ဥက္ကဋ္ဌကပြောတယ်
အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဂျာနယ်တစ်စောင်ရဲ့ အင်တာဗျူးမှာ ပြောတဲ့စကားနဲ့ အစပျိုးချင်တယ်။
“သမ္မတကြီးနဲ့ ကျွန်တော်ခင်တာ ခင်တာပဲ။ အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော်အပေါ် ဘာစွက်ဖက်တာကို ထောက်ပြလေ။ ပုဂ္ဂိုလ်ရေး ခင်တာ ခင်တာပဲ။ အလုပ်က အလုပ်ပဲ ပုဂ္ဂိုလ်ရေးခင်တာနဲ့ အလုပ်မှာ စွက်ဖက်မယ် ဆိုတာကတော့ နည်းနည်းလေး သေးသိမ်တဲ့ သဘောထားလို့ ဖြစ်ပါတယ်။”
ကော်မရှင်ဥက္ကဋ္ဌ ပြောကြားသွားတဲ့ စကားမှာ အလုပ်ဟာ အလုပ်ပဲ ပုဂ္ဂိုလ်ရေး ခင်တာနဲ့ အလုပ်မှာ စွက်ဖက်လို့ မရဘူး ဆိုတာကို အဓိကထား ပြောကြားသွားတယ်။ ဒီအချက်ဟာ မဲရုံတာဝန်ကျ ပုဂ္ဂိုလ်များ အပါအဝင် မဲရုံလုံခြုံရေး တာဝန်၊ မဲရုံကိစ္စနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်များ၊ အဆင့်ဆင့် တာဝန်ကျ ကော်မရှင် အဖွဲ့ဝင်များ သတိပြု လိုက်နာရမယ့်အချက် ဖြစ်တယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ ၈ ရက်ဟာ လက်တွေ့ကျကျ ရင်ဆိုင်ပြရမယ့်နေ့ ဖြစ်တယ်။ အဲဒီနေ့မှာ လက်ရှိသမ္မတကြီးမှအစ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတိုင်း သန့်ရှင်းရေးလုပ်သား စတဲ့ အောက်ခြေသိမ်း အလုပ်လုပ်ကိုင်သူများအထိ မဲစာရင်းပါ ပြည်သူများ မဲပေးကြမယ့်နေ့ ဖြစ်တယ်။
ပြည်သူတွေမဲပေးဖို့ မဲရုံတာဝန် ကျပုဂ္ဂိုလ်တွေက မဲရုံမှ ကြိုဆိုနေကြတယ်။ မဲရုံထဲဝင်လာတဲ့ မဲဆန္ဒရှင်တို့ဟာ ပညာတွေ (ပါရဂူဘွဲ့၊ မဟာဘွဲ့၊ ရေးတတ်ဖတ်တတ်၊ စာမတတ်)၊ ဥစ္စာစည်းစိမ်တွေ (ကား၊ ဆိုက်ကား၊ တိုက်ကြီးကြီး ပိုင်ဆိုင်သူ၊ တဲသေးသေး ပိုင်ဆိုင်သူ၊ အိမ်မဲ့ယာမဲ့)၊ အာဏာတွေ (သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဓမ္မာရုံဥက္ကဋ္ဌ) စတဲ့ အဆောင်အယောင်တွေ၊ အာဏာတွေ၊ ပါဝါတွေကို မဲရုံ ပြင်ပမှာ ထားခဲ့ကြရမယ်။ မဲရုံထဲကို ရုပ်ခန္ဓာ၊ ဦးနှောက်နဲ့ နှလုံးသားတို့ကိုသာ ယူဆောင်လာရမယ်။ ဦးနှောက်ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို ချင့်ချိန်ဆုံးဖြတ်ရမယ်။ နှလုံးသားက ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းက တိုင်းပြည်နဲ့ ပြည်သူများကိုဘယ် လောက်ချစ်ကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်သလဲ။ ခံစားသိနဲ့ ရွေးချယ်ဆုံးဖြတ်ရမယ်။
