အပြောင်းအလဲရှိရာသို့

အပြောင်းအလဲရှိရာသို့
Published 26 October 2015
ရဲခေါင်မဲမောင်

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် အချိန်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ အရှိန်အဟုန် ကောင်းလာသကဲ့သို့ အင်အားကြီးပါတီနှစ်ခု၏ ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်လည်း ဖြစ်လေသည်။
ပြည်ပရောက် အလုပ်သမားများ၏ ကြိုတင်မဲများကို ၁၅-၁၀-၂၀၁၅ ရက်မှစ၍ ထည့်ခွင့်ပြုခဲ့ရာ သက်ဆိုင်ရာ သံရုံးအသီးသီးရှေ့၌ မဲဆန္ဒရှင် ပြည်သူများဖြင့် ဆူညံစည်ကားနေသည့် သတင်းများကို မီဒီယာများမှတစ်ဆင့် တွေ့မြင်ဖတ်ရှု နေရပါသည်။ ထိုင်း၊ စင်ကာပူ၊ တောင်ကို ရီးယား၊ ဂျပန်၊ ဘရူနိုင်း၊ အမေရိကန် အစရှိသည့် တိုင်းပြည်များသို့ ရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ မဲပေးမှုမှာ တစ်ပတ်ခန့်အချိန် အတွင်းမှာပင် ၁၈၀၀၀ ဦးနီးပါး ရှိပြီးဖြစ်ကြောင်း မီဒီယာများ ဖော်ပြချက်အရ သိရှိရသည်။
စင်ကာပူနိုင်ငံ၌ မဲပေးသူဦးရေ များပြားသောကြောင့် သံရုံးရှေ့လမ်းမ ပလက်ဖောင်းများပေါ်တွင် အိပ်စက်စောင့်ဆိုင်း နေကြရသည့် ဓာတ်ပုံများ အဆိုပါ မဲဆန္ဒရှင်များအား သဒ္ဓါတတ်အားဖြင့် တစ်ပိုင်တစ်နိုင် ချက်ပြုတ်ကျွေးမွေး နေကြသည့် ဓာတ်ပုံများကိုလည်း ကြည်နူးစဖွယ် တွေ့မြင်နေရပြန်ပါသည်။
ထိုကဲ့သို့ ညအိပ်စောင့်ဆိုင်း ခဲ့သော်လည်း မဲလက်မှတ်မပါ၍ မဲပေးခွင့် မရရှိခဲ့သော ကိုဇေယျာလင်းဆိုသူ အမျိုးသားတစ်ဦး ဝမ်းပန်းတနည်း ငိုကြွေးနေသည့် ဗီဒီယိုဖိုင် တစ်ခုကိုလည်း လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တွေ့ရသည် ၎င်းအပြင် မဲပေးရန်အတွက် တစ်ညလုံး ထိုင်စောင့်နေခဲ့ရသည့် မနွေဦးဝေဆိုသည့် အမျိုးသမီးကလေး တစ်ဦးမှာလည်း သူမ၏အမည်ဘေး၌ “နိုင်ငံမဲ့” ဟု မင်နီဖြင့် ရေးသားထားခြင်းကို တွေ့လိုက်ရပြီး မဲပေးခွင့် မရရှိခဲ့ပြန်ပါ။ မဲပေးခွင့် မရရှိခြင်းနှင့် ပတ်သက်၍ သူမကို အင်တာဗျူးဗီဒီယို ရိုက်ကူးသောအခါ “နိုင်ငံမဲ့” အဖြစ် သတ်မှတ်ခံရခြင်းအပေါ် ဝမ်းနည်းစိတ် ထိခိုက်ပြီးလျှင် လမ်းမပေါ်သို့ သတိလစ်မေ့မျော လဲကျသွားခဲ့ပေသည်။
မဲပေးခွင့် ရရှိသူများ အနေဖြင့်လည်း မသင်္ကာဖွယ်ရာ အချက်အလက်များကို တွေ့ခဲ့ကြရပါသည်။ မဲပေးရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့ အတွက်အပြင် လူမျိုးစု လွှတ်တော်အတွက်ပါ သုံးနေရာ သို့မဟုတ် လေးနေရာ မဲလက်မှတ် ရရှိရမည် ဖြစ်သော်လည်း နှစ်နေရာစာသာ ရရှိကြသည်။ အများစု မရရှိသော နေရာမှာ ပြည်သူ့လွှတ်တော် အတွက်ဖြစ်ပြီး ထိုပြည်သူ့ လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သူများမှာ အစိုးရအဖွဲ့ဝင် လူကြီးများနှင့် တပ်မတော်မှ အငြိမ်းစားယူထားသည့် စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်နေကြသည်။ ထိုအချက်များက မဲလိမ်၊ မဲခိုးနှင့် မဲမသမာ သူများအတွက် သံသယများကို တိုးပွားစေပါသည်။
မဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) နှင့် လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြခဲ့သော်လည်း မဲပေးခွင့်ရှိသည့် စာရင်း၌ အမည်ပါမလာခြင်း မဲလက်မှတ် ပြည့်စုံလုံလောက်စွာ မရရှိခြင်းတို့နှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံမှ ဒေါက်တာထွန်းအောင်ရွှေ ဆိုသူက “ဒီတော့ မေးပါရစေ (၁) ရွေးကောက်ဗဟိုနဲ့ အဖွဲ့ခွဲတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းချက်နဲ့ နိုင်ငံသားများရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးမှုများအတွက် မည်သူ့တွင် တာဝန်ရှိပါသလဲ (၂) မပါလာသော မဲများကို ကြားတစ်ဆင့်တွင် လိုသလိုဖြည့်စွက်  မဲရုံမှူးလက်မှတ် အတုထိုး...ပြီးမှ သက်ဆိုင်ရာ မဲရုံကို နိုင်ငံခြားမှ ရောက်လာသော ကြိုတင်မဲများဟု ပေးပို့ခြင်းမျိုး မဖြစ်စေရပါဘူးလို့ မည်သူက အာမခံချက် ပေးနိုင်ပါသနည်း။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်ကို သမ္မတက အဖွဲ့အစည်းပေးရပြီး တာဝန်မဲ့မှုများအတွက် သမ္မတကသာ စွပ်စွဲပြစ်တင်လို့ ရတယ်လို့ ဆိုထားပါတယ်။ နိုင်ငံသားများရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးမှုများအတွက် နိုင်ငံသားများက တိုက်ရိုက် စွပ်စွဲအပြစ်တင်ခွင့် ပေးမထားပါ။ သမ္မတကြီးခင်ဗျာ သမ္မတကြီးရဲ့ သမိုင်း သမ္မတကြီးပဲ ရေးရပါမည်” ဟု ၎င်း၏ ဗီဒီယိုဖိုင် အင်တာဗျူးတွင် ရေးသားဖော်ပြ ထားသည်ကို တွေ့မြင်ဖတ်ရှု ရပေသည်။
လေးစားစရာ ကောင်းသည့် အဖွဲ့တစ်ဖွဲ့ကလည်း မဲထည့်ခွင့်ရရှိပြီး သံရုံးအတွင်း မဲထည့်၍ ပြန်လာသူများကို အပြန်လမ်းမှ စောင့်ကြိုကာ မည်သည့် ကိုယ်စားလှယ်လောင်းကို မဲထည့်ခဲ့ပါ သနည်းဟု Survey ပြုလုပ်နေသည်ကို တွေ့ရသည်။ ဤသည်ကလည်း မဲရလဒ် ကြေညာသောအခါ ဖြစ်ပေါ်လာနိုင်သည့် မဲမသမာမှုကို အနည်းနှင့် အများကာကွယ် နိုင်လိမ့်မည်ဟု ယုံကြည်ရပေသည်။
မဲစာရင်း မှားယွင်းနေမှုများနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြကြသော လူပုဂ္ဂိုလ်များ၊ မီဒီယာများကို ယခုနောက်ဆုံး ပြောကြားလိုက်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ စကားမှာ “မဲစာရင်း မှန်ကန်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ အပြစ်တင် ပြောဆိုနေမှုများ သာရှိကြောင်း၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း မဲလက်မှတ်များ ဖယောင်းသုတ်ထားသည်ဟု အကြောင်းပြပြီး ပြဿနာပေါ်ပေါက်အောင် ဖန်တီးခဲ့ကြောင်း၊ ယခုလည်း မဲစာရင်းမှားသည်ဆိုပြီး အကြောင်းပြနေကြောင်း၊ ယခုလို ဆောင်ရွက်နေခြင်းသည် လိုချင်သည့် ရလဒ်မရပါက ပြည်တွင်းပြည်ပ ဖိအားကို အသုံးပြု၍ ရလဒ်ကို ငြင်းပယ်ရန် ဆောင်ရွက်နေသည်ဟု ယူဆရကြောင်း” ဟုဖြစ်သည်။ ပြည်သူများ အနေဖြင့် ဦးတင်အေးပြောသည့် “ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ” ဆိုသည့် စကားကို နားမလည်နိုင်ကြ။ ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာထားသည့် မဲစာရင်းများကို သွားရောက်ကြည့်ရှု ခဲ့ကြသည်။ အမှားများအတွက် ပြင်ဆင်ချက်ပုံစံများ ဖြည့်စွက်၍ ပြန်လည်တင်ပြ လျှောက်ထားခဲ့ကြပြီ၊ မည်သည့်နေရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် ရဦးမှာပါလဲ။ ယခုထက်ပို၍ ပူးပေါင်း ဆောင်ရွက်စေလိုပါက ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအားလုံး နှုတ်ထွက်ပေးဖို့သာ ရှိပေသည်။
