ချာလီချက်ပလင် ဝေဒနာ

ချာလီချက်ပလင် ဝေဒနာ
Published 27 October 2015
တက္ကသိုလ်မိုးဝါ

အသံတိတ်ခေတ် ရုပ်ရှင်လောက၌ ကမ္ဘာနှင့်အဝန်း ကျော်ကြားခဲ့သူ ချာလီချက်ပလင်  (Charlie Chaplin) တွင် ဝေဒနာတစ်ရပ် ကျန်ရစ်ခဲ့သည်။  ထိုဝေဒနာကိုလည်း စာရေးသူတို့ ရင်နင့်စွာ မျှဝေခံစားခဲ့ဖူး၊ ခံစားနေရ ဆဲဖြစ်သည်။
ချာလီချက်ပလင်ကို အများအားဖြင့် သိကြမည်မဟုတ်။ မသိကြဟုဆိုပင် ဆိုရငြားလည်း ဤမျှ နာမည်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်တစ်ယောက်ကို အနည်းဆုံးတော့ ကြားဖူးကြမည် ထင်သည်။ သူသည် အင်္ဂလိပ်လူမျိုး ဟာသသရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာ၊ တေးရေးစာဆို၊ ဇာတ်ညွှန်းရေးဆရာ၊ ဇာတ်ကား ထုတ်လုပ်သူ၊ တည်းဖြတ်သူ စသည့်ဂုဏ်ပုဒ်နာမများစွာ ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်သည်။  ၁၈၈၉ ခုနှစ်တွင် မွေးဖွားပြီး ၁၉၇၇ တွင် ကွယ်လွန်သော သူ့တွင် အိမ်ထောင်လေးဆက် ရှိခဲ့၏။ အိမ်ထောင်သက် တစ်ဆက်တိုင်း နှစ်နှစ် သုံးနှစ်သာ တည်တံ့သည်။  နောက်ဆုံး အိမ်ထောင်သက်သာလျှင် အနှစ်သုံးဆယ်ကျော် တည်တံ့ခဲ့သည်။ သားသမီး ၁၁ ယောက် ထွန်းကားခဲ့သည်။
ချာလီချက်ပလင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ဇာတ်ကား မှန်သမျှတွင် သူတီထွင်ခဲ့သော ဇာတ်ရုပ် “ကလေကချေ”  (the Tramp) တစ်ဦးအဖြစ် ကိုယ်တိုင်ပါဝင် အသုံးတော် ခံခဲ့သည်ကို တွေ့ရသည်။ ယင်း “ကလေကချေ” ဇာတ်ရုပ်ဖြင့်ပင် ကမ္ဘာကျော်ကြားသော ပြယုဂ်တစ်ခုအဖြစ် အများ၏ အသိအမှတ် ပြုခြင်းခံခဲ့ရသည်။ အလွန်ထူးခြားသည့် “ကလေကချေ” ဇာတ်ရုပ်သည် မည်သည့်ရှုထောင့်ကပင် ကြည့်ကြည့် ဝိရောဓိ အသွင်ဆောင်နေရမည်ဟု သူကပြောကြားသည်။  ဥပမာအားဖြင့် ပွယောင်းယောင်း ဘောင်းဘီ၊ ကျပ်လွန်းသော ကုတ်အင်္ကျီ၊သေးငယ်သော ဦးထုပ်နှင့် ကြီးမားသော ရှူးဖိနပ်တို့ဖြင့် တန်ဆာဆင်ထားသည့် ဇာတ်ရုပ်မျိုး ဖြစ်သည်။  ပြီးတော့ ပို၍အသက်ကြီးရင့်သော အမြင်မျိုးရရန် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေးထူထူကိုလည်း တပ်ဆင်လိုက်သေးသည်။
Mutual နှင့် First National ကော်ပိုရေးရှင်း စသည့် ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့အစည်းများသို့ သွားရောက် ဆက်သွယ်လုပ်ကိုင်သည့်နောက်ပိုင်း ၁၉၁၉ ခုနှစ်တွင်  United Artists ရုပ်ရှင်ဖြန့်ချိရေး ကုမ္ပဏီကို အခြားသူတစ်ဦးနှင့် ဖက်စပ် တည်ထောင်ခဲ့သည်။  Mutual ထုတ်လုပ်ရေး