သူတို့ပြောတဲ့ နိုင်ငံရေး . . .

သူတို့ပြောတဲ့ နိုင်ငံရေး . . .
Published 26 October 2015
ကျော်ဇောလင်း

၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် လူထုစည်းရုံးပွဲတွေ၊ လှုံ့ဆော်ပွဲတွေ အပြိုင်လုပ်နေကြတယ်။ အထူးသဖြင့် အာဏာရ ပြည်ခိုင်ဖြိုး ပါတီနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီတို့ရဲ့ ပြိုင်ဆိုင်မှုဟာ တစ်ရက်ပြီး တစ်ရက် အရှိန်မြင့်သထက် မြင့်လာပါတယ်။
ရွေးကောက်ပွဲမှာ အဓိကပြိုင်ရမယ့် ဒီပါတီကြီး နှစ်ခုရဲ့ မဲဆွယ် စည်းရုံးမှုကာလ လှုပ်ရှားမှုတွေကို လူထုက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီပါတီနှစ်ခုရဲ့ မဲဆွယ်စည်းရုံးမှုမှာ ပါဝင်ကြတဲ့ ထောက်ခံသူတွေ ၊ မဲဆန္ဒရှင် ပြည်သူတွေထဲ စိတ်ဝင်စားစရာကတော့ အနှေးယာဉ် လုပ်သားတွေရဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ NLD ရဲ့ မဲဆွယ်လှုံ့ဆော်ရေး ဆိုင်းဘုတ်တွေ ကိုင်ကာ ရာထောင်ချီတဲ့ အနှေးယာဉ် လုပ်သားတွေ မဲဆွယ်ပွဲမှာ ထောက်ခံပါဝင်ကြသလို ပြည်ခိုင်ဖြိုးရဲ့ မဲဆွယ်ပွဲတွေမှာလည်း ဆိုက္ကားတွေနဲ့ လှည့်လည်ခဲ့ကြတာတွေ တွေ့ရပါတယ်။
ဒီတစ်ပတ်သတင်း သုံးသပ်ချက်ကဏ္ဍမှာ ရွေးကောက်ပွဲ မဲဆွယ်မှုတွေနဲ့အတူ အခြေခံ လူတန်းစား အလွှာမှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ဆန္ဒတွေ၊ ပြည်သူတစ်ယောက် အနေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ သူတို့ရဲ့ လိုလားမှုတွေနဲ့ ပတ်သက်တဲ့ စကားတွေကို အဓိက ပြန်လည် သုံးသပ်သွားမှာ ဖြစ်ပါတယ်။
ရင်ထဲကဆန္ဒ အမှန်ဆိုတာ
နိုင်ငံတစ်နိုင်ငံ တိုးတက်တယ်ဆိုတာ အဲဒီနိုင်ငံမှာ ရှိနေတဲ့ အခြေခံလုပ်သား ပြည်သူတို့ရဲ့ လူမှုဘဝတွေ တိုးတက်တာပဲ ဖြစ်ပါတယ်။ အခြေခံလုပ်သား ပြည်သူတွေ ဆင်းရဲ ကျပ်တည်းနေရင်၊ ဆင်းရဲချမ်းသာ ကွာဟမှု အင်မတန် မြင့်မားနေတယ်ဆိုရင် ဒီနိုင်ငံဟာ ဘယ်လိုမှ တိုးတက်တယ်လို့ ပြောလို့မရပါဘူး။ ခေတ်စနစ်တစ်ခု အပြောင်းမှာ ချမ်းသာတဲ့လူက ပိုပြီးချမ်းသာတယ်။ ခရိုနီတွေက ပိုပြီးစီးပွားဖြစ်တယ်။ အောက်ခြေလူတန်းစားက မွဲသထက် မွဲသွားတယ်ဆိုရင် ဒီနိုင်ငံ တိုးတက်တယ်လို့ ပြောလို့ရပါ့မလား။ တကယ်တော့ နိုင်ငံတိုင်းမှာ အထက်တန်း ကျကျနဲ့ နေနိုင်တဲ့ လူဦးရေဟာ ရာခိုင်နှုန်းနည်းပြီး သာမန်နဲ့ အခြေခံ လူတန်းစားတွေရဲ့ ရာခိုင်နှုန်းက ပိုများတာဖြစ်ပါတယ်။ ဒီတော့ အစိုးရတိုင်းဟာ သူတို့ရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို သာမန်လူတန်းစား အလွှာနဲ့ အောက်ခြေအလွှာကို ဗဟိုပြုပြီး အဓိကစဉ်းစား လုပ်ဆောင်ကြပါတယ်။
