‘ကာလာဘလိုင်း’ လို့ဆိုတဲ့ မျက်စိက အရောင် မခွဲခြားနိုင်သူတွေ နှစ်သက် ရွေးချယ်ကြတဲ့ အရောင်တွေဟာ အရောင်အမှန်ပဲလား၊ တခြားလူတွေ မသိနိုင်ကြပေမယ့် အခုကျွန်တော် မြွက်ဟတဲ့၊ ကျွန်တော်နှစ်သက်တဲ့ အရောင် ဘာအရောင် ဖြစ်မယ်ဆိုတာကိုတော့ သိနိုင်ကြမယ် ထင်ပါတယ်ဗျာ။
ထိုအရောင်ကို နှစ်သက်ခြင်းဆိုတာထက် ထိုအရောင်ကို ချစ်ခြင်းလို့ ပိုဆိုသင့်ပါတယ်။ အနီရောင်ပေါ့ခင်ဗျာ။
အကြိုက်ချင်း တူကြသူ အမြောက်အမြားရှိမှာပါ။ ကိုယ်မကြိုက်နိုင်တဲ့ အရောင်မို့ နှာခေါင်းရှုံ့သူတွေလည်း ရှိနိုင်ပါတယ်။ ရှိကြပါစေ၊ မတူကွဲပြားတဲ့ အကြိုက်တွေပဲပေါ့။
တော်တော်ကြာခဲ့ပါပြီ။ တစ်ရက်သော နေ့လယ်ခင်းမှာ ကျွန်တော်နဲ့ ဆရာလေးမြင့်တို့ နှစ်ယောက် ရန်ကုန်မြို့ထဲကို ရောက်ကြပါတယ်။ ကုန်သည်လမ်း စာပေဗိမာန် စာအုပ်ဆိုင်ရှေ့မှာ ရုံးထဲက ပြန်ထွက်လာမယ့် ဆရာလေးမြင့်ကို စောင့်ရင်း ပလက်ဖောင်း တစ်နေရာမှာ စာရေးဆရာမကြီး တစ်ယောက်ကို တွေ့လို့ အနားကို သွားနှုတ်ဆက်လိုက်ပါတယ်။ ကိုယ့်ရဲ့ကလောင်အမည်ကို ပြောပြီးတော့လည်း မိတ်ဆက်လိုက်ပါတယ်။ အဲဒီမှာ ဆရာမကြီးက ‘‘အေး၊ မင်းတို့ခေတ်မှာ မှည့်ကြတဲ့ နာမည်တွေကလည်းကွယ်’’ ဆိုပြီး ရေရွတ်ခဲ့ပါတယ်။ ကျွန်တော့်ကိုလည်း ကွန်မြူနစ်လို့ ထင်ပုံရပါတယ်။ ကျွန်တော်လည်း အောင့်သက်သက် ဖြစ်မိခဲ့ပါတယ်။ အခုသုံးနေတဲ့ ကလောင်အမည် ‘အနီ’ ပါနေပါတယ်။ ဒါ့ကြောင့် မကြိုက်တာ ထင်ပါရဲ့။
အစောပိုင်းယူဖူးတဲ့ ကလောင်တစ်ခုကို ကျွန်တော့်ဆရာက ကြုံတိုင်း မြည်တွန်တတ်ပါတယ်။ စာသုံးလုံးမှာ နောက်နှစ်လုံး က ‘မောင်မောင်...’ပါတဲ့ နာမည်။ ‘‘မင်းနာမည်ကလည်းကွာ’’ ဆိုပြီး ပြောတတ်ပါတယ်။ သူတို့ပြောတဲ့ စာမူကိုတော့ ဘာမှမပြောပေမယ့် နာမည်က နွဲ့လို့၊ မိန်းမလျာဆန်လို့တဲ့။ ဒီလိုနဲ့ သားဦးကလေး မွေးဖွားပြီး နောက်တစ်နေ့မှာ သူ့ဆီကို စာမူတစ်ပုဒ်လေး အပ်ရတော့ စာမူရဲ့ ခေါင်းစဉ်ကိုတပ်ပြီး ကလောင်အမည် ရေးမယ်အလုပ်မှာ အသားလေးဖြူလွန်းလို့ နုနုထွက်ထွက်ရဲရဲနီနီကလေး ဖြစ်နေတဲ့ သားကို မြင်ယောင်ရင်း အခုသုံးနေတဲ့ ကလောင်ကို တပ်လိုက်မိပါတော့တယ်။ အောက်မေ့မိပါသေးတယ်။ ကွယ်လွန်သူ ကဗျာဆရာ(ကို)မောင်မြတ်ခေါင်က လူတွေ့ရင် ‘ရဲပဒေါင်း’ လို့ နောက်ပြောင် ခေါ်ပါတယ်။