ကုမ္ပဏီနှင့်လည်း တစ်နှစ်လျှင် ဒေါ်လာ ၆၇၀၀၀၀ ဖြင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။ အသက် ၂၆ နှစ်အရွယ်တွင် ထိုအချိန်က ချာလီချက်ပလင်ရရှိသည့် ဝင်ငွေမှာ တစ်ကမ္ဘာလုံး၌ စံချိန်ချိုးလိုက်သည့် ဝင်ငွေဖြစ်ခဲ့သည်။  United Artists ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဖြစ်သောကြောင့် သူသည် ဇာတ်ကား ရိုက်ကူး ထုတ်လုပ်ရာတွင် ငွေကြေးအားဖြင့် အခက်အခဲမရှိ၊ မိမိစိတ်ကြိုက် တွေးခေါ် ဖန်တီးခွင့်ကို လွတ်လပ်စွာ ဖော်ဆောင်နိုင်ခဲ့သည်။  သူ၏ ဇာတ်ကားအတော်များများတွင် သရုပ်ဆောင်ထားသည့် “ကလေကချေ” ဇာတ်ရုပ်ထဲ၌ သူသည် သူ၏ ဘဝအမှန်ဖြစ်သည့် ကလေကချေဘဝမှ လူကြီးလူကောင်း အသွင်သဏ္ဌာန်၊ အပြုအမူနှင့် သိက္ခာမျိုးကို ပြသနိုင်ရန် ကြိုးပမ်းခဲ့သည်။
ချာလီချက်ပလင်သည် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀ ထက်မနည်း ရေးသားရိုက်ကူး ထုတ်လုပ်ခဲ့ရာတွင် နောက်ပိုင်းကာလ၌ ဇာတ်လမ်း၏ ကျောရိုးများသည် ပို၍နိုင်ငံရေး ဆန်လာခဲ့သည်။  ၁၉၄၀ ခုနှစ်တွင် ဟစ်တလာအား သရော်ထားသော  “The Great Dictator”  ဇာတ်ကားကို ထုတ်လုပ်ပြီးသည့် နောက်ပိုင်း သူ၏ကျော်ကြားမှု တဖြည်းဖြည်း ကျဆင်း မှေးမှိန်လာသည်။
မည်သို့ပင်ဆိုစေ ချာလီချက်ပလင်သည် ပြီးပြည့်စုံမှုနှင့် တိကျမှုကို အလေးပေး ခံယူထားသူဖြစ်ပြီး ငွေကြေး အခက်အခဲမရှိသူ တစ်ဦးဖြစ်သဖြင့် ဇာတ်ကားများအား နှစ်များစွာ အချိန်ယူကာ အဆင့်မြှင့် ထုတ်လုပ်ခဲ့သူဖြစ် သည်။ သူ့ဇာတ်ကားများ၏ အထူးပြု လက္ခဏာရပ်တို့မှာ လိုသည်ထက် ပိုလွန်အောင် လှုပ်ရှားပြပြီး လူတို့အား ရယ်မောစေရန် ကလိထိုးခြင်းဖြစ်သည်။ နာမည်ကျော်ကြားသော ဟာသဇာတ်ဆောင် တစ်ယောက် ဖြစ်သည် နှင့်အမျှ ချာလီချက်ပလင် အတုနှင့်အစစ် ခွဲ ခြားမှု ပြိုင်ပွဲတစ်ရပ်ကို အဖွဲ့အစည်း တစ်ခုက ကြီးမှူးကျင်းပခဲ့သည်ကို အမှတ်ရနေပါသေးသည်။ ကျင်းပသည့် အချိန်ကာလနှင့် ခုနှစ်ကိုတော့ မှတ်တမ်း ပြုထားခြင်းမရှိတော့၍ မသိနိုင်တော့ပါ။
အဆိုပါပြိုင်ပွဲတွင် ရုပ်ဆင်းအင်္ဂါ ဆင်တူယိုးမှား ချက်ပလင် အများအပြားနှင့်တကွ အစစ်ကိုပါ ဝင်ရောက်ပြိုင်စေကာ အကဲခတ် ဒိုင်များက ချက်ပလင်အစစ်ဟု ထင်ရသူက ရွေးထုတ် ဆုပေးရန်ဖြစ်သည်။
“ချာလီချက်ပလင် ဝေဒနာ”
ဆယ်စုနှစ်များစွာ
အနုပညာစွမ်းရည်၊ အဆီအနှစ်
ထုတ်ဖော်လှစ်ပြ၊ တစ်ခေတ်တစ်ခါ
ထူထောင်လာတဲ့၊ ချာလီချက်ပလင်
အသင်ရဲ့ စွမ်းပကား၊ ပညာသားကို
လေးစားအားကျမိပါရဲ့ ….။
ပြိုင်ပွဲတဲ့လေ….