တကယ်လု့ိ အစိုးရ တစ်ရပ်ဟာ ချမ်းသာနေတယ်၊ အဆင်ပြေနေတယ်၊ နည်းအမျိုးမျိုးနဲ့ ဝင်ငွေ ကောင်းနေတယ်ဆိုတဲ့ အလွှာပါးပါးလေး တစ်ခုကိုပဲ ကြည့်ပြီး ငါတို့လုပ်တာ မှန်တယ်၊ ငါတို့ရဲ့ ပြုပြင် ပြောင်းလဲရေး အမှားအယွင်း မရှိဘူးလို့ ထင်သွားရင် အဲဒါပြဿနာ ရှိပါတယ်။
အဲဒီလို ထင်သွားတဲ့ အခါကြရင် လူရှေ့ထွက်ရတဲ့ အခါ ပရမ်းပတာတွေ ဖြစ်ကုန်ရော။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင် လှုံ့ဆော်နေကြတဲ့ အနှေးယာဉ် လုပ်သားတွေက သက်သေပြနေတယ်လို့ ပြောချင်ပါတယ်။ အနှေးယာဉ် လုပ်သားတွေရဲ့ နိုင်ငံ့အပေါ် ခံယူချက်က ဘာလဲ။ ရှင်းပါတယ်။ သူတို့ မိသားစုဘဝ၊ သူတို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး ဘယ်လို အခြေအနေမှာ ရပ်တည်နေရသလဲဆိုတာကို ပြန်သုံးသပ်တာ သူတို့ရဲ့ နိုင်ငံရေးပဲ ဖြစ်ပါတယ်။ ခေတ်စနစ် ဘယ်လိုပြောင်းတယ်ပဲ ပြောပြော၊ သူတို့ရဲ့ အခြေခံ လိုအပ်ချက်တွေ မပြည့်စုံဘူး။ တိုးတက်မှု မရှိလာလို့ ကျပ်ကျပ်တည်းတည်းနဲ့ ခါးခါးသီးသီး ရုန်းကန်နေရဆဲပဲလို့ သူတို့မြင်ရင် သူတို့ဟာ အပြောင်းအလဲကို တောင့်တကြတာပဲ ဖြစ်ပါတယ်။
NLD ပါတီရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ ဒေသအနှံ့က အနှေးယာဉ် လုပ်သားတွေ လိုက်ပါခဲ့ကြတယ်။ သူတို့ဟာ သူတိုရဲ့နေ့တွက်စရိတ်တို့ မိသားစုတစ်နေ့ ဝင်ငွေတို့ကို မေ့ထားပြီး လှုံ့ဆော်မှုတွေမှာ ပါဝင်ကြတယ်။ အဲဒါဟာ အပြောင်းအလဲကို လိုချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ တစ်နေ့စာ အခက်အခဲကို ခဏမေ့ထားပြီး တစ်ဘဝလုံးစာ အပြောင်းအလဲအတွက် ယုံယုံကြည်ကြည် လုပ်ကြတာပဲ ဖြစ်ပါတယ်။
ပုသိမ်မြို့မှာ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေ အောင်နိုင်ရေး လှည့်လည်ပွဲကို အနှေးယာဉ် လုပ်သား ရှစ်ရာလောက် ပါဝင် လှည့်လည်ခဲ့ကြပါတယ်။ ဒီလိုထောက်ခံ လှည့်လည်ရာမှာ အနှေးယာဉ် လုပ်သားတစ်ဦးရဲ့ ရင်ထဲက ဆန္ဒအမှန်က ဘာလဲဆိုတော့ သူတို့တွေ ဆိုက္ကားနင်းလို့ မချမ်းသာရင် နေပါစေ၊ ကလေးတွေ ကျောင်းထားနိုင်ဖို့၊ ကျန်းမာရေး ပြဿနာတွေ ဖြေရှင်းနိုင်ဖို့၊ ငွေများတရားနိုင် ဖြစ်နေတာတွေကို ပြောင်းလဲဖို့၊ ဆင်းရဲတွင်း သံသရာလည်နေတဲ့ အဖေဆိုက္ကား၊ သားလည်း ဆိုက္ကားမဖြစ်ဖို့ ဒါတွေအတွက် နောင်မျိုးဆက်တွေအတွက် အရွှေ့အပြောင်း အချိုးအကွေ့တစ်ခုမှာ ထားခဲ့ချင်ပြီလို့ ပြောဆိုခဲ့ကြပါတယ်။ ဒီစကားဟာ သူတို့ရဲ့ စစ်မှန်တဲ့ နိုင်ငံရေးစကားပဲ ဖြစ်ပါတယ်။
