့်အား မွေးဖွားချိန်တွင် မိဘနှစ်ပါးစလုံး နိုင်ငံသားအဖြစ် မရရှိသေးကြောင်း၊ ဦးသိန်းညွန့်၏ မိဘနှစ်ပါးမှာ ဦးအုံဝှက်နှင့် ဒေါ်ဂျင်းယင်တို့ဖြစ်ပြီး ဖခင်ဦးအုံဝှက်သည် ၁၉၅၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် အတွက် ကွယ်လွန်ချိန်အထိ နိုင်ငံသားအဖြစ် မရရှိသေးကြောင်း တွေ့ရှိချက်ကို အခြေပြု၍ ဦးစိန်ဝင်းက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဦးစိန်ဝင်း၏ တွေ့ရှိချက်အရ ဦးသိန်းညွန့်သည် ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီမှုမရှိဘဲ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) နှင့် ငြိစွန်းသူ ဖြစ်ခဲ့ပါသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (င) ၌ ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်ရှိသူသည် “မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသား” ကို ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၂ ၌ “ရွေးကောက် တင်မြှောက်ခံရသူ တစ်ဦးသည် ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တိုင်ကြားချက်ရရှိလျှင် ကော်မရှင်သည် ယင်းတိုင်ကြားချက်ကို ရွေးကောက်ပွဲခုံ အဖွဲ့ဖွဲ့၍ ဆက်လက် ရပ်တည်ပိုင်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်စေနိုင်သည်” ဟု ဆက်လက်ပြဋ္ဌာန်း ခဲ့ပါသည်။
ဦးသိန်းညွန့်နှင့် ပတ်သက်ပြီး ဦးစိန်ဝင်းက တိုင်ကြားခဲ့သော်လည်း အဆိုပါ တိုင်ကြားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးပြီးနောက် ပယ်ချခဲ့ပါသည်။
ပယ်ချက်ရသည့် အကြောင်းရင်းများထဲတွင် ကိုယ်စားလှယ်လောင်း စိစစ်သည့်နေ့ရက် ကျော်လွန်ပြီးမှ တိုင်ကြားကန့်ကွက်ချက် ပေးခဲ့ခြင်း၊ ဦးသိန်းညွန့်သည် ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်သောကြောင့် ၎င်း၏မိဘများသည် ၁၉၄၇ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခြင်း တို့ကြောင့် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က အောက်တိုဘာလအတွင်း ပြောကြားသည်။
“၁၉၄၇ မှာ နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ ဥပဒေမရှိဘူး။ ၁၉၅၆ ခုနှစ်ပဲ နိုင်ငံသားဖြစ်မှု ရှိတယ်။ လွတ်လပ်ရေး ရပြီးကာလ အချိန်မှာ ဘယ်နိုင်ငံသားပြုမှုမှ မရှိဘူး။ ၁၉၄၇ မှာ လွတ်လပ်ရေးရတယ်။ ၁၉၄၈ မှာ သူမွေးတယ်။ နိုင်ငံသား ဖြစ်ခွင့်ရလည်း အများဆုံးက ၁၉၅၆။ အဲဒီတစ်ချက် မှားတယ်ထားဦး။ နိုင်ငံသားပြုခွင့်ရတယ် ဆိုရင်တော့ နိုင်ငံသား ပြုခွင့်ရတဲ့ အထောက်အထား ရှိနေရမယ်။ အခုမပြနိုင်ဘူး။ အန်ကယ့်ဆီကို တိုင်းကော်မရှင်က ပို့တဲ့စာမှာ ရေးထားတာက “ယှဉ်ပြိုင် ရွေးကောက်ခံသည့် ကိုယ်စားလှယ်တစ်ဦးက လုံလောက်သော အထောက်အထားများ တင်ပြရန် သတ်မှတ်ထားသည့်အတိုင်း ကန့်ကွက်ခြင်း မဟုတ်သဖြင့် အရေးယူ ဆောင်ရွက်ပေးရန် မရှိပါ” လို့ရေးထားတယ်။ သူတို့ ရေးထားတာက အန်ကယ်က သတ်မှတ်ထားတဲ့ အထောက်အထားတွေ မတင်ပြနိုင်လို့ အရေးမယူတာ။ ဦးသိန်းညွန့်မှာ အပြစ်မရှိလို့ မဟုတ်ဘူး” ဟု NLD ပါတီ၏ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ပြောကြားပါသည်။
 
ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု
မဲဆွယ်စည်းရုံးရေး ကာလအတွင်း ရွေးကောက်ပွဲဝင် ပါတီကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုမှာလည်း မအူပင်မြို့နယ်တွင် ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ဖျက်ဆီးခံရမှု၌ NLD ပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်များသာ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ပါသည်။
အနီးစပ်ဆုံး ဥပမာအဖြစ် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက မအူပင်မြို့နယ် ညောင်ပင်ဂရက် ကျေးရွာအုပ်စု၊ ညောင်ပင်ဂရက် ကျေးရွာတွင် NLD ပါတီ ကိုယ်စားလှယ် လောင်းများ၏ ဗီနိုင်းနှင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပုံတို့အား ဖျက်ဆီးမှုရှိခဲ့ပြီး အင်းမအုပ်စု တာပါတ်ကျေးရွာအဝင် လမ်းထိပ်အနီးတွင် စိုက်ထူထားသော NLD ပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်များလည်း ဖျက်ဆီးခံခဲ့ရသည်။
ထိုသို့ ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုကို NLD ပါတီ ကိုယ်စားလှယ်လောင်းများက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သော်လည်း ထူးခြားမှု မရှိသေးကြောင်း သိရသည်။
မဲဆွယ်စည်းရုံးရေး ကာလအတွင်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ ကြော်ငြာဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုသည် ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာ ရောက်သည့်အပြင် ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုများ သတ်မှတ်ချက်နှင့်လည်း ငြိစွန်းနေပါသည်။
မအူပင်မြို့နယ်အတွင်း NLD မဲဆွယ် ဆိုင်းဘုတ်များ ဖျက်ဆီးခံရချိန်တွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ဆိုင်းဘုတ်များက လိုက်နာရမည့် စည်းကမ်းများကို ချိုးဖောက်ပြီး စိုက်ထူခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ထိုကိစ္စရပ်ကိုလည်း မအူပင်မြို့နယ် NLD ပါတီက အောက်တိုဘာ ၁၅ ရက်တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့ပါသည်။
တိုင်ကြားရသည့် အကြောင်းမှာ မအူပင်မြို့နယ်တွင် ဝင်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း လေးဦးပုံ ပါဝင်သည့် မဲဆွယ်ဆိုင်းဘုတ်အား မအူပင်မြို့နယ် အခြံကျေးရွာအုပ်စု သာယာဝဲကျေးရွာအဝင် ရေဆိပ်ရှိ အများပြည်သူ သွားလာနေသည့် လမ်းမအပေါ် တည့်တည့်၌ စိုက်ထူထားကာ ထိုသို့ စိုက်ထူထားခြင်းသည် သတ်မှတ်ထားသည့် စည်းကမ်းများကို ချိုးဖောက်ထားသဖြင့် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက်က လက်ပံကုန်းကျေးရွာတွင် ဦးသိန်းညွန့်နှင့် ဒေသခံများအား တွေ့ရစဉ်
 
ရွှေ့ပြောင်းလုပ်သားများကို မဲစာရင်းထည့်ခြင်း
မဲဆန္ဒနယ်တွင် နေထိုင်ခြင်း မရှိသော ရွှေ့ပြောင်းလုပ်သားများကို သတ်မှတ်ချက်နှင့် ကိုက်ညီခြင်းမရှိဘဲ မဲစာရင်း၌ ထည့်သွင်းရန် ကြိုးပမ်းမှုမှာလည်း မအူပင်မြို့နယ်၌ ပေါ်ပေါက်ခဲ့သည်။
အောက်တိုဘာ လဆန်းပိုင်းက မအူပင်မြို့နယ်၊ ထနီးကျေးရွာတွင် အမှန်တကယ် နေထိုင်ခြင်း မရှိသော လုပ်သား ၄၀၀ ခန့်ကို ထနီးကျေးရွာ မဲစာရင်း၌ ထည့်သွင်းပေးရန် လျှောက်ထားမှု ရှိခဲ့ပြီး NLD ပါတီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြကန့်ကွက် ခဲ့ရသည်။ အဆိုပါ လုပ်သားများမှာ ဝါဝါ၀င်း ကုမ္ပဏီမှ လုပ်သားများ ဖြစ်ကြပြီး ၎င်းတို့သည် ထနီးကျေးရွာတွင် နေထိုင်ခြင်းမရှိဘဲ ထနီးကျေးရွာနှင့် နယ်မြေချင်း နီးစပ်သည့် ညောင်တုန်းမြို့နယ် အတွင်း နေထိုင်ကြသူများ ဖြစ်ကြသည်။
ထို့အတူ ဝါဝါ၀င်းကုမ္ပဏီမှ လုပ်သား ၂၇၂ ဦးကို ထနီးကျေးရွာအုပ်စု၊ အလန်းကျေးရွာ မဲရုံအမှတ် ၁၁ စာရင်းတွင် ထပ်မံဖြည့်စွက် ဖော်ပြထားကြောင်း တွေ့ရှိချက်တစ်ခုလည်း ပေါ်ပေါက်ခဲ့ပါသည်။
ထိုကိစ္စအတွက် ထနီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က အကြောင်းပြရာ၌ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တိုင်ကြားခဲ့သည်ဆိုသော ဧည့်စာရင်းမိတ္တူစာရွက်ကို ပြခဲ့သော်လည်း ထိုစာရွက်တွင် ရက်စွဲပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့အတွက် ယင်းကိစ္စကို အရေးယူ ဆောင်ရွက်နိုင်ရန် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက အောက်တိုဘာ ၃၁ ရက်တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
ဝါဝါ၀င်း ကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်များအတွင်း မြေသိမ်းဆည်းမှုများနှင့် ပတ်သက် ပြီး မြေသိမ်းခံများ၊ လယ်သမားများနှင့် အငြင်းပွားမှု၊ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ခဲ့သော ကုမ္ပဏီများအနက် တစ်ခုဖြစ်ကာ ဧရာဝတီတိုင်း မအူပင်၊ ညောင်တုန်းနှင့် ထိစပ်သော ကျေးရွာများမှ လယ်မြေများကို ၁၉၉၆ ခုနှစ်က ပြုလုပ်သည့် ရေနက်ကွင်း ဖော်ထုတ်မှုစီမံကိန်း အကြောင်းပြချက်ဖြင့် သိမ်းယူခဲ့သော ကုမ္ပဏီများထဲတွင် ဝါဝါ၀င်းကုမ္ပဏီလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း လယ်ယာမြေအရေး ကူညီဆောင်ရွက်ပေးသူများက ပြောကြားထားပါသည်။
အဆိုပါ ပြောဆိုမှုများ ရှိနေချိန်မှာပင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက လှိုင်သာယာမြို့နယ်အတွင်းရှိ ဝါဝါ၀င်း ကုမ္ပဏီပိုင်မြေနှင့် မြစိမ်းရောင်အိမ်ရာ စီမံကိန်းမြေ နေရာများတွင် နေထိုင်နေသော ကျူးကျော်တဲ ၂၀၀၀ ကျော်ကို ဖယ်ရှားရာ၌ လူမိုက်များ ပါဝင်သော လူ ၃၀၀ ခန့်ကို ဝါဝါ၀င်းကုမ္ပဏီက ငှားရမ်းပြီး အကြမ်းဖက် ဖြိုခွင်းခဲ့သည် ဆိုသော သတင်းများ ရှိခဲ့သည်။
၂၀၁၄ ခုနှစ်မှာပင် လှိုင်သာယာမြို့နယ် အတွင်းရှိ အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်အထည် ဖော်ရာ၌ ၁၉၈၉ ခုနှစ်က သိမ်းယူခံခဲ့ရသော လယ်ယာမြေများနှင့် ပတ်သက်ပြီး ဝါဝါ၀င်းကုမ္ပဏီနှင့် လယ်မြေသိမ်းဆည်းခံ များအကြား ထိပ်တိုက်တွေ့ဆုံမှု ရှိခဲ့ခြင်း ဖြစ်သည်။ 
