သီတင်းကျွတ်လပြည့်၏ အမှောင်ည

သီတင်းကျွတ်လပြည့်၏ အမှောင်ည
Published 1 November 2015
တက္ကသိုလ်မိုးဝါ

(၁) ‘စစ္စတမ်ဒေါင်း’ အမည်ရှိ ဆောင်းပါး တစ်ပုဒ်ကို ၂၇-၈-၂၀၁၅ နေ့ထုတ် The Daily Eleven တွင် ရေးခဲ့ပြီး ဖြစ်သည်။ ယင်းနောက် ၁၇ စက်တင်ဘာတွင် 2 3 0 KV မဟာဓာတ်အားလိုင်း၏ တာဝါတိုင် ၅ တိုင် လေပြင်း တိုက်ခတ်မှုကြောင့် ကျိုးပျက်ပြိုလဲ၍ စစ္စတမ်ဘရိတ်ဒေါင်း (System Break down) ဖြစ်ခဲ့သည်။
အောက်တိုဘာ ၉ တွင် ရန်ကုန်ရှိ စာရေးသူတို့ အရပ်ဒေသ ညဘက် လေးနာရီကြာ မီးပြတ်တောက်ခဲ့ပြီး (ပြတ်တောက်သည့် အကြောင်းရင်းကို သေချာမသိခဲ့) အောက်တိုဘာ ၂၆၊ ၂၇ ရက်နှင့် ညတွင် စုစုပေါင်း နာရီ ၃၀ ကြာ မြေအောက် ကေဘယ်လ်ဖော့လ်ထ်  (Cable Fault) ကြောင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြန်သည်။  သက်ဆိုင်ရာတို့ မြေအောက်ကြိုးများ မည်သည့်နေရာ၌ အပြစ်ဖြစ်နေသည်ကို မည်သို့သော နည်းပညာသုံး၍ မည်သို့ရှာဖွေသည်ကို မသိရသော်လည်း ရှေးရှေးက မြှုပ်နှံထားခဲ့သည့် မြေအောက်ကြိုးများ ထမ်းနိုင်သော ဝန်ပမာဏသည် ယခုလက်ရှိ အဆမတန် တိုးပွားလာသော ဝန်ပမာဏထက် များစွာ နည်းပါးနေမည်မှာ သေချာသည်။  မနိုင်ဝန်ကို တာရှည်ထမ်းရသဖြင့် မြေအောက်ကြိုးများ အပူလွန်ကဲလျက်၊ လျှပ်တား (Insulation) များ ယိုယွင်းကာ မကြာခဏအပြစ်ဖြစ် နေခြင်း ဖြစ်သည်။
ပြီးတော့ 2 3 0 KV တာဝါတိုင်များ ကျိုးပျက်ပြိုလဲခြင်း ကိစ္စ။ ယခင်က ဘီလူးချောင်း (လောပိတ) ရေအားလျှပ်စစ် စက်ရုံအမှတ် ၂ စတင် ဖွင့်လှစ်သည့် ၁၉၆၀ ပြည့်နှစ်က စာရေးသူနှင့် အတူ ကျောင်းနေဖက် အင်ဂျင်နီယာ ကျောင်းသား သူငယ်ချင်းများ ယင်းစက်ရုံသစ် ဖွင့်ပွဲသို့ လက်တွေ့ကွင်းဆင်း လေ့လာရန် တက်ရောက်ခဲ့ဖူးသည်။ ရေအား လျှပ်စစ်စက်ရုံသည် အလွန်နက်စောက်သော တောင်ခြေတွင် တည်ရှိပြီး စာရေးသူတို့က တောင်ပေါ်ရှိ အသစ် ဆောက်လုပ်ထားသော ပျဉ်အိမ်တစ်လုံးတွင် တစ်လခန့် နေထိုင်ခွင့် ရခဲ့ကြသည်။ အဓိက ပြောလိုသည်မှာ တာဝါတိုင်ကိစ္စ။ ဘီလူးချောင်း စက်ရုံနှင့် ရန်ကုန်အကွာအဝေးမှာ မိုင် ၂၃၀ ခန့် ရှိသဖြင့် ထိုစဉ်က သတ်မှတ်ချက်အရ အကွာအဝေး