မအောင်မြင်သော ကစားပွဲ

မအောင်မြင်သော ကစားပွဲ
Published 27 October 2015
မြတ်သစ်

ပူတင်သည် ယခုအပတ်အတွင်း၌ ဆီးရီးယားသမ္မတ အာဆတ်နှင့် တွေ့ဆုံသည့်အခါတွင် တစ်ကမ္ဘာလုံးက ပို၍အံ့အားသင့်သွားခဲ့သည်။ ဆီးရီးယားနိုင်ငံတွင် ရုရှားတို့က စစ်ရေးအရ ဝင်ရောက် ပါဝင်မှုကြောင့် နိုင်ငံတကာက အံ့အားသင့် ဖြစ်ခဲ့ရသည်။ ယမန်နှစ်က ယူကရိန်းကို ဝင်ရောက်ခဲ့သော ပူတင်၏ မဟာဗျူဟာကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ သူက ဆီးရီးယားအရေးတွင် ပါဝင်ပတ်သက်မှု ရှိလာပြန်သည့်အခါတွင် ပူတင်အနေဖြင့် ကျူးကျော်ရေး မဟာဗျူဟာကို ထပ်မံ အသုံးပြုလာပြီဟု နိုင်ငံတကာမှ အကဲခတ်သမား များက သုံးသပ်ထားကြသည်။
တကယ်တမ်းကျတော့ ရုရှားနိုင်ငံသည် ခွန်အားပြည့်ဝခြင်း မရှိပေ။ လွန်ခဲ့သည့် ငါးနှစ်က ရုရှားနိုင်ငံသည် ပြည်တွင်းမှာရော ပြည်ပမှာပါ ခွန်အားပြည့်ဝသော နိုင်ငံတစ်ခုအဖြစ် တည်ရှိခဲ့သည်။ ယနေ့အခါတွင် ပူတင် သည် စစ်ရေးအင်အားကို လက်နက်သဖွယ် အသုံးပြုပြီး လုပ်ဆောင်နေခြင်းမှာ ခေတ်မမီသော နိုင်ငံတကာ ဆက်ဆံရေးတစ်ရပ်ကို ကျင့်သုံးနေခြင်း ဖြစ်သည်။
ပူတင်၏ လုပ်ဆောင်ချက်များသည် မှားယွင်းနေပြီး အနာဂတ်တွင် ကျရှုံးမှု ဖြစ်လာမည်ကို မြင်တွေ့နေရသည်။ အမေရိကန်နှင့် မဟာမိတ်များသည် ရုရှားနိုင်ငံ ကျရှုံးမည့်အရေးကို လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ ရုရှားတို့၏ လုပ်ဆောင်ချက်များကို မည်ကဲ့သို့ ဟန့်တားမည်ကို သုံးသပ်ရပေတော့မည်ဟူသော အယူအဆများလည်း ထွက်ပေါ်နေသည်။
လွန်ခဲ့သည့်ငါးနှစ်က ရုရှားနိုင်ငံသည် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ယူကရိန်းနိုင်ငံကို မဟာမိတ်အဖြစ်သဘောထားပြီး ယာနူကိုဗစ်ချ်ကို အာဏာရအောင် လုပ်ဆောင်ပေးခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးနောက် ယင်းနေရာတွင် အစားထိုးရန်အတွက် ယူရေးရှန်း စီးပွားရေးသမဂ္ဂတစ်ခုကို အစားထိုးဖို့ စီစဉ်ခဲ့သည်။
မော်စကို အနေဖြင့် ဥရောပတိုက်နှင့် သာမကဘဲ အမေရိကန်ပြည်ထောင်စုနှင့်သာ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။ ထိုစဉ်က သမ္မတဖြစ်သူ မက်ဗီဒက်သည် ၂၀၁၀ ပြည့်နှစ်တွင် လစ္စဘွန်း မြို့၌ကျင်းပခဲ့သည့် နေတိုး ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ မက်ဗီဒက်က မိမိတို့နှင့် ဥရောပတိုက်တို့ ဆက်ဆံရေး အေးစက်မှုများရှိခဲ့ကြောင်း၊ ယခုအခါတွင် မဟာဗျူဟာအကျဆုံး မဟာမိတ် ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်က ရုရှားအနေဖြင့် မိတ်ဖက် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်မှုတွေ ပြုလာခဲ့သည်။ ရုရှားပြည်သူ သုံးပုံနှစ်ပုံကလည်း အမေရိကန်အပေါ် သဘောထားအမြင်တွေ ပြောင်းသွားပြီး အပြုသဘောဆောင်သည့် ဆက်ဆံရေးတွေ ရှိလာပြီဟု ယူဆထားကြသည်။ ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ်အတည်း ရင်ဆိုင်ရပြီးသည့်နောက် ရုရှားနိုင်ငံ၏ စီးပွားရေးမှာလည်း တိုးတက်လာခဲ့သည်။ အမေရိကန်နှင့် ကုန်သွယ်မှုမှာလည်း မြင့်တက်လာသည်။ ထို့အတူ ဥရောပတိုက်ရှိ နိုင်ငံများနှင့်လည်း စီးပွားရေး တိုးတက်လာခဲ့သည်။ ရုရှားနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့အစည်း ဝင်ရောက်ရေး လမ်းကြောင်းပေါ်ကို ရောက်ရှိလာသည်။
၂၀၁၀ ပြည့်နှစ်တွင် ရုရှားနိုင်ငံသည် အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရေးတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်။ မက်ဗီဒက်လက်ထက်တွင် ရုရှားနိုင်ငံသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ် မေလတွင် မက်ဗီဒက် သမ္မတရာထူးကို စွန့်လွှတ်ခဲ့ရသည်။
ပူတင်လက်ထက်တွင်တော့ မက်ဗီဒက် လက်ထက်ကနှင့် အခြေအနေမတူတော့ပေ။  ရုရှားနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းချက်တွင် နောက်ကွယ်မှ အမေရိကန် ပါနေသည်ဟု ယူဆထားသည်။ ထို့ပြင် ဆီးရီးယား၊ အီဂျစ်နှင့် ယူကရိန်းတို့တွင်လည်း အင်အားသုံးပြီး ဖြေရှင်းရေးကို မလိုလားခဲ့ပေ။ သမ္မတဖြစ်ပြီးသည့်နောက်တွင် ပူတင်က ပြည်တွင်းရှိ ဒီမိုကရေစီ အခွင့်အရေး တောင်းဆိုသူများနှင့် အစိုးရ ဆန့်ကျင်သူများအား သစ္စာဖောက်များဟု တံဆိပ်ကပ်ပြီး နှိမ်နင်းခဲ့သည်။
ပူတင်လက်ထက်တွင် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမှာလည်း ရပ်တန့်သွားသည်။ ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျလာသည်။ အစိုးရပိုင်း စီးပွားရေးလုပ်ငန်းတွေက ပိုမို ကြီးထွားလာသည်။ ယူကရိန်းနိုင်ငံကိုဝင် ရောက်တိုက်ခိုက်မှုနှင့်အတူ ပူတင်အပေါ် လူထုထောက်ခံမှုမှာလည်း ကျဆင်းခဲ့သလို နိုင်ငံတကာကလည်း ရုရှားနိုင်ငံကို ဆန့်ကျင် မှုတွေ ပြုလုပ်လာခဲ့ကြသည်။ နောက်ဆုံးတွင် စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားစီးပွားရေးမှာ ပိုမိုဆိုးရွားလာခဲ့သည်။
နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရသော ပူတင်သည် ဆီးရီးယား အရေးတွင် အာဆတ်ဘက်မှနေ၍ ရပ်တည်ပြီး လက်နက်ကိုင် တိုက်ခိုက်နေသော အာဆတ်အစိုးရ ဆန့်ကျင်ရေး သူပုန်များကို လေကြောင်းမှနေ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ရုရှားလေကြောင်းမှ တိုက်ခိုက်မှုများမှာ IS များမပါဝင်ကြောင်းကို နိုင်ငံတကာက သိရှိထားပြီး ဖြစ်သည်။ တကယ်တမ်းကျတော့ ရုရှားက လေကြောင်းမှ ဝင်ရောက် တိုက်ခိုက်ပေးမှုသည် အာဆတ်၏ အာဏာ တည်မြဲရေးကိုသော်လည်းကောင်း၊ နိုင်ငံတစ်ခုလုံး  အာဆတ်၏ သြဇာအာဏာ သက်ရောက်မှုကိုသော်လည်းကောင်း မည်သည့်အရေးနှင့်မျှ အထောက်အကူ ပြုပေးနိုင်မည်မဟုတ်ပေ။
