တာလီဘန်တို့ရဲ့ အန္တရာယ်နှင့် ပြည်တွင်းမငြိမ်းချမ်းမှု ပြဿနာတွေ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်မှာ တနင်္လာနေ့က ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀၈ ဦး သေဆုံးခဲ့ပါတယ်။ ကဘူးမြို့ရဲ့မိုင် ၁၆၀ ကျော်အကွာရှိ နိုင်ငံအရှေ့မြောက်ပိုင်း ဂျန်မြို့ကို ဗဟိုပြုပြီး မြေအောက်အနက် ၂၁၃ ဒသမ ၅ ကီလိုမီတာ လှုပ်ခတ်ခဲ့ပါတယ်။ ၎င်းငလျင် လှုပ်ခတ်မှုကြောင့် နိုင်ငံအရှေ့ပိုင်း ကူနာပြည်နယ်၌ သေဆုံးသူ ၃၀ ရှိခဲ့ပါတယ်။
အဲဒီလို ပူဆွေးသောက ရောက်စရာ သတင်းတွေကြားမှာ သတင်းကောင်း တစ်ခုကတော့ အာဖဂန်နိုင်ငံမှာရှိတဲ့ အသက် ၁၄ နှစ် အရွယ်ရှိ အေဇီဇာရာဟင်ဇဒါဟာဆိုတဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်နေတဲ့ အမျိုးသမီး ငယ်တစ်ဦးရဲ့ သတင်းဖြစ်ပါတယ်။ သူဟာ ဒုက္ခသည် ကလေးငယ်ပေါင်း ၂၅၀၀၀ ခန့် ကျောင်းနေဖို့အတွက် ကူညီစောင့်ရှောက်မှုတွေ ပေးနေသူဖြစ်ပါတယ်။ စာသင်ကြားဖို့ ရာ အခက်အခဲ ကြုံနေတဲ့ ဒီကလေးငယ်တွေ ကို ပညာသင်ကြားရေးသာမက နေအိမ် ၁၀၀ ခန့်မှာ သောက်သုံးရေ မရရှိမှုကို ရရှိစေဖို့ အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကို မျက်နှာချိုသွေးပြီး အကူအညီ တောင်းခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရာဟင်ဇဒါဟာ မကြာသေးမီကဘဲ နိုင်ငံတကာ ကလေးသူငယ်ဆိုင်ရာ ငြိမ်းချမ်းရေးဆုအတွက် ပဏာမ ရွေးချယ်ခံရတဲ့ စာရင်းမှာ ပါခဲ့တယ်။ အဲဒီဆုကို ယမန်နှစ်က ပါကစ္စတန်နိုင်ငံမှ မာလာလာက ဆွတ်ခူးခဲ့ပါတယ်။ ယခုနှစ်မှာတော့ အာဖဂန်မှာရှိတဲ့ လူငယ်တွေရဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာသင်ကြားရေးအတွက် ရွပ်ရွပ်ချွံချွံ လုပ်ဆောင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ရာဟင်ဇဒါဆု ရရှိဖို့အတွက် ရေပန်းစားနေသလို ယမန်နှစ်ဆုရှင် မာလာလာကလည်း ရာဟင်ဇဒါကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
“ဒီကလေးတွေဟာ စစ်ပွဲတွေထုတ်ကုန်တွေ ဖြစ်နေပါတယ်” ရာဟင်ဇဒါက အေအက်ဖ်ပီနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိကာလမှာ သူဟာ ကဘူးမြို့မှာရှိတဲ့ အိုးမဲ့အိမ်မဲ့ ဒုက္ခသည် ကလေးငယ်တွေ ထားရှိရာစခန်းမှာ ရောက်ရှိနေပါတယ်။ အဲဒီစခန်းဟာ ၂၀၁၁ ခုနှစ်က ပါဝမ်ခရိုင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မိသားစုဟာ ဘေးကင်းရာကို ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့မိသားစုဟာ ကဘူးမြို့မှာရှိတဲ့ ဒုက္ခသည် စခန်းကို ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
