ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ကျူးလွန်သူ တင်မြင့်အား သန်လျင်မြို့နယ်၌ ကျူးလွန်ခဲ့သည့် ယခင်အမှုဟောင်း အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ် ချမှတ်

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ကျူးလွန်သူ တင်မြင့်အား သန်လျင်မြို့နယ်၌ ကျူးလွန်ခဲ့သည့် ယခင်အမှုဟောင်း အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ် ချမှတ်
Published 29 October 2015
သီဟအောင်

သန်လျင်မြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် တင်မြင့်တို့ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က စကားများ ရန်ဖြစ်ရာမှ ယင်းအမျိုးသားကို ဓားဖြင့်ထိုးခဲ့သည့် အမှုဟောင်းအတွက် တင်မြင့်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ်ကို သန်လျင်မြို့နယ် တရားရုံးက အောက်တိုဘာ ၂၉ ရက်က ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုအား တရားလိုပြသက်သေ ငါးဦးစစ်ဆေးပြီးချိန်တွင် ကျူးလွန်သူ တင်မြင့်အား ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်ချမှတ် ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့မှာ အပြီးသတ် စွဲချက်တင်ဖို့ ကျူးလွန်သူ တင်မြင့်ကို  စစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါမှာ ကျူးလွန်သူ တင်မြင့်ဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့အတွက် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်” ဟု သန်လျင်တရာရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထိုနေ့မှာတွင် ကျူးလွန်သူ တင်မြင့်အား သန်လျင်မြို့နယ်အတွင်း ရဲနှစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ်ကို တောင်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ သဘာဝတည်းခိုခန်း၌ အခင်းဖြစ်ပွားစဉ်က ကျူးလွန်သူ တင်မြင့်နှင့်အတူ လာရောက်တည်းခို နေထိုင်ခဲ့သည့် အမျိုးသမီးနှင့် ယင်းတည်းခိုခန်းကို လာရောက်ပြုပြင်ပေးသည့် ပန်းရံသမားကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တောင်ပိုင်းခရိုင် တရားရုံးမှာတော့ ကျူးလွန်သူ တင်မြင့်နဲ့အတူ တည်းခိုနေထိုင်ခဲ့တဲ့ အမျိုးသမီးနဲ့ တည်းခိုခန်းကို လာပြုပြင်ပေးတဲ့ ပန်းရံကို စစ်ဆေးခဲ့ပါတယ်” ဟု တောင်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို့နောက် တောင်ပိုင်းခရိုင်တွင် စစ်ဆေးမည့် နောက်ရုံးချိန်းအား နိုဝင်ဘာ ၄ ရက်သို့ ထပ်မံချိန်းဆို လိုက်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ တင်မြင့်မှာ အသက် (၄၇) နှစ်ရှိပြီဖြစ်ပြီး ၎င်းကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ပြီး လူငယ်ဘဝကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ ခိုး၊ ဆိုး၊ လု၊ နှိုက် စသည့် အမှုပေါင်းများစွာ ကျူးလွန်ခဲ့သည်။
တင်မြင့်သည် ၁၉၉၀ ပြည့်နှစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးပြီး လုယက်မှု ကျူးလွန်ခဲ့ကာ ပဲခူးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ယင်းသို့ ထွက်ပြေးတိမ်းရှောင်မှုကို လိုက်လံ ဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် သာကေတမြို့နယ်ရှိ ၎င်းဇနီးနေအိမ်၌ ထပ်မံတိမ်းရှောင်နေစဉ် သာကေတမြို့မရဲစခန်းနှင့် မင်္ဂလာတောင်ညွန့်  မြို့မရဲစခန်းတို့ ပူးပေါင်းဖမ်းဆီးခဲ့ပြီး ၎င်းအား ပဲခူးစစ်ခုံရုံးက ထောင်ဒဏ် တစ်သတ်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အမိန့်ချမှတ်ခံခဲ့ရပြီး မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် သံခြေချင်းကို ဖြုတ်ကာ အစောင့်ရဲအား ရိုက်နှက်ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် တင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းထောင့်တွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ကာ အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ်ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ထိုသို့ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် တင်မြင့်သည် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ပြန်လည်နေထိုင်နေစဉ် မယားပါသမီးအား အဓမ္မပြုရန် ကြံစည်မှုဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း မင်္ဂလာတောင်ညွန့် မြို့နယ်၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့ နယ်တို့တွင် လုယက်မှုများ ထပ်မံကျူးလွန် ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ ထို့နောက် ၎င်းအား တောင်ဒဂုံမြို့နယ်၌ လက်နက်ကိုင်ဆောင်မှုဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည် ပြစ်မှုများအတွက် ထောင်ဒဏ်အနှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောင်ကျနေစဉ်အတွင်း မြင်းခြံမြို့နယ်ရှိ ရဲဘက်စခန်း၌ သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစဉ်မှုဖြင့် ထောင်ဒဏ် လေးလ ထပ်မံတိုးမြှင့်ခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
                                          

Most Read

Most Recent