“လိုချင်သည့် ရလဒ်မရပါက ပြည်တွင်းပြည်ပ ဖိအားကို အသုံးပြု၍ ရလဒ်ကို ငြင်းပယ်ရန် ဆောင်ရွက် နေသည်ဟု ယူဆရကြောင်း” ဟု ဦးတင်အေးက ပြောပြန်သည်။ ၁၉၉၀ ရွေးကောက်ပွဲကို အငြိမ်းစား ဘဏ္ဍာတော်မင်းကြီး ဦးဘဌေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးစောကြာဒိုး၊ ဦးစန်းမောင်၊ ဦးကျော် ညွန့်နှင့် ဆရာချယ်တို့ ပါဝင်သော ရွေးကောက်ပွဲကော်မရှင်က တရားမျှတ သိက္ခာရှိစွာ ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲ၌ လိုချင်သည့် ရလဒ်မရသောကြောင့် ငြင်းပယ်ခဲ့ ကြသူများသည် မည်သူများ ဖြစ်ကြပါသနည်း။ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသာ ယခုလာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်းပြီး တရားမျှတစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ကျင်းပပေးခဲ့မည် ဆိုပါလျှင် ပြည်သူများလိုလား မျှော်မှန်းသည့် “ရလဒ်” မရနိုင်စရာ အကြောင်းမရှိပါ။ မြန်မာပြည်အနှံ့ ကျင်းပလျက်ရှိသော မဲဆွယ်စည်းရုံး ဟောပြောပွဲများ၌ ရဲရဲတောက် နေသည်ကို ကြည့်ခြင်းအားဖြင့် အဖြေက ရှင်းလင်းထင်ရှားပြီး ဖြစ်သည်။
ယခုလာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ ရလဒ်ကို ငြင်းဆန်နိုင်မည့် ရွေးကောက်ပွဲ မဟုတ်ပါ။ ရွေးကောက်ခံ ကိုယ်စားလှယ်များကိုလည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ထောင်ချခြင်း ပြုလုပ်နိုင်မည်လည်း မဟုတ်ပါ။ ၁၉၉၀ က ပါးစပ်မှထွက်သော အမိန့်အာဏာဖြင့် ကျင်းပရသည့် ရွေးကောက်ပွဲဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကျင်းပရမည့်ပွဲ ဖြစ်နေသည်။ ထို့အတူ ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့လည်း မဟုတ်ပြန်ပါချေ။ ၂၀၁၀ ရွေးကောက်ပွဲက NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ “အဝတ်” များက “အချွတ်” များ လက်ထဲသို့ “ငါ့အကျိုး စီးပွားကို အသက်ပေးကာကွယ် သိလား” ဟုဆိုကာ လွှဲပြောင်းပေးဖို့ ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲက NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ပြီး အကယ်၍ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါက အမှန်တကယ် အပြောင်းအလဲ ဖြစ်နိုင်သည့် ရွေးကောက်ပွဲဟု ယေဘုယျ ပြောနိုင်လေသည်။ ထိုကဲ့သို့ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ပါက ဒုသမ္မတ နှစ်ဦးကို တင်မြှောက်နိုင်ပြီးလျှင် ပြည်ထောင်စု လွှတ်တော်၌ မိမိတို့ တင်မြှောက်ထားသည့် ဒုသမ္မတနှစ်ဦးထဲမှ သမ္မတတစ်ဦးကိုလည်း ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲလာမည့် အပြောင်းအလဲကို မြင်ချင်သောကြောင့် နိုင်ငံခြား တိုင်းပြည်အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာများ ကြိုတင်မဲပေးကြရာ၌ ညအိပ်စောင့်ဆိုင်းကာ အပင်ပန်းခံခြင်း၊ မိမိအမည် မပါဝင်ပါက ဝမ်းပန်းတနည်း ငိုကြွေးခြင်း၊ သတိလစ် မေ့မြောသည်အထိ စိတ်ထိခိုက် ကြေကွဲရခြင်းတို့ ဖြစ်နေကြရခြင်းဟု ဆိုရမည် ဖြစ်ပါသည်။
ထို့အပြင် အဆိုပါ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့ရောက်ရှိနေရာ နိုင်ငံအစိုးရများ၏ အုပ်ချုပ်ပုံစနစ် ကောင်းမွန်မှုကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်နေသည်ကို တွေ့မြင်ကြရသည်။ တိုင်းသူပြည်သား များမှာလည်း မျှတလုံလောက်သော ဝင်ငွေများ ရရှိလျက် လူတန်းစေ့ နေထိုင်နိုင်ကြ သည်ကိုလည်း သိမြင်နေကြရသည်။ အဆင့်အတန်းရှိသော ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း လက်တွေ့ကျကျ တွေ့နေရသည်။ တရားဥပဒေ၏ အကာအကွယ်အောက်မှာ စိတ်ချလုံခြုံစွာ နေထိုင်နေကြရ သည်ကိုလည်း ခံစားနေကြရသည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံမှ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များနှင့်မတူဘဲ လူထုကို လေးစားလျက်၊ လူထုအကျိုးကိုသာ ဗဟိုပြုသည့် အစိုးရကိုလည်း တွေ့မြင်နေကြရသည်။ ထို့ကြောင့် ထိုကဲ့သို့သောနိုင်ငံ၊ ထိုကဲ့သို့သောပြည်သူ၊ ထိုကဲ့သို့သော အစိုးရမျိုးကို မြန်မာနိုင်ငံမှာ ဖြစ်စေ ရှိစေချင်လာကြသည်။ သူတို့၏ ရင်ထဲမှာရှိသော တိုင်းချစ်စိတ် ပြည်ချစ်စိတ်က စေ့ဆော်တွန်း အားပေးလိုက်သဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး အတွက် ကြိုတင်မဲထည့်ရန် လမ်းဘေး ပလက်ဖောင်းများ ပေါ်သို့ သူတို့ရောက်ရှိလာကြခြင်း ဖြစ်လေသည်။
ထိုနိုင်ငံရပ်ခြားရောက် မြန်မာ တိုင်းရင်းသားများ၏ တိုင်းချစ်ပြည် ချစ်စိတ်ကို ကျွန်တော်တို့ လေးစား အားကျကြရပါလိမ့်မည်။ အပြောင်းအလဲကို ဦးတည်သည့် ရွေးကောက်ပွဲ မဲပေးခြင်းအပေါ် ကျွန်တော်တို့ ပြည်သူများ အတုခိုး ကြရပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့သည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို လက်လွှတ်အဆုံးရှုံး မခံကြဘဲ ကျိန်းသေ မဲပေးကြရမည် ဖြစ်ပါသည်။ မဲလိမ်၊ မဲခိုးနှင့် မဲမသမာမှုများအတွက် သံသယရှိနေ ကြလင့်ကစား လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို ထိပါးနှောင့်ယှက်သည့် ခြိမ်းခြောက်မှုများ ရှိနေလင့်ကစား လာမည့် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးမှာ ကျွန်တော်တို့ “ရဲရဲတောက်” မဲပေးကြရပါလိမ့်မည်။ အပြောင်းအလဲက ကျွန်တော်တို့ ရှိရာသို့ ရောက်ရှိမလာခဲ့လျှင် ကျွန်တော်တို့က အပြောင်းအလဲရှိရာသို့ သွားကြရမည် ဖြစ်ပါသည်။
အပြောင်းအလဲရှိရာသို့ ရောက်အောင်သွားနိုင်မည့် လက်မှတ်တစ်စောင်က ကျွန်တော်တို့ကိုယ်စီ၏ လက်ထဲမှာ ရှိနေကြပြီ မဟုတ်လား။

Most Read

Most Recent