“သူတို့တစ်တွေဟာ စစ်ပွဲကာလမှာ ကြီးမားတဲ့ ဘေးအန္တရာယ်တွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဒုက္ခတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ သူတို့တစ်တွေကို ပညာရေး ဘယ်လောက် အရေးပါတယ်ဆိုတာ သင်ကြားပေးခဲ့ပါ တယ်”လို့ ရာဟင်ဇဒါက မိသားစုရှစ်ဦး နေထိုင်တဲ့ နေအိမ်လေးမှာ အထက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။ မိသားစုရှစ်ဦး နေထိုင်ရတဲ့ နေအိမ်ဆိုတာက ရွှံ့နဲ့လုပ်ထားတဲ့ တဲမျှသာ ဖြစ်ပါတယ်။
ဒုက္ခသည် မိသားစုတွေဟာ ပညာမတတ်ကြပါဘူး။ အဲဒီအတွက် ကျွန်မတို့အနေနဲ့ အဲဒီမိသားစုကို စိတ်ဓာတ်မကျဖို့ အားပေးခဲ့ရပါတယ်။ အာဖဂန်မှာရှိတဲ့ လူငယ်တွေအနက် အမျိုးသမီးတွေရဲ့ဘဝဟာ ပိုပြီး ဆင်းရဲဒုက္ခ ရောက်ကြရပါတယ်။ စီးပွားရေးအရတင် မဟုတ်ဘဲ လူမှုရေးအရပါ မိန်းမသားဆိုရင် အနှိမ်ခံနေရပါတယ်။ အမျိုးသမီးတွေအတွက် လွတ်လပ်မှု မရှိပါဘူး။ လူ့အခွင့်အရေးဆိုတာလည်း သူတို့နဲ့ မပတ်သက်သလို ဖြစ်နေပါတယ်။
ရာဟင်ဇဒါဟာ ကလေးသူငယ်တွေအတွက် ရွှေ့ပြောင်း ဆပ်ကပ်အဖွဲ့လေး တစ်ခုမှာ ပါဝင်နေပါတယ်။ ဒိန်းဘီရစ်မူဟော်ဆန်နဲ့ ဒေးဗစ်မင်ဆွန်တို့ဟာ ၂၀၁၁ ခုနှစ်မှာ တာလီဘန်တို့ ပြုတ်ကျသွားပြီးတဲ့နောက် အာဖဂန်နစ္စတန်နိုင်ငံကို ရောက်ရှိလာကြပါတယ်။ သူတို့က နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ အာဖဂန်တစ်လွှားရှိတဲ့ ဒေသခံတွေနဲ့ပူးပေါင်းပြီး ကလေးသူငယ်တွေကို သူတို့အဖွဲ့နဲ့အတူ ပါဝင်ဆော့ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒေသအသီးသီးမှာရှိတဲ့ လူငယ်တွေကိုလည်း စည်းရုံးပြီး အဲဒီလူငယ်တွေကို ခေါင်းဆောင်အဖြစ်နဲ့ ဒေသတွင်း လိုအပ်နေတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်စေခဲ့ပါတယ်။
စစ်ပွဲဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံမှာ လူဦးရေရဲ့ ရာခိုင်နှုန်း ၆၀ ဟာ အသက် ၂၅ နှစ်အောက် လူငယ်တွေဖြစ်နေကြပြီး လူငယ်တွေအနေနဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေမှာ လိုအပ်ချက်တွေ အမြောက်အမြား ရှိနေခဲ့ပါတယ်။
ဒေးဗစ်မင်ဆွန်က ရာဟင်ဇဒါနှင့် ပတ်သက်ပြီး သူ့အမြင်ကို ယခုလိုပြောပြခဲ့ပါတယ်။
“သူဟာ အစောပိုင်းကတည်းက အများနဲ့မတူတဲ့သူ တစ်ဦးဖြစ်ပါတယ်။ တခြားသူတွေထက်ပိုပြီး စဉ်းစား တွေးခေါ်နိုင်တယ်။ တခြားသူတွေအတွက် ရှေ့ဆောင်ရှေ့ရွက် လုပ်ဆောင်ပေးတယ်။ မေးခွန်းတွေလည်း မေးမြန်းတယ်။ တခြားကလေးတွေရဲ့ ကိုယ်စားလှယ်တစ်ဦး ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါတယ်”