တစ်မိုင်လျှင် တစ်ကီလို ဗို့နှုန်းဖြင့် တွက်ချက်ရသောကြောင့် ကီလိုဗို့ ၂၃၀ ရှိ ဗို့အားဖြင့် ပို့လွှတ်လိုင်းများမှ တစ်ဆင့် သာစည် ဓာတ်အားခွဲရုံမှ ဖြတ်၍ ရန်ကုန်သို့ ဓာတ်အားရောက်ရှိ ဖြန့်ဖြူးခြင်း ဖြစ်သည်ဟု မှတ်သားခဲ့ဖူးသည်။ (အမှတ်သညာ လွဲမှားခဲ့ပါကလည်း ပြင်ပေးကြပါရန်)။ တည်ဆောက်ထားသည့် တာဝါတိုင်များကိုလည်း မော်တော်ယာဉ် တစ်စီးဖြင့် လမ်းတစ်လျှောက် လိုက်ကြည့်ခဲ့ဖူးသည်။ မြင့်မား ခန့်ညားပြီး ခိုင်ခံ့လှသော ဤမျှော်စင်တို့ တစ်ခါဖူးမျှ လေပြင်းကြောင့် ပြိုလဲသည်ဟု မကြားခဲ့ဖူးချေ။ ယခု ကျောက်ဆည် ဘဲလင်း - စစ်ကိုင်း အုန်းတောနှစ်ထပ် မဟာဓာတ်အားလိုင်း ဖြတ်သန်းသည့် တံတားဦး မြို့နယ်ရှိ တာဝါတိုင် ၅ တိုင် ပြိုလဲ ပျက်စီးသွားခြင်းမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ဖြစ်ပြီး လေပြင်းဒဏ် မခံနိုင်လောက်အောင် မည်သို့ တည်ဆောက်ခဲ့သနည်းဟု လုပ်ဆောင်သူများအား မေးခွန်းထုတ်ရန် အခြေအနေတစ်ရပ် ဖန်တီးလာသည်။
အဆိုပါ တာဝါတိုင်များ ပြိုလဲခြင်းကြောင့်လည်း ဓာတ်အား ပြတ်တောက်စေရန် လျှပ်စစ် ထုတ်လုပ်သော ပြိုင်ကျ လျှပ်ထုတ်စက် (Synchronous Generator) များကို ပုံမှန် လည်ပတ်နေရာမှ ကပေါက်ချိ ကပေါက်ချာ ဖြစ်လာစေပြီး စစ္စတမ် ဘရိတ်ဒေါင်း ဖြစ်သွားစေခြင်း ဖြစ်သည်။
(၂) စစ္စတမ် (System) ကို အဘိဓာန်တွင် ဤသို့ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ စနစ်၊ လုပ်ပုံလုပ်နည်း၊ ဖွဲ့စည်းမှု စသဖြင့် ဖော်ပြထားသည်ကို တွေ့ရ၏။ အမှန်အားဖြင့် ယင်း ဖော်ပြထားချက် ထက်ပို၍ ကျယ်ပြန့်သော အဓိပ္ပာယ်ဆောင်သည်ဟု ပြောနိုင်သည်။ စစ္စတမ်ဆိုသည်မှာ အချင်းချင်း အပြန်အလှန် တုံ့ပြန် အကျိုးပြုသော၊ အပြန်အလှန် အမှီပြုသော အစိတ်အပိုင်းများ ပေါင်းစပ် ဖွဲ့စည်းထားသည့် အတွဲအစပ် တစ်ခုဟု ဆိုပါက ပို၍ ပြည့်စုံမည်။
စစ္စတမ်၏ ယေဘုယျ ဂုဏ်သတ္တိများနှင့် ဆက်စပ်သော ပညာရပ် အချို့မှာ စစ္စတမ် သီအိုရီ၊ စစ္စတမ် သိပ္ပံပညာ၊ စစ္စတမ် အင်ဂျင်နီယာပညာ၊ စစ္စတမ် ရှုပ်ထွေးနက်နဲမှု ပညာ၊ စစ္စတမ် ဗိသုကာပညာ၊ စစ္စတမ်ခွဲခြမ်း စိတ်ဖြာပညာ စသည်တို့ ဖြစ်သည်။