၂၀၁၃ ခုနှစ် အတွင်းကလည်း ဗိုလ်တထောင်မြို့နယ် အတွင်းရှိ BOD၊ COD ဝင်းများအတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ဆန္ဒပြခံရသည့် ကုမ္ပဏီများထဲတွင် ဝါဝါ၀င်းကုမ္ပဏီ ပါဝင်ခဲ့သည်။ ဆန္ဒပြခဲ့သူများ၏ အဆိုအရ ၎င်းတို့ပိုင်ဆိုင်သော နှစ် ၉၀ ဂရမ်မြေများကို ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနများက ငွေကြေးဖြင့် ငှားရမ်းခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ် ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံကိန်းများ ပြုလုပ်ရန် မူလမြေပိုင်ရှင်များနှင့် ညှိနှိုင်းခြင်း၊ လျော်ကြေးပေးမှုမရှိဘဲ သိမ်းယူခဲ့ပြီး ယုဇနဆောက်လုပ်ရေး ကုမ္ပဏီအပါအဝင် ဝါဝါ၀င်း၊ ဧဒင်နှင့် ပတ္တမြားနဂါး အစရှိသော ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။
သို့သော်အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန တို့အကြား လုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်မှာ ၂၀၀၉ ခုနှစ်တွင် ကုန်ဆုံးခဲ့ပြီး ဖြစ်သော်လည်း ယုဇနနှင့် ဝါဝါ၀င်း ကုမ္ပဏီတို့မှာ စာချုပ်ပြန်လည် ချုပ်ဆိုခြင်း မရှိဘဲ တရားမဝင် ဆက်လက် တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်ဟု ထိုအချိန်က ဆန္ဒပြသူများ၏ ပြောကြားချက်အရ သိရှိရသည်။
ထိုဖြစ်စဉ်များနှင့်အတူ ယခင်အစိုးရ လက်ထက် သိမ်းယူခဲ့သော လယ်မြေများတွင် လုပ်ပိုင်ခွင့်များ ရရှိခဲ့သည့် ဝါဝါ၀င်း ကုမ္ပဏီက ယခင်အစိုးရ လက်ထက်ကတည်းက ဝန်ကြီးဖြစ်ခဲ့သော သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် ဝင်ပြိုင်မည့် မအူပင် မဲဆန္ဒနယ်တွင် အဆိုပါ ကုမ္ပဏီမှ လုပ်သားများ မဲစာရင်း ထည့်သွင်းခဲ့ခြင်းက သံသယဖြစ်ဖွယ် အချက်တစ်ခု ဖြစ်နေပါသည်။
 
ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြုမဲဆွယ်
မအူပင်မြို့နယ်၌ ဦးသိန်းညွန့်က ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြုပြီး မဲဆွယ်နေခြင်း များမှာလည်း မေးခွန်းထုတ်စရာများ ရှိနေပါသည်။
အထူးသဖြင့် မအူပင်မြို့နယ် အတွင်းရှိ ကျေးရွာ အချို့တွင် ကျေးလက်ဒေသ မီးလင်းရေးကို အကြောင်းပြု၍ ဦးသိန်းညွန့်ကို မဲထည့်ရန် ပြောဆိုမှုများ ရှိနေကြောင်း သိရပါသည်။
ဥပမာအနေဖြင့် ထနီးကျေးရွာအုပ်စု၊ ကတုံးကျေးရွာတွင် လျှပ်စစ်မီး ရရှိရန်အတွက် ကျေးလက်ဒေသ မီးပေးရေး ကော်မတီအား ဒေသခံများက တစ်အိမ်ငွေကျပ် ၅၅၀၀၀၀ ပေးခဲ့ရသော်လည်း မီးပေးရေး အလှူရှင် အမည်ကို ဦးသိန်းညွန့်ဟု အမည်တပ်ခဲ့ပြီး ထိုသို့ မီးရရှိရေး ဆောင်ရွက်ခဲ့ခြင်း အတွက် ဦးသိန်းညွန့်အား မဲပေးရမည်ဟု ပြောဆိုမှုများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။
မအူပင်မြို့မှ အဆိုပါ ကျေးရွာများသို့ သွားရောက်သည့် လမ်းတလျှောက်ရှိ ဓာတ်တိုင်များတွင် “ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့် ဦးဆောင်၍ နေပြည်တော် စည်ပင်သာယာရေး ဘဏ်လီမိတက်မှ လှူဒါန်းပါသည်” ဆိုသော ဆိုင်းဘုတ်ငယ်များ ကပ်ထားပြီး ထိုလုပ်ဆောင်ချက်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်နှင့် တိုက်ဆိုင်စွာ ထွက်ပေါ်ခဲ့သဖြင့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်ရာ ရောက်နေပါသည်။
