ဖျက်မြင်း

ဖျက်မြင်း
Published 27 October 2015
မြေနီသစ္စာ

ရွေးကောက်ပွဲ အခင်းအကျင်းမှာ ဖျက်မြင်းပါလာလေ့ ရှိသည်။ ဖျက်မြင်းဆိုသည့်အတိုင်း အဖျက်လုပ်ရန် ရွေးကောက်ပွဲခွင်ထဲသို့ တမင်ဝင်ရောက် နေရာယူလာသူပင်။ ဖျက်မြင်းလေးမျိုးရှိသည်။
(၁) အောင်နိုင်ရေး အားကောင်းသော ပါတီအဖွဲ့အစည်းကို မဲလျော့သွားအောင် ဟိတ်နှင့် ဟန်နှင့် ဝင်လာသောဖျက်မြင်း။
(၂) ဖြစ်တည်နေသော အမှန်တရားကို ဇဝေဇဝါ ဖြစ်အောင် တိုက်ကွက်ပုံစံ အမျိုးမျိုး ဖြင့် ဝင်ရောက်လာသော ဖျက်မြင်း။
(၃) မိမိ၏ မိခင်ပါတီ မဲပိုရစေရန် ဥပါယ်တံမျဉ်ဖြင့် ရုပ်ဖျောက်ထားသည့် ခလောက်ဆန်တတ်သည့် ဖျက်မြင်းနှင့်
(၄) မည်သည့် အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုဘဲ ရွေးကောက်ပွဲကို ဘက်ပေါင်းစုံက အနှောင့်အယှက် ဖြစ်အောင် ကြံစည်လုပ်ဆောင်သော ဖျက်မြင်းဟူ၍ ဖျက်မြင်းလေးမျိုးကို တွေ့လာရသည်။
ဖျက်မြင်း (၁)
ရွေးကောက်ပွဲတွင် လူကြိုက်အများဆုံး ပါတီအဖွဲ့အစည်းက ပုဂ္ဂိုလ်သည် အရွေးခံရဖို့ များ၏။ ဖျက်မြင်းသည် လူကြိုက်အများ ဆုံးပါတီကလူ အနိုင်မရအောင် နည်းလမ်းပေါင်းစုံ သုံး၍ဝင်လာ၏။ (က) လူကြိုက်အများဆုံး ပါတီ၏ အမှတ်တံဆိပ်နှင့် ဆင်တူယိုးမှားဖြစ်သော အမှတ်တံဆိပ်ကို အသုံးပြုလျက် ဝင်လာ၏။ (ခ) လူကြိုက်အများဆုံး ပါတီက ရွေးကောက်ပွဲ ကြွေးကြော်သံက လူတိုင်း စားဝတ်နေရေး ပြေလည်စေရမည်ဟု ဆိုသော် ဖျက်မြင်းက ဤသို့ မတိမ်းမယိမ်းဖြစ်သော ကြွေးကြော်သံကို သုံး၏။
မိမိတို့ပါတီကို မဲထည့်ပါက သေချာပေါက် လူတန်းစေ့ နေနိုင်ရမည်ဟု ကြွေကြော်၏ စားဝတ်နေရေး ပြေလည်ရေးနှင့် လူတန်းစေ့ နေနိုင်ရေးသည် အတူတူပင်ဖြစ်၏။ ဤကဲ့သို့ ကြွေးကြော်ခြင်းဖြင့် မဲအနိုင်ရမည့်ပါတီဟု မဲဆန္ဒရှင်ကထင်ပြီး ဖျက်မြင်းကို မဲမှားထည့်တတ်လေသည်။ ဖျက်မြင်းသည်  မဲဆန္ဒ ရှင်ကို ထင်ယောင်ထင်မှား ပြုလုပ်ခြင်းဖြင့် အနိုင်ရမည့်ပါတီက အရွေးခံသူ မဲအရနည်းအောင် ကြံဆောင်တတ်လေသည်။
ဥပမာအားဖြင့် အင်အားများပြီး အနိုင်ရမည့်ပါတီက အမှတ်တံဆိပ်အဖြစ် နဂါးရုပ်ကိုသုံးလျှင် ဖျက်မြင်းက နဂါးရုပ်နှင့် ယိုးမှားစေရန် မြွေရုပ်ကို သုံး၍ တုပလှုပ်ရှား၏ တစ်နည်းအားဖြင့် ရိုးသားသော မဲဆန္ဒရှင်တို့ကို တစ်ပတ်ရိုက်ရန်နှင့် မျက်စိမှောက်ရန် အယောင်ပြ ရုပ်ဖျက်နည်းကို သုံးခြင်းသည်ကား ဖျက်မြင်း၏ နည်းဗျူဟာပင်ဖြစ်၏။