(၃) လူ့လောကတွင် လူတို့နှင့် မြင်မြင်ထင်ထင် ထိတွေ့ ဆက်စပ်မှု ရှိနေသော စစ္စတမ်မှာ လျှပ်စစ်စွမ်းအား စစ္စတမ် (Electrical Power System) ဖြစ်မည်ဟု ယူဆသည်။ နောက်တစ်ခုမှာ နိုင်ငံရေး စစ္စတမ် (Political System) ဖြစ်သည်။ ဤနေရာတွင် နိုင်ငံရေး စစ္စတမ်ကို မပြောသေးဘဲ လျှပ်စစ်စွမ်းအား စစ္စတမ်ကိုကာ အကျဉ်းချုပ် ပြောပါမည်။
စစ္စတမ်တစ်ရပ် တည်ရှိနေပြီဟု ဆိုလိုက်သည်နှင့် တစ်ဆက်တည်း စစ္စတမ် ဘရိတ်ဒေါင်း (System Break down) ဖြစ်ခြင်းတို့ လိုက်ပါ လာတတ်သည်မှာ မလွဲပါ။ လျှပ်စစ်စွမ်းအား စစ္စတမ်တစ်ရပ် ပုံမှန်တည်တံ့ အခြေအနေမှ လုပ်ဆောင်ချက် ရပ်တန့်သွားဖို့ ဆိုသည်မှာ သာမန်အပြစ် (Normal Fault) ဖြစ်ရုံမျှဖြင့် မဖြစ်ဘဲ ပြင်းထန်သောအပြစ် (Severe Fault) တစ်ခု ကျရောက်မှသာ ရပ်တန့် သို့မဟုတ် ဘရိတ်ဒေါင်း ဖြစ်သွားနိုင်ပေသည်။ သာဓကအားဖြင့် ၂၈ အောက်တိုဘာ ညက မိတ္ထီလာ သပြေ၀ ဓာတ်အားခွဲရုံ အဝင် နေရာပေါ်သို့ မီးပုံးပျံ ပြုတ်ကျသည့် အမှုသည် ပြင်းထန်သော လျှပ်စစ် အပြစ်မျိုး (severe Fault) ဖြစ်သည်။ စာရေးသူ၏ ထင်မြင်ချက် အရ မီးပုံးပျံသည် ကီလိုဗို့ ၂၃၀ ဗို့အားရှိ မဟာ ဓာတ်အားလိုင်းကြိုး နှစ်ကြိုးပေါ်သို့ ခွ၍ ကျသောကြောင့် လိုင်းတူ လိုင်းဖော့လ်ထ်  (Line – to – Line Fault) ဖြစ်ကောင်းဖြစ်မည်။ ယင်းသို့ ဖြစ်သည်ဆိုပါက အလွန်ကြီးမားသော ရှော့ထ်ဆားကစ် လျှပ်စီး (Short Circuit Current) တစ်ရပ် စစ္စတမ်ထဲသို့ စီးဝင်ကာ ပုံမှန် ပြိုင်ကျလည်နှုန်း (Synchronous Speed) ဖြင့် လည်နေသော ကွန်ကွက် (Grid) တစ်ခုလုံးတွင်ရှိသော လျှပ်ထုတ်စက် အားလုံးကို ပရမ်းပတာ ဖြစ်သွားစေခြင်း ဖြစ်သည်။ ထိုမီးပုံးပျံကို ဖယ်ရှားလိုက်ပြီးမှသာ ပြိုင်ကျ လျှပ်ထုတ်စက် အားလုံးကို အတိုင်းအတာ တစ်ခုအထိ အချိန်ယူပြီး အချင်းချင်း ပြန်လည်တွဲညှိ (Synchronize)  ၍ လည်ပတ်စေရန် ဆောင်ရွက်ပေးနိုင်သည်။