ရာဟင်ဇဒါဟာ သူနေထိုင်တဲ့ စခန်းမှာရှိတဲ့ ကလေးငယ် ၅၀၀ အတွက် ဦးဆောင်ပြီး အခက်အခဲတွေကို ဖြေရှင်းပေးခဲ့ပါတယ်။ သူတို့တစ်တွေ အဓိက ကြုံတွေ့နေရတာကတော့ သောက်သုံးရေ မရှိတာ ဖြစ်ပါတယ်။ မိသားစုအတွက် သောက်ရေရဖို့အတွက် ကလေးငယ်တွေဟာ အင်မတန် ဝေးတဲ့အရပ်မှာ သောက်သုံးရေ ခပ်ကြရပါတယ်။ ရာဟင်ဇဒါရောက်လာပြီးမှ အဲဒီဘဝကနေ လွတ်မြောက်လာကြပြီး မိသားစု ၁၄၄ စုဟာ ရေပိုက်လိုင်းတွေ သွယ်တန်းပြီး သောက်သုံးရေ ရရှိခဲ့ကြပါတယ်။
သူတို့တစ်တွေအတွက် အဓိက ပြဿနာကတော့ ပညာရေးပဲ ဖြစ်ပါတယ်။ စစ်ဘေးဒုက္ခသည်တွေ ဖြစ်တာကြောင့် သူတို့မှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံနေကြရပါတယ်။ သူတို့ နေထိုင်ရတဲ့ စခန်းတွေမှာရှိတဲ့ စာသင်ခန်းဟာ မြို့ပြမှာရှိတဲ့ စာသင်ခန်းတွေလို မဟုတ်ပါဘူး။ ကဘူး အာဏာပိုင်တွေကလည်း စစ်ဘေး ဒုက္ခသည်တွေဟာ ယာယီ နေထိုင်ခွင့် ရရှိနေကြသူတွေဖြစ်တယ်။ တစ်နေ့ကျရင် သူတို့အရပ် ပြန်ကြမှာဖြစ်တယ်။ ဒါကြောင့်မို့ စာသင်ကျောင်း ဝင်ခွင့်ကို စနစ်တကျ မထားရှိပါဘူး။
ရွှေ့ပြောင်းဆပ်ကပ်အဖွဲ့ရဲ့ အကူအညီ နဲ့ ကလေးသူငယ်တွေ ပညာသင်ကြားခွင့် ရရေးကို သိရှိနိုင်အောင် ရာဟင်ဇဒါဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပါလီမန်အမတ်တွေအထိ သိရှိနိုင်အောင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် ဖောဇီယာကူးဖီရဲ့အကူအညီနဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ကဘူးမြို့ရှိ အမှတ် ၅၉ ဒုက္ခသည် စခန်းမှာရှိတဲ့ ကလေးသူငယ် ၂၅၀၀၀ ဟာ စာသင်ကျောင်းမှာ တရားဝင် ပညာသင်ကြားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ရာဟင်ဇဒါနဲ့အတူ ပဏာမ ရွေးချယ်ခံထားရသူတွေဟာ လိုင်ဘေးရီးယားမှ အသက် ၁၇ နှစ်အရွယ်ရှိ အေဗရာဟင်ကီယာတာ၊ ပူအာတိုယီကိုမှ အသက် ၁၇ နှစ်အရွယ်ရှိ ဂျီယာနေရှာဘူ ဖြစ်ပါတယ်။ နိုဝင်ဘာ ၉ ရက်မှာ ရွေးချယ်ခံရသူ အမည်စာရင်းကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
“ကျွန်မလုပ်ဆောင်တာဟာ ဘာမှမဟုတ်သေးပါဘူး” လို့ ရာဟင်ဇဒါက နှိမ့်ချပြီး ပြောဆိုခဲ့ပါတယ်။ မိမိနိုင်ငံ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အထိ လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားက အစိုးရ မဟုတ်တဲ့ အဖွဲ့တွေဟာ အကူအညီတွေ တစ်နေ့ကျရင် ရပ်သွားကြမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်သူတွေအတွက် တရားမျှတမှု ရှိရေးနဲ့ အင်စတီကျူးရှင်းတွေ ခိုင်မာရေးကို လုပ်ဆောင်ဖို့လို နေပါတယ်လို့ ရာဟင်ဇဒါက သတိပေး ပြောကြားခဲ့ပါတယ်။
အာဖဂန်မှ မာလာလာ
Most Read
Most Recent
8 hours ago