ပုသိမ်မြို့က အနှေးယာဉ် လုပ်သားတွေကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ဇူလိုင် ၂၀ ရက်က တွေ့ဆုံတဲ့ အခါမှာ သူ့အနေနဲ့ ဆိုက္ကားနင်းရမည်ဆိုရင် ချမ်းသာရအောင် တာဝန်ခံနိုင်ကြောင်းနဲ့ မိသားစုထဲမှာ အတန်းပညာ တတ်ရှိရန်လိုအပ်ကြောင်း၊ ပညာတတ်ဖြစ်မှ ဆင်းရဲတွင်းမှ လွတ်မြောက်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တက်ရောက်လာသူတွေကို နေ့တစ်ဝက် လုပ်အားခအဖြစ် တစ်ဦးကို ကျပ် ၂၀၀၀ ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အစိုးရတာဝန်ရှိသူ ဝန်ကြီးချုပ်တစ်ဦးရဲ့ စကားပဲ ဖြစ်ပါတယ်။
နိုင်ငံမှာရှိနေတဲ့ လူတိုင်းလူတိုင်းမှာ နိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေး အမြင်တွေ ရှိပါတယ်။ အခုလို လမ်းဆုံလမ်းခွ ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဆိုက္ကားဆရာတွေရဲ့ ဘဝထဲက စကားသံတွေ၊ သူတို့ရဲ့ အပြောင်းအလဲအတွက် ထင်မြင် ယူဆချက်တွေဟာ နိုင်ငံရေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ဘယ်သူ့နိုင်ငံရေးဟာ စစ်မှန်သလဲ။ ဘယ်သူတွေဟာ အပြောင်းအလဲကို ချစ်မြတ်နိုးသလဲ။ ဘာကြောင့် အပြောင်းအလဲကို လိုချင်ကြသလဲဆိုတာ သက်ဆိုင်သူတွေ မြင်အောင် ကြည့်တတ်ကြဖို့ပဲ လိုပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ ကြီးမားသည့် နိုင်ငံတော် လျှို့ဝှက်ချက်
Global Witness ရဲ့ ကျောက်စိမ်းကဏ္ဍနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာကို အစီရင်ခံစာ ထုတ်ပြန်လိုက်တာဟာ သက်ဆိုင်သူတွေကိုရော အားလုံးကိုပါ တုန်လှုပ်သွားစေပါတယ်။ ဘယ်အချက်က တုန်လှုပ်စေသလဲဆိုရင် တရုတ်သွင်းကုန် အချက်အလက်တွေ အရ ၂၀၁၄ ခုနှစ်တစ်နှစ်တည်းမှာပဲ မြန်မာ့ကျောက်စိမ်း ကဏ္ဍက တရုတ်ကို တင်ပို့တဲ့ ပမာဏဟာ ဒေါ်လာ ၁၂ ဘီလျံ ရှိနေတယ်ဆိုတဲ့ ကိန်းဂဏန်း အချက်အလက်ပဲ ဖြစ်ပါတယ်။
ဒီလောက်များပြားတဲ့ ကျောက်စိမ်းကဏ္ဍက ရရှိမယ့် အကျိုးအမြတ်တွေ အများစုကို အာဏာရှင်ဟောင်း ဦးသန်းရွှေ မိသားစု၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ တပ်မတော်ရဲ့ မြန်မာ့စီးပွားရေးဦးပိုင်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း အပါအဝင် စီးပွားရေး လုပ်ငန်းရှင်အချို့ ၊ မူးယစ်ရာဇာ ဝေဆူးကျန်နဲ့ ဆက်စပ် လုပ်ငန်းတွေက ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရှုပ်ထွေးမှုတွေ ရှိတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့နိုင်ငံ တစ်နိုင်ငံအတွက် ဆိုရင်တော့ ဒီအချက်အလက် ကိန်းဂဏန်းဟာ ကြောက်စရာ အင်မတန် ကောင်းလှပါတယ်။

Most Read

Most Recent