သီတင်းကျွတ် လပြည့်ည၏ အမှောင်လွှမ်းသော ညတစ်ည မှတ်တမ်းအဖြစ် တင်ကျန်ခဲ့သည့် ဖြစ်စဉ် တစ်ခုကိုတော့ အများက ကာလအတန် ကြာသွားသည့် တိုင်အောင် မေ့လိမ့်မည် မထင်ပါ။  အမှန်စင်စစ် အန္တရာယ်များသည့် မီးပုံးပျံ လွှတ်တင်လိုက်သော ပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းက ယင်းကိစ္စကို တာဝန်ယူသင့်ပြီး အများပြည်သူအား တောင်းပန်သမှု ပြုရမည် ဖြစ်သည်။ ယင်းအဖြစ်မျိုး ထပ်မံ မဖြစ်ပွားရစေရန် အစိုးရကလည်း စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အလေးအနက်ထား သုံးသပ် လေ့လာသင့်သည်။
(၄) အမျိုးသား လျှပ်စစ်ဓာတ်အား တပ်ဆင်ရေး စီမံကိန်း (National Electrification Plan) ကို အကောင်အထည် ဖော်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် လျှပ်စစ်ဝန်ကြီးက မြန်မာနိုင်ငံ၌ လျှပ်စစ်မီး ရရှိနေသော အိမ်ထောင်စု သုံးသန်းသာ ရှိကြောင်း၊ ခုနစ်သန်းမှာ မရရှိသေးကြောင်း၊ ကမ္ဘာ့ဘဏ် ချေးငွေ ဒေါ်လာ သန်း ၄၀၀ ဖြင့် အိမ်ထောင်စု ခုနစ်သိန်းခွဲကို လျှပ်စစ်ဓာတ်အား ရစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိ အချိန်၌ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း၌ ရှိသော ကလေး၊ တမူး၊ ဂန့်ဂေါ၊ ကချင်ပြည်နယ်ရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း၊ တနင်္သာရီ တို့တွင် ၂၄ နာရီ မီးရရှိနေပြီဟု ပြောကြားသည်။
ယင်းသို့ဆိုလျှင် ရန်ကုန်တွင် နေထိုင်သူများက မသိရှိနိုင်သော ပြည်နယ်မှ ၂၄ နာရီ မီးရသည့် ကိစ္စ ဖြစ်နေစေကာမူ မုဒိတာပွား၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ သို့သော် အမှန်ပင် ခံစား၊ အမှန်သိနေသော စာရေးသူ နေထိုင်သည့် ရပ်ကွက်တွင် တစ်လအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အချိန် မည်မျှရှိသည်ကို အလွယ် တွက်ချက်ကြည့်နိုင်သည်။ သို့စဉ်လျက် နေ့စဉ်လိုလို တစ်နာရီစ၊ နှစ်နာရီစ ပြတ်တောက်ခဲ့မှု မပါဝင်သေး။ စီးပွားရေးသမား မဟုတ်သော စာရေးသူတို့လို လူတန်းစား အလွှာအတွက်တော့ အမှောင်ထဲ ထိုင်နေရုံသာ ရှိသည်။ စီးပွားရေး မြို့တော်ဟု ခေါ်နေကြသည့် ရန်ကုန်မြို့တော်ကြီးတွင် လုပ်ငန်းရှင်တို့ မည်သို့ လုပ်ကိုင်ကြမည်နည်း။ ၂၄ နာရီ မီးရရှိနေသည်ဟု ပြောဆိုခဲ့သည့် ဒေသများသို့ မိတ်ဆွေများက ပြောင်းရွှေ့ နေထိုင်ရန် စဉ်းစားနေကြပြီလားမသိ..။

Most Read

Most Recent