ကျွန်တော့်ကို မော်လမြိုင်မြို့ အမေရိကန် ဆေးရုံပေါ်မှာ အမေက ဖွားသန့်စင်ခဲ့တဲ့အတွက် ကျွန်တော်ဟာ မွန်ပြည်နယ်ဇာတိသား။ ရန်ကုန်မြို့ကို မိသားစု ပြောင်းရွှေ့လာပြီး ကျွန်တော်လေးတန်းကို အောင်လို့ ငါးတန်းတက်တော့ ပညာဆက်သင်ခဲ့ရတဲ့ ကျောင်းသားက တာမွေ တန်းမြင့်ကျောင်းလို့ခေါ်တဲ့ ကျောင်းပါ။ ရှေးယခင်တုန်းက ကျောင်းရှေ့က ကွင်းပြင်ကြီးထဲ ‘ရာမ’ ဇာတ် လာလာ ကပြတဲ့အတွက် ‘ရာမကွင်းကျောင်း’ လို့လည်း ခေါ်ကြပါတယ်။ အဲဒီရာမကွင်းဆိုတာ ရာမဇာတ် ကခဲ့ဖူးသလို အငြိမ့်တွေ ကခဲ့ဖူးသလို မြို့နယ် ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနဲ့ ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းနှစ်ပတ်လည် ပြေးခုန်ပစ်ပြိုင်ပွဲ ကစားပွဲတွေ နွှဲခဲ့ကြတဲ့ကွင်းပါပဲ။ အဲဒီကွင်းကနေ အားကစား အကျော်အမော်တွေလည်း ထွက်ခဲ့တာပါ။ အခုတော့ အဲဒီကွင်းဟာ ကွင်းဘဝမှာမနေ၊ ဘဝတစ်ပါးကို ပြောင်းသွားခဲ့ပါပြီ။ ကွင်းဆိုရင် ကြောက်တတ်တဲ့လူမျိုးတွေက အသွင်ဖျက်လိုက်ကြတာပါ။
မှတ်မိတာတစ်ခု ရှိပါသေးတယ်။ ကြခတ်ဝါးပင် ပေါက်တွေကို ပဲခူးနားမှာ သွားဝယ်ခဲ့ပြီး ကျောင်းဝင်းကို ခြံခတ် လုပ်အားပေးခဲ့ကြရပါတယ်။ ကျောင်းပတ်ပတ်လည် အကွာအဝေး အညီမှာ ကျင်းကလေးတွေတူး၊ ကျောင်းသူက ကြခတ်ပင်ကလေးတွေ ကမ်းပေး၊ ကျောင်းသားက စိုက်ပြီး မြေဖို့ပေါ့။ အဲဒီအခါမှာ ကျောင်းသားကြီးတချို့က ကွင်းကိုပါ ဝင်းခတ်ဖို့ ဆရာမကြီးကို ပြောကြတော့ ဆရာမကြီးက ‘‘မလုပ်ရဘူးတပည့်တို့၊ ကိုယ့်ကျောင်းဝင်းကိုပဲ ခတ်ရမှာပါ။ ကစားကွင်းဆိုတာ ကျောင်းက အသုံးပြုနိုင်သလို လူအများလည်း အသုံးပြုခွင့် ရှိကြရမှာကွဲ့’’ လို့ ပြောခဲ့ပါသတဲ့။ အသက် ၉၀ ကျော်အရွယ် အငြိမ်းစား ခရိုင်ပညာဝန် ဘဝနဲ့ တိုက်တစ်လုံး ကားတစ်စီး မပိုင်ခဲ့ရှာဘဲ ကွယ်လွန်ခဲ့တဲ့ ကျွန်တော်တို့ ကျောင်းအုပ်ဆရာမကြီးဟာ မိန်းမသားဖြစ်ပေမယ့် ယောကျ်ားကောင်းလို စိတ်ဓာတ်ရှိခဲ့တဲ့ ဒေါ်သန်းညွန့် (B.A,B.ED,B.E.S)ပါခင်ဗျာ။ ကျောင်းမှာ ကျွန်တော်တို့ ဝတ်ဆင်ခဲ့ရတဲ့ ကျောင်းဝတ်စုံက အင်္ကျီအဖြူ၊ လုံချည်အနီပါ ခင်ဗျား။ လုံချည်အနီ ဆိုတာ သူနာပြုဆရာမ ဝတ်စုံအသွေးအရောင်လိုပဲ ရဲရဲနီနေတဲ့ အနီပါ။