ဖျက်မြင်း (၂)
ရွေးကောက်ပွဲ၏ အနှစ်သာရကား ပြည်သူအတွက် အမှန်တကယ် လိုလားသော ဆန္ဒတို့ကို ဖြည့်ဆည်းပေးနိုင်သော ပါတီက အနိုင်ရရေးပင်ဖြစ်သည်။ ဖျက်မြင်း၏ အဓိက အာသီသကတော့ ပြည်သူ့ဆန္ဒကို အမှန်တကယ် ဖြည့်ဆည်းနိုင်မည့် အဖွဲ့အစည်း အနိုင်မရစေရန် မရိုးသားသောနည်း၊ အောက်တန်းကျသောနည်း အောက်လမ်းနည်းတို့ကို အသုံးပြုလျက် အကောက်ကြံ ခလောက်ဆန်ရေးပင် ဖြစ်၏။ စင်စစ်အမှန်တရားက လူတိုင်းလူ့အခွင့်အရေး ရှိသည်ဟူသော ကိစ္စပင်။ ဖျက်မြင်းသည် လူတိုင်းအတွက် လူ့အခွင့်အရေးမလိုအပ်ဟု ဟစ်တလာ၏ နာဇီပါတီ နည်းနာကို ယူသုံး၏။ ဦးနှောက်အားနည်းသူ ခပ်ရူးရူးလူ၊ အတွေးအခေါ် ေ၀ဝါးသူ ဆုံးဖြတ်ချက် မချတတ်သူတို့သည် လူတိုင်းရရှိသော အခွင့်အရေးကို မရသင့်ကြောင်း ယုံထင်ကြောင်ထင် ဖြစ်အောင် ဖျက်မြင်းက ဝါဒဖြန့်၏။ ယင်းနည်းဖြင့် မဲထည့်ပြည်သူတို့သည် အမှန်တရားပေါ်တွင် သံသယရှိလာကာ ဖျက်မြင်း၏ စေ့ဆော်မှုနောက်သို့ ပါသွားတတ်လေသည်။
ဖျက်မြင်း (၃)
ဖျက်မြင်းသည် ဝင်လာကတည်းက မျက်နှာသစ် ပါတီသစ် ပုံသဏ္ဌာန်ဖြင့် ဝင်လာ၏။ အချို့ဖျက်မြင်းကတော့ ပါတီကြီးတစ်ခုက အပြီးအပိုင် ထွက်လာပြီးသော် ထိုပါတီကြီး၏ မူဝါဒသဘောတရားတို့ကို ရိုးစွဲလုပ်ထား၏။ စကားလုံး ပြောင်းထား၏။ သို့သော် အနှစ်သာရ တူ၏။ မူလထွက်လာသော မိခင်ပါတီကို တိုက်ခိုက်သလို ဟန်ပြ၍ ထိုပါတီဘက်သို့ တိမ်းညွတ်သွားအောင် စည်းရုံး၏။ ဆွဲဆောင်၏။ အရေးအသား၊ အပြောအဆို ကျွမ်းကျင်သူတို့ကို ငှားရမ်း ရေးခိုင်း ပြောခိုင်းလျက် မဲဆန္ဒရှင်တို့ကို စည်းရုံး၏။ မဲဆန္ဒရှင် ညွတ်လာအောင် အကောင်းဆုံး စကားအသုံးအနှုန်း နားဝင်ချိုမည့် စကားလုံးတို့ကို ကြွက်ဖမ်းထောင်ချောက်ထဲသို့ ကြွက်ဝင်လာအောင် အစာဖြင့် မြှူဆွယ်နည်းကို သုံး၏။ ယင်းနည်းသည် ရိုး၏။ လိမ်မှုအားလုံးသည် အမြင်ရိုး ၏။ သို့သော် အမြင်ရိုးသော လိမ်မှုတို့ထဲသို့ အလိမ်ခံရသူတို့သည် ခေါင်းစိုက်တတ်ကြရ၏။
ဖျက်မြင်း (၄)
ဖျက်မြင်း (၄)သည် ဘယ်ပါတီကိုမျှ ကိုယ်စားမပြုပေ။ ကျော်ကြားလို၍ ထင်ရှားလို၍ စတန့်ထွင်ကာ ငွေကုန်ကြေးကျခံလျက် ပါတီသစ်တစ်ခု တည်ထောင်ကာ ခပ်တည်တည်နှင့် ဝင်လာသူပင်။