ပူတင်အနေဖြင့် ယူကရိန်းနှင့် ဆီးရီးယားတို့တွင် စစ်ရေးအရ ပါဝင်ပတ်သက်နေမှုကို ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်ဟူသော သုံးသပ်ချက်များ ထွက်ပေါ်နေသည်။ အထူးသဖြင့် ဆီးရီးယား၏ အရေးတွင် အာဆတ်ကို ဆန့်ကျင်နေသည့် သူပုန်များအား စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မှုသည် သူပုန်များကိုသာ အထိနာစေမည်ဖြစ်ပြီး နိုင်ငံတကာက အဓိကရန်သူအဖြစ် သတ်မှတ်ထားသည့် IS များကို အကာအကွယ် ပေးနိုင်သည့် သဘောဟုလည်း သက်ရောက်နေသည်။ ပူတင်သည် ယူကရိန်းနိုင်ငံကို ဝင်ရောက်မှုအား ဖုံးကွယ်ထားသည့် အနေဖြင့်လည်းကောင်း၊ အာရုံကို တစ်ဖက်သို့ ပြောင်းလဲသွားစေရန် သော်လည်းကောင်း ဆီးရီးယားနိုင်ငံကို လေကြောင်းမှနေ၍ ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ ခရိုင်းမီးယားကို ရုရှားပိုင်နက် အတွင်းသို့ ထည့်သွင်းခြင်းနှင့် ယူကရိန်းအရှေ့ပိုင်းကို ကျူးကျော်ခြင်းသည် ရုရှားနှင့် နေတိုးတို့ ရေးထိုးထားသည့် သဘောတူစာချုပ်ကို ရုရှားဘက်မှ ချိုးဖောက်ခြင်းပင် ဖြစ်သည်။
ရုရှားနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် လိုအပ်နေသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန်အတွက် အနောက်နိုင်ငံများမှ အကူအညီ အထောက်အပံ့များ လိုအပ်နေသည်။ ထို့ပြင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့လည်း လိုအပ်နေသည်။ ဤလိုအပ်ချက်များကို အနောက်နိုင်ငံ များမှနေ၍ ဖြည့်ဆည်းပေးဖို့ လိုအပ်နေသည်။ အင်အားတောင့်တင်းသော၊ ချမ်းသာကြွယ်ဝသော၊ ဒီမိုကရက်တစ်ကျသော ရုရှားနိုင်ငံတစ်ခု ဖြစ်လာမှသာ ရုရှားနိုင်ငံသည် နိုင်ငံတကာ အဝန်းအဝိုင်းသို့ ပြန်လည် ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဤသို့ လုပ်ဆောင်နိုင်ရန်အတွက် ရုရှားတွင် ခေါင်းဆောင်သစ်တစ်ယောက် ပေါ်ပေါက်ဖို့ လိုအပ်မည်ဖြစ်သည်။
ပူတင်ကို အထီးကျန်အောင် လုပ်ဆောင်ထားခြင်းဖြင့် ရုရှားနိုင်ငံကို ပြောင်းလဲနိုင်မည် မဟုတ်ဟူသော အယူအဆများလည်း ရှိနေသည်။ ထိုအယူအဆရှိသူများကတော့ ကျဆုံးနေပြီဖြစ်သည့် အာဏာရှင်များကို အင်အားသုံးပြီး ဖယ်ရှားခြင်းမှာ ကြီးကျယ်ခမ်းနားသော မဟာဗျူဟာတစ်ရပ် မဟုတ်ဟု လက်ခံထားကြသည်။ ရုရှားနိုင်ငံသည်လည်း အပြောင်းအလဲတစ်ရပ်ကို ဦးတည်လျက်ရှိသည်။ ပူတင်ကို ယခုကျင့်သုံးနေသည့် မဟာဗျူဟာကို ရပ်တန့်ဖို့အတွက် ဆီးရီးယားအရေးအပေါ် အခြေခံပြီး နိုင်ငံတကာမှ မဟာဗျူဟာသစ်တစ်ရပ်ကို ချမှတ်ဖို့ လိုနေပြီဖြစ်ကြောင်း မိုက်ကယ် အေမက်ဖောက သုံးသပ်ထားသည်။

Most Read

Most Recent