ဝတ်စုံကို ဆရာ၊ ဆရာမတွေလည်း ဝတ်ဆင်ကြရပါတယ်။ ဆရာမကြီး ကိုယ်တိုင်လည်း ဝတ်ဆင်ပါတယ်။ တချို့လည်း ရှက်ပေမယ့် ကျောင်းတက်ရင်တော့ မပျက်မကွက်ဝတ်။ လုံချည်အနီကျောင်း။ အခုတော့ ညနေ ညနေဆိုရင် ကျားကွက်သစ် လမ်းမဟာ ကားတွေနဲ့ ကျပ်ညပ် ပိတ်ဆို့နေပါတယ်။ ဟိုစဉ်တုန်းက ကျွန်တော်တို့ရဲ့ ကျောင်းကြီး ညနေ ကျောင်းလွှတ်တဲ့အခါ တောင်ဘက်က ကြည့်ကြည့် မြောက်ဘက်ထိပ်က သွားကြည့်ကြည့် လမ်းတစ်လမ်းလုံးကို နီရဲနေခဲ့တာ။ အဲဒီမြင်ကွင်းကိုပဲ ကြည့်ချင်လို့ ကျွန်တော်တို့ သူငယ်ချင်းတစ်စုကို ဆော်သြပြီး ကျောင်းလွှတ်ခါနီးမှာ အတန်းထဲက ဆရာဆရာမကို ကျောင်းအလုပ် လုပ်ပေးစရာရှိသလိုလိုနဲ့ ခွင့်တောင်းပြီး ကျောင်းကစောထွက် လမ်းထိပ်ဘက်မှာ သွားစောင့် ကြည့်ခဲ့ဖူးပါတယ်။ တစ်လမ်းလုံးအပြည့်ကို နီရဲနေတာ မြင်ခဲ့ရတာပါပဲ။ ဆော်သြတဲ့ ကျွန်တော်က ကျောင်းတော်ဆီမှာ အလောင်းဘုရားအသင်း (အနီအသင်း) ခေါင်းဆောင်ပါခင်ဗျာ။
ကျွန်တော်တို့ တန်းမြင့်ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဒေါ်သန်းညွန့်ဆိုတာ သူ့ရဲ့ ကျောင်းအုပ်ရုံးခန်းကို ကိုယ်တိုင် တံမြက်စည်း လှည်းပါတယ်။ ကျောင်းကို Round လုပ်ရင် ဖိနပ်မစီးပါဘူး။ ဖိနပ်စီးစရာ မလိုအောင်လည်း ကျောင်းတစ်ကျောင်းလုံး ကျောင်းသား ကျောင်းသူတွေ လုပ်ကိုင်တဲ့အလေ့နဲ့ သန့်နေပါတယ်။ တစ်ခါတော့ ဝရန်တာတိုင် ထောင့်နားမှာ ဆီးစေ့တစ်စေ့ကို သူကပဲ လှမ်းမြင်တွေ့ပြီး အနားမှာရှိတဲ့ ကျွန်တော်က မတွေ့မိတဲ့အတွက် ကောက်ခဲ့ရပါတယ်။ လိမ်ညာပြောတာကိုလည်း တစ်စက်မှ မကြိုက်ပါဘူး။ ကိုယ့်အတန်းက လိုက်ပါရမယ့် အထဲမပါလို့ ကျောင်းကအသင်းနဲ့ ပြိုင်ရမယ့် ဘောလုံးပွဲကို လိုက်ကြည့်ချင်တဲ့အတွက် နေမကောင်းလို့ ပြန်ပါရစေဆိုပြီး သူ့ဆီမှာ ညာပြီး ခွင့်သွားတိုင်မိတော့ ဆေးတိုက်ဖို့ ထလုပ်ပြီးတဲ့နောက် ဆရာမကြီးက ‘‘ငါ့တပည့်၊ မင်းဘောလုံးပွဲ သွားကြည့်ချင်တာ မဟုတ်လား’’ဆိုပြီး အမိဖမ်းပါတယ်။ အလိမ်ပေါ်ပြီး အဆူခံခဲ့ရပါတယ်။ ဘောလုံးပွဲကိုတော့ လိုက်ခွင့်ပေးခဲ့ပါတယ်။
သီတင်းတစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ်လောက် ကျောင်းသားတွေကို တွေ့ဆုံပြီး ဆုံးမစကား ပြောလေ့ရှိပါတယ်။ မိန်းမသားပေမယ့် စကားပြောလည်း အာရှင်းရှင်း စကားလုံး ပီပီသသ ပြောတတ်ပါတယ်။ ရဲရင့်ပြတ်သားပါတယ်။ ဆရာမရှိတဲ့ အတန်းကြီးတွေမှာ ကိုယ်တိုင် စာဝင်သင်ရင် ‘ပြင်သစ်တော်လှန်ရေး’ အကြောင်း သင်ပေးတတ်တာကို မှတ်မိနေပါတယ်။ ဆရာမကြီးဟာ ယခင် တာမွေဈေးအရှေ့က