ဖျက်မြင်း (၄) ၏ ရည်ရွယ်ချက်သည် အလွန်ဆိုးရွား၏။ ယုတ်မာ၏။ အနှစ်သာရမှာ ရွေးကောက်ပွဲစနစ်ကို အမြစ်ကလှန်၍ ပျက်ပြားအောင် သွေးဆောင်လှုံ့ဆော်သည်။ လူမိုက်များ၊ ငွေရလျှင် ဘာမဆို လုပ်မည်ဆို သော လူအလှေးအမွှားတို့ကို ငှားရမ်းအသုံးချလျက် ငွေတွေ ပုံအောကာ မလုပ်သင့်တာ မှန်သမျှလုပ်၏။ ပိုစတာတွေကို လူမသိအောင် ဖျက်ဆီးပစ်၏။ ရိုးသားစွာ မဲဆွယ်သူတွေကို အနှောင့်အယှက်ပေး၏။ လုပ်ကြံ၏။ တိတ်တဆိတ် ချောင်းမြောင်း ရိုက်နှက်၏။ ရိုးသားစွာ မဲဆွယ်တရားပွဲ ကျင်းပနေသည်ကို တရားပွဲပျက်စီးအောင် တရားနာပရိသတ်တို့ ထိတ်လန့်ချောက်ချားလာအောင် ဗုံးထောင်၏။  ဖောက်ခွဲ၏။ လူအစုအဝေးဖြင့် အေးဆေးစွာ ရှိနေသူတို့ကို ချောက်ချားအောင် အကြောက်တရား အမျိုးမျိုးဖြင့် မဲဆွယ် တရားပွဲ ပျက်ပြားသွားအောင်လုပ်၏။ အေးချမ်းစွာ နားထောင်သူတို့ တရားပွဲမှာ ငြိမ်းချမ်းစွာ ရှိနေသည်ကို ထွက်ပြေးသွားအောင် ရုန်းရင်းဆန်ခတ် ရန်ပွဲများ ကျင်းပ၏။ ယင်းနည်းတို့ဖြင့် ဖျက်မြင်း (၄) သည် ငြိမ်းချမ်းစွာ ရွေးကောက်ပွဲ ကျင်းပမှုအပေါ်တွင် ပြည်သူလူထု ထိတ်လန့်တကြားဖြစ်အောင် ပုံစံအမျိုးမျိုး အသွင်အမျိုးမျိုးဖြင့် ကိစ္စကောင်းကို ကိစ္စဆိုးဖြစ်အောင် ဇွတ်လုပ်၏။ အကြမ်းဖက် အသွင်သဏ္ဌာန်ဖြင့် ငြိမ်းချမ်းသည့် ရွေးကောက်ပွဲစနစ်ကို မပျက်ပျက်အောင် ဖျက်သော အဖျက်သမားသက်သက်ပင်ဖြစ်၏။
တွန်းလှန်ကျော်လွှား
ယခုမိမိတို့ ဖျက်မြင်း(၄) မျိုးကို မြင်တွေ့ခဲ့ရပြီ။ ယင်းသို့ဆိုလျှင် ဖျက်မြင်းတို့၏ အနေအထား၊ အစားစားကို သိထားအပ်၏။ သိထားမှသာလျှင် ဖျက်မြင်းတို့ကို ရှောင်ရှားနိုင်မည် ဖြစ်၏။
သို့တိုင် ပုံစံအမျိုးမျိုး၊ အသွင်အမျိုးမျိုးလုပ်ရင် အမျိုးမျိုးဖြင့် တရားမျှတ ဟန်လုပ်လျက် ရွေးကောက်ပွဲ အခင်းအကျင်းထဲသို့ ဝင်လာသော ရွှေပြည်အေး တရားဟောလျက် အပျက်တွင်တွင် လုပ်တတ်သော ဖျက်မြင်း တို့ကို ရှောင်ရှားရန်မှာ သတိတော့ ကြပ်ကြပ်ထားရှိရမည်ပင်။
သေသေချာချာ သတိထားလျှင် အဟုတ်ပင် ဖျက်မြင်းပုံပန်းသဏ္ဌာန် ပေါ်လာလေသည်။ ထိုအခါတွင် မဲဆန္ဒရှင် ပြည်သူလူထုသည် ဖျက်မြင်းတို့၏ ချောက်ချမှု ဆင်ကွက်တို့ကို တွန်းလှန် ကျော်လွှားလျက် အမှန်မဲပေးရမည့်ဘက်ကို ရွေးချယ်မဲပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

Most Read

Most Recent