အောက်တိုဘာ ၁၇ ရက်လည်း မအူပင်မြို့နယ်၊ မီးသွေးချောင်း ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာသို့ ဦးသိန်းညွန့် သွားရောက် မဲဆွယ်ခဲ့ပြီး တံခွန်တိုင်ကျေးရွာရှိ မူလတန်းကျောင်းကို ရက်ပိုင်းအတွင်း အလယ်တန်း ကျောင်းခွဲအဖြစ် ဆိုင်းဘုတ်တပ်ခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ပုံမှန်အားဖြင့် မူလတန်းကျောင်းကို ရက်ပိုင်းအတွင်း အလယ်တန်းကျောင်းခွဲ အဖြစ် ဆိုင်းဘုတ်တပ် ပြောင်းလဲခြင်းမှာ လွယ်ကူသော ကိစ္စရပ် မဟုတ်ဘဲ မအူပင်မြို့နယ် ပညာရေးမှူးရုံးကလည်း အဆိုပါ မူလတန်းကျောင်းကို အလယ်တန်း ကျောင်းခွဲအဖြစ် အဆင့်မြှင့်တင်ရန် မပြုလုပ်ရသေးသဖြင့် ထိုလုပ်ရပ်ကလည်း ဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
 
အစိုးရဌာနပိုင်ယာဉ်များ အသုံးပြုမဲဆွယ်ခြင်း
မအူပင်မြို့နယ်၌ ဖြစ်ပေါ်ခဲ့သော ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများအနက် အဆိုးဝါးဆုံးမှာ အစိုးရဋ္ဌာနပိုင် ယာဉ်များကို အသုံးပြုပြီး ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အောက်တိုဘာ ၂၀ ရက်က မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ အင်အားပြ လှည့်လည်ပွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တံဆိပ်ကပ်ထားသော ယာဉ်များ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံဆိပ်များ တပ်ဆင်ထားသော ယာဉ်များကို ထည့်သွင်း အသုံးပြုခဲ့ခြင်းမှာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ ဌာနဆိုင်ရာ ယာဉ်များကို အသုံးပြုရာ၌ တံဆိပ်များပေါ်တွင် စတစ်ကာ အဝါများကပ်၍ ဖျောက်ဖျက် ခဲ့သော်လည်း စတေကာ အရောင်များမှာ မှိန်နေသဖြင့် ဌာနဆိုင်ရာ တံဆိပ်များ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည့်အတွက် ထိုလုပ်ရပ်သည် ရွေးကောက်ပွဲဥပဒေကို သိလျက်နှင့်ပင် ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ထိုကိစ္စရပ်ကိုလည်း မအူပင်မြို့နယ် NLD က အောက်တိုဘာ ၂၆ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (ဌ) တွင် နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ရယူ သုံးစွဲသည့် အဖွဲ့အစည်းဝင် ဖြစ်သူသည် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း ဖော်ပြထားသည်။
 
တားဆီးခြိမ်းခြောက်ခြင်းနှင့် ရိုက်နှက်ခြင်း
ရွေးကောက်ပွဲဥပဒေကို ဖောက်ဖျက်နေသည့် တားဆီးခြိမ်းခြောက်မှုနှင့် ကိုယ်ထိ လက်ရောက် ရိုက်နှက်မှု များမှာလည်း မအူပင်မြို့နယ်၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ကိစ္စရပ်အတွက် ထင်ရှားသော ဖြစ်စဉ်နှစ်ခုမှာ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက မအူပင်မြို့နယ် ရေလဲကလေး ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးနှင့် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးစိန်လှိုင်က NLD ပါတီ အောင်နိုင်ရေးဥက္ကဋ္ဌ ဒေါက်တာ သန့်ဇင်လတ်အား “မင်းလားကွ NLD” ဟု မေးကာ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၂၃ ရက်က မအူပင်မြို့နယ် သားငါးဈေးအတွင်း NLD ပါတီ အပါအဝင် အခြားပါတီအလံများ မထောင်ရန်၊ မဲဆွယ်စည်းရုံးမှုများ မလုပ်ရန်၊ စတစ်ကာများ မကပ်ရန် ဈေးသူဈေးသားများအား စည်ပင်မှခေါ်ယူ တားမြစ် လက်မှတ်ရေးထိုး ခိုင်းသည့် ဖြစ်စဉ်တို့ ဖြစ်ပါသည်။