မူလတန်းကျောင်းကလေးနေရာမှာ ကျောင်းကိုဖွင့်ခဲ့ရာက ရာမကွင်းကျောင်းဆိုတာကို အစကနေ ပြီးစီးတဲ့တိုင် အခက်အခဲတွေ ရင်ဆိုင် ရုန်းကန်တည်ထောင်ခဲ့ရသူပါ။ ပညာညွှန်ကြားရေးဝန်းက ဆရာမကြီးကို အင်္ဂလိပ်မက်သဒစ် (အခု အထက ၁ ဒဂုံ) ကို ပြောင်းရွှေ့မိန့် ထုတ်ခဲ့ပါတယ်။ တစ်ကြိမ်နှစ်ကြိမ်နဲ့ မပြောင်းရွှေ့လို့ မင်းကြီးက ခေါ်တွေ့ပြီး ဆူဆူပြောပြော လုပ်တဲ့အခါ ကျောင်းနှစ်ကျောင်းကို ယာယီတွဲပြီး လုပ်ကြည့်ပါရစေလို့ ဆရာမကြီးက တင်ပြခွင့် တောင်းပါသတဲ့။ ခြောက်လပြည့်သွားတဲ့ အခါမှာတော့ ‘ရေ နည်းရာမှာသာ ရွာပါရစေ’ လို့ ပြောပြီး အစစအရာရာ ပြည့်စုံတဲ့ ကျောင်းကြီး ကျောင်းကောင်းကို မပြောင်းရွှေ့ဘဲ ကျွန်တော်တို့ ကျောင်းမှာသာ ဆက်လုပ်ခဲ့ပါတယ်။ အဲဒီလို ကိုယ့်အတွက် မကြည့်သူပါ။ နောက်နှစ် အနည်းငယ်ရှိတော့မှ ခရိုင်ပညာဝန် ရာထူးတိုးကို မလွှဲမရှောင်သာတော့ဘဲ သွားရောက် ခဲ့ပါတော့တယ်။
ကျွန်တော်တို့ တန်းမြင့်ကျောင်းရဲ့ တံဆိပ်မှာ အက္ခရာလေးလုံး ရေးထိုးထားပါတယ်။ အဲဒီအက္ခရာလေးလုံးက မ၊ဖ၊သ၊တ၊ ဖြစ်ပါတယ်။ အဓိပ္ပာယ်ယူတာကတော့ ‘မ’ ဟာ မေတ္တာထားခြင်း၊ ‘ဖ’ က ဖြူစင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ‘သ’က သန့်ရှင်းခြင်း၊ သတ္တိရှိခြင်း၊ ‘တ’ ကတော့ တည်ကြည်ခြင်း ဖြစ်ပါတယ်။ သူ့ကျောင်းက တပည့်တွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ ကျောင်းသားကျောင်းသူတွေကို ဒီလိုစိတ်ဓာတ်မျိုးတွေ ခံယူကျင့်ကြံ တတ်ကြအောင် အမှတ်အသားပြု ကိန်းအောင်းစေတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ် ကျောင်းသားဘဝမှာ ဗြဟ္မစိုရ်တရားဆိုတာ မကြာမကြာ ကြားဖူးရလေ့ မှတ်သားရလေ့ ရှိခဲ့ပါတယ်။ ရဲရင့်ပြတ်သားသလို မေတ္တာစိတ် ကြီးမားတဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ လေ့ကျင့်ပဲ့ပြင် ပေးမှုမှာလည်း ကျွန်တော်တို့တွေဟာ လူးလွန့် ရှင်သန်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ ကျောင်းအကြောင်း ကျွန်တော်တို့ ကျောင်းအုပ်ကြီးအကြောင်းကို ကိုယ့်ထက် စီနီယာကျသူတွေက ပိုပြီး ပြည့်စုံအောင် ပြောဆိုနိုင်ကြပါလိမ့်မယ်။ ကနေ့မျက်မှောက်မှာတော့ အကြားရ အမြင်ရများတာက ဒါနခန်းတွေပဲ များနေပြီး၊ အုပ်စိုးသူတွေကဆိုရင်လည်း မေတ္တာဆိုတာ ဘာလဲ။ ဖြူစင် ဖြောင့်မတ်တယ် ဆိုတာဘာပဲ။ သန့်ရှင်းတယ်၊ သန့်စင်တယ်၊ သတ္တိရှိတယ် ဆိုတာဘာလဲ။ တည်ကြည်တယ်၊ တည်တည်ကြည်ကြည် ပြောဆိုပြုမူတယ်ဆိုတာ ဘာလဲလို့ မေးမရ လောက်အောင်ပါပဲ။