ပရိသတ်တွေကြား၊ စင်ပေါ်ထားလို့
ခွဲခြားမပီ၊ ဝချာလီ’များစွာ
တန်းစီပါ ရွေးပါ၊ ဘယ်ဟာအစစ်
မျက်ရစ်မျက်ခုံး၊ မျက်လုံးမျက်ဖန်
ကိုယ်ဟန်အနေအထား၊ ခြေဆုံးဖျားထိ
တူသလားမမေးနဲ့….။
အတုတစ်ယောက်ကပထမ
နောက်အတုကဒုတိယ၊ တတိယနေရာ
ခမျာချာလီအစစ်၊ မျက်နှာ မသစ်ခဲ့မိလို့
ဇာတ်ပို့ဖြစ်ရ၊ ဟာသခုံမင်
ပျော်ရွှင်စရာပွဲတစ်ပွဲ
ယှဉ်ပြိုင်နွှဲကြပေမယ့်…..။
လူ့လောကကြီးတွင် လူတို့သည် အောင်မြင်သူ၊ ကျော်ကြားသူ၊ အရည်အချင်း ပြည့်ဝသူတို့၏ နေရာကို ရယူရန်အတွက် အထက်ပါအတိုင်း ပြိုင်ပွဲ၌ အကဲဖြတ်ဒိုင်တို့ကိုပင် မျက်စိလှည့်စားပြီး အနိုင်ယူနိုင်စွမ်း ရှိပါကလားဟူသော သင်ခန်းစာတစ်ခုအား အလိုအလျောက် ရရှိခဲ့သည်။  ထိုမျှသာမကဘဲ ယင်းအဖြစ်သနစ် မှာ အပေါ်ယံအနေဖြင့် တွေးကြည့်ပါက ရယ်စရာပျော်စရာဟု ထင်မိနိုင်သော်လည်း တကယ်တမ်းမူ ထိတ်လန့်စရာ သတိထားရမည့် အဖြစ်သနစ် ဖြစ်နေလေသည်။
လောကကြီးမှာ
ချာလီရဲ့သနစ်၊ အဖြစ်ဟာ
 ရယ်စရာထင်ရပါလည်း
ဝမ်းသာအံ့သြ၊ ပျော်မောဖွယ်မဟုတ်
ရုတ်ခြည်းအတွေးပွား၊
စိတ်ချောက်ချားတယ်။
ထိတ်လန့်စရာ၊ သတိထားစရာအဖြစ် တစ်ခုမှတစ်ဆင့် စေ့စေ့တွေးလျှင် စိတ်ချောက်ချားစရာ အဖြစ်တစ်ခုသို့ လျင်မြန်စွာ ကူးပြောင်းသွားလေသည်။
ချာလီချက်ပလင် တစ်ယောက်တည်း သာမဟုတ် စာရေးသူတို့သည်လည်း ချာလီခံစားခဲ့သည့် ဝေဒနာမျိုးကို ယခုတိုင် မျှဝေခံစား နေဆဲပင်ရှိသည်။ ယင်းဝေဒနာ၏ ဒဏ်ရာဒဏ်ချက်ကို ကြိုးပမ်းကုသ၍ ပျောက်ကင်းမည့် အခြေအနေသို့လည်း ဆိုက်ရောက်လာပြီ မဟုတ်ပါလား။ နေရာမှန် ပျောက်သွားခဲ့သော ချာလီချက်ပလင်အတွက် ရေးထားသော အဆုံးသတ်သုံးကြောင်းကဗျာ…..
ချာလီချက်ပလင်
အသင်ရဲ့ နေရာ
ဘယ်မှာ…  ဘယ်လဲ….။
(ပေဖူးလွှာမဂ္ဂဇင်း - ၁၉၈၇ မေလ)

Most Read

Most Recent