ဒေါက်တာသန့်ဇင်လတ်၏ ဖြစ်စဉ်၌ အခင်းဖြစ်ပွားပြီးနောက် ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်လက်ခံ ဆောင်ရွက်ပေးခဲ့ခြင်း မရှိဘဲ နောက်တစ်နေ့ ရောက်ရှိမှသာ လက်ခံခဲ့ပါသည်။
ရွေးကောက်ပွဲ ဥပဒေများအရ “မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းများ မပြုလုပ်ရန်” တားမြစ်ထားပြီး အဆိုပါ တားမြစ်ချက်ကို ချိုးဖောက်သည် ဆိုပါက ထောင်တစ်နှစ် ဖြစ်စေ၊ ငွေကျပ် တစ်သိန်းဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမည်ဟု ဖော်ပြထားသည်။
 
ဦးသိန်းညွန့် ဘယ်သူလဲ
သမ္မတရုံးဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မအူပင်မြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ် ဝင်ပြိုင်ပြီး ထည့်ဝင်မဲ ၁၁၁၉၀၉ မဲ၊ ကြိုတင်မဲ ၁၁၉၁၅ မဲတို့ဖြင့် အနိုင်ယူခဲ့သူ ဖြစ်ပါသည်။
ဦးသိန်းညွန့်သည် ၁၉၉၇ ခုနှစ်မှ ၂၀၁၁ ခု နှစ်အထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဋ္ဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သဖြင့် ၁၈ နှစ်ကြာ သက်တမ်းအရှည်ကြာဆုံး တာဝန်ပေးခြင်း ခံရသည့် ဝန်ကြီးတစ်ဦး ဖြစ်ပါသည်။
ထို့အပြင် ဦးသိန်းညွန့်သည် ၂၀၀၄ ခုနှစ်မှ စတင်ပြီး နေပြည်တော် တည်ဆောက်ရေး၌ တာဝန်ရှိခဲ့သူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အစိုးရဝန်ကြီးဌာနများ နေပြည်တော်သို့ တရားဝင် ပြောင်းရွှေ့ပြီးချိန်တွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဦးသိန်းညွန့်ကို မြို့တော်ဝန်အဖြစ် တာဝန်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ၌ နေပြည်တော် စည်ပင်သာယာရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် နေပြည်တော် တည်ဆောက်ရေး လုပ်ပိုင်ခွင့်များ ဦးသိန်းညွန့်က တရားဝင် ရရှိခဲ့သည်။
နေပြည်တော် တည်ဆောက်ရေးသည် တိုင်းပြည်၏ ဘဏ္ဍာငွေ အမြောက်အမြားကို သုံးစွဲပြီး တည်ဆောက် ခဲ့ခြင်းဖြစ်ကာ အဆိုပါ တည်ဆောက်မှုတွင် ဆောက်လုပ်ရေး ကုမ္ပဏီများအကြား မသမာမှုများ အများဆုံး ရှိခဲ့ကြောင်း သတင်းများ ရှိခဲ့သည်။
ထိုကဲ့သို့ သတင်းများ ရှိနေချိန်၌ နေပြည်တော် တည်ဆောက်ရေးတွင် တာဝန်ရှိသူသာမက သက်တမ်း အရှည်ဆုံး ဝန်ကြီးဖြစ်သော ဦးသိန်းညွန့်ကလည်း ၎င်း၏ ပိုင်ဆိုင်မှုများကို လက်ရှိအချိန်ထိ ထုတ်ဖော် ရှင်းလင်းထားခြင်း မရှိကြောင်း သိရသည်။
မအူပင် မဲဆန္ဒနယ်တွင် ဦးသိန်းညွန့်နှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖြစ် အမျိုးသား လွှတ်တော် အတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးရန်ဝင်းမှာ အေဝမ်း ဆောက်လုပ်ရေး ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပြီး အေဝမ်း ကုမ္ပဏီမှာလည်း နေပြည်တော် တည်ဆောက်ရေး၌ အကျိုးအမြတ်များစွာ ရရှိခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း သတင်းများ ရှိပါသည်။
 

Most Read

Most Recent