ကာလာအရောင်အကြောင်း စပ်မိလာလို့ ကိုယ့်ဇာတိဒေသရယ်၊ ကိုယ့်ရဲ့ကျောင်းမှာတုန်းက အခြေခံဖြစ်ရတာကို သတိရမိဖို့ တင်ပြမိတာ ဖြစ်ပါတယ်။ ကျွန်တော့်အဖို့ရာမှာတော့ ထိုအရောင်ကို ချစ်နှစ်သက်ခြင်းဆိုတာ အနီရောင်ပါပဲ။
ကွန်မြူနစ်တော့မဟုတ်ပေဘူး။ သူအသက်ထင်ရှား ရှိနေခဲ့တုန်းကတော့ ဥက္ကဋ္ဌကြီးမော်ရဲ့ သတင်းတွေကို စိတ်ဝင်စားတတ်ပါတယ်။ တရုတ်အရေးအခင်း ပိုင်းမှာ ဥက္ကဋ္ဌကြီး မော်စီတုန်းရဲ့ Criticism and Self Criticism ဆိုတဲ့ စာအုပ်ကလေးတစ်အုပ်ကိုလည်း သူငယ်ချင်းတွေ ဗဟုသုတအဖြစ် လှန်လှော ဖတ်ကြည့် ဖူးခဲ့ကြပါတယ်။ စာအုပ်ကလေးကလည်း အနီရောင်ကလေးဆိုတော့ ချစ်စရာ။
ဥက္ကဋ္ဌကြီးမော်ဆိုလို့ တရုတ်လူမျိုးတွေကလည်း ‘အနီရောင်’ဆိုတာ မင်္ဂလာရှိတဲ့အရောင်လို့ ဆိုသလားပါပဲဗျာ။
စာဆိုဆရာ ရွှေတိုင်ညွန့်ကတော့ သုံးရောင်ခြယ် သီချင်းထဲမှာ အနီရောင်ကို ‘အနီရောင် ××× မြင်သူအသည်းမှာ ×××ရဲစိတ်ရဲ မာန် ×××ထက်သန်စေရမည်...’ လို့ ရေးဖွဲ့သီကုံးခဲ့ပါတယ်။
‘ဖြူနီဝါပြာနှင့် အခြား အင်္ဂလိပ် ဝေါဟာရများ’ ဆိုပြီး ဆရာတက္ကသိုလ်ထင်ကြီးက အရောင်ကာလာနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်ဝေါဟာရ အသုံးအနှုန်းတွေကို ဝါကျ နမူနာတွေပေးပြီး ရှင်းပြထားပါတယ်။ အဲဒီစာအုပ်မှာ အနီရောင်နဲ့ ပတ်သက်တဲ့ ရှင်းပြတဲ့ အဓိပ္ပာယ်နဲ့ အသုံးအနှုန်း သုံးဆယ်ကျော်ပေးထားတာ မှတ်သားစရာ ကောင်းပါတယ်။ တိုက်ဆိုင်တဲ့ ဟောဒီစကားလုံး တစ်လုံးကိုတော့ ပြန်တင်ပြ ပေးချင်မိပါတယ်။ ဖတ်ဖူးသိပြီးသူတွေအဖို့တော့ ထပ်မံပေါ့။
‘The Red.Letter Day.’အပျော်ဆုံးနေ့၊ အထူးခြားဆုံးနေ့’ ဖြစ်ပါသတဲ့။ ပြက္ခဒိန်တွေမှာ ထူးခြားတဲ့နေ့၊ အဓိကရနေ့တွေကို အနီရောင်နဲ့ ပုံနှိပ်ပြရာက အခုလို ‘အနီရောင် စာလုံးများဖြင့် ကမ္ပည်းထိုးသောနေ့’ ရယ်လို့ ဝေါဟာရ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပဲ လာမယ့် နိုဝင်ဘာ ၈ ရက်ကို ပြက္ခဒိန်မှာ ကြည့်လိုက်တော့။ အနီရောင်နဲ့ ဖြစ်နေပါတယ်ခင်ဗျာ။
ထိုအရောင်ကို နှစ်သက်ခြင်း
Most Read
Most Recent
8 hours ago