မဲရုံမှူးနှင့် တာဝန်ကျများ
ရွေးချယ်ဆုံးဖြတ်ဖို့ အဲဒီမဲဆန္ဒရှင်ဟာ မဲရုံထဲဝင်လိုက်တာနဲ့ မဲရုံမှူးနဲ့ ပထမဆုံးတွေ့ရမယ်။ ပထမဆုံး တွေ့ရတဲ့ မဲရုံမှူးဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်တာကို မှန်မှန်ကန်ကန် မျှမျှတတ ကူညီဆောင်ရွက်ပေးမယ့် သူတွေဖြစ်ဖို့ အထူးလိုအပ်တယ်။ ထိုမဲရုံမှူးဆိုတဲ့ တာဝန်ကို ထမ်းဆောင်ရတဲ့ ပုဂ္ဂိုလ်ဟာ လက်ရှိအခြေအနေအရ အစိုးရဝန်ထမ်း ဖြစ်နေမယ် ဆိုပါစို့။ မဲရုံမှူးတာဝန်နဲ့ အစိုးရဝန်ထမ်း တာဝန်တွေဟာ မတူတာကို စွဲစွဲမှတ်မှတ် သတိချပ်ရမယ်။ အစိုးရ တာဝန်ဆိုတာ အစိုးရက သူရဲ့အုပ်ချုပ်ရေး ယန္တရား အဆင်ပြေချောမွေ့စေဖို့ ပါဝင်ဆောင်ရွက်ပေးရတာ ဖြစ်တယ်။ အစိုးရအဆင့်ဆင့်ဖြစ်တဲ့ ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ချုပ်၊ ညွှန်မှူး၊ ဦးစီးမှူးတို့ရဲ့ အမိန့်ကို နာခံဆောင်ရွက် ကြရတယ်။ အလုပ်တာဝန် ကျေပွန်ဖို့ထက်၊ အထက်လူကြီး မငြိုငြင်ဖို့ ဆောင်ရွက်ကြရတယ်။ တာဝန်က ဒီလိုဖြစ်ပေမယ့် အထက်လူကြီးက ဟိုလိုဖြစ်စေချင်နေရင် တာဝန်ကို လျစ်လျူရှုလိုက်၊ လူကြီးအကြိုက် အကောင်အထည် ဖော်လိုက်ရတယ်။ ဒါကအစိုးရ ဝန်ထမ်းတွေရဲ့ လက်တွေ့ကျင့်သုံး နေကြတဲ့ ဖြစ်ရပ်မှန်တွေပဲ။
ဒါပေမဲ့ မဲရုံမှူး ဖြစ်လာပြီဆိုရင် အစိုးရဝန်ထမ်းလို အထက်လူကြီးမျက်နှာ ကြည့်စရာ မလိုဘူး။ လက်ရှိ အစိုးရလူကြီးမင်းတွေကို ကြောက်စရာ မလိုဘူး။ မဲရုံမှူးဆိုတာ ပြိုင်ပွဲတစ်ပွဲရဲ့ဒိုင်လူကြီးလို တရားရုံးရဲ့ တရားသူကြီးလို ဘက်လိုက်မှု မလုပ်ရဘူး။ ဘောလုံးပွဲတစ်ပွဲရဲ့ ဒိုင်လူကြီးတစ်ယောက်ရဲ့ စိတ်ထားလို မှန်ရင်ခွင့်ပြုမယ်၊ မမှန်ရင် ဥပဒေချိုးဖောက်ရင် တားမြစ်မယ်။ ပွဲကြည့်ပရိသတ်တွေက သူကြိုက်နှစ်သက်ရာ ဘောလုံးအသင်းကို အားပေးမယ်။ အော်ဟစ် လက်ခုပ် လက်ဝါး တီးကြမယ်။ ဒါပရိသတ်တွေရဲ့အလုပ်။ မဲပေးသူတို့ရဲ့ အလုပ်။ မဲရုံမှူးရဲ့ အလုပ်က ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကလွဲပြီး ဘယ်သူ့ ဘယ်သူကိုမှ ဘက်မလိုက်ဖို့ပဲ။ ဘယ်ပါတီမှ လူအချို့နဲ့ နီးစပ်လို့၊ မျက်နှာနာလို့၊ ကျေးဇူးရှိဘူးလို့ စတဲ့ဥပဒေနဲ့မညီတဲ့ ဘက်လိုက်မှုတွေ၊ လူခင်လို့ မူပြင်တာတွေ မလုပ်မိဖို့ လိုအပ်တယ်။ စင်ကာပူ သံရုံးမှ မဲပေးသူအချို့ရဲ့ စကားသံတွေအရ မဲရုံတာဝန်ယူသူတွေဟာ အစိုးရဝန်ထမ်းအတိုင်း လုပ်ဆောင်နေကြောင်း သိလိုက်ရတယ်။ မဲပြား သုံးပြား ပေးရမှာကို မသိကျိုးကျွံပြုကာ မဲတစ်ပြားတည်း ထုတ်ပေးတာ။ မသိတဲ့ မဲဆန္ဒရှင်က တစ်ခုတည်းပေးရင် တစ်ခုတည်းယူပြီး မဲထည့်သွားတယ်။ သိတဲ့လူက ထပ်တောင်းမှ ထပ်ပေးတာဟာ မဲရုံတာဝန် ထမ်းဆောင်တာ မဟုတ်ဘဲ အစိုးရဝန်ထမ်း ပုံစံအတိုင်း စေတနာမပါဘဲ ဝတ်ကျေ တန်းကျေ ခိုင်းတာပဲ လုပ်နေတာ သိသာလွန်းတယ်။ ဒီလို တာဝန်ကျေရုံမျှသာ လုပ်ဆောင်တာမျိုး၊ မဲဆန္ဒရှင်ရဲ့ မသိမှုကို မကူညီဘဲ အခွင့်အရေး တစ်ရပ်လို အသုံးချလိုက်တာမျိုး၊ ဒါတွေဟာ ဥပဒေနဲ့လည်း မညီသလို လူ့ဂုဏ်သိက္ခာ အရလည်း အောက်တန်းကျလွန်းတယ်။ မတရားမှုကို သွယ်ဝိုက်ကျူးလွန်ရာလည်း ကျတယ်။ မြန်မာနိုင်ငံမှာ ဒါမျိုးမဖြစ်ဖို့ မဲရုံတာဝန်ကျပုဂ္ဂိုလ်များ သတိရှိကြရမယ်။ ကော်မရှင် အဆင့်ဆင့်ကလည်း ကြပ်မတ်ပေးရမယ်။
အထက်က ပြောသလိုပဲ မဲရုံထဲ ဝင်ရောက်လာတဲ့ လူတိုင်းဟာ အားလုံး တန်းတူရည်တူ အခွင့်အရေးရှိတယ်။ မဲရုံထဲဝင်လာသူက အစိုးရရုံး တစ်ရုံးညွှန်ကြားရေးမှူးဖြစ်ပြီး မဲရုံမှူးက အဲဒီညွှန်ကြားရေး လက်အောက်က အထက်တန်းစာရေး ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ မဲရုံထဲမှာတော့ အဲဒီညွှန်ကြားရေးမှူးဟာ (သူရဲ့ဝန်ထမ်း ဖြစ်ခဲ့သူ) မဲရုံမှူးရဲ့ ညွှန်ကြားမှုအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်။ မဲရုံမှူးကလည်း ငါ့အထက်က အရာရှိ ဖြစ်တယ်။ သူဖြစ်ချင်တာ လုပ်ပေးစရာ မလိုဘူး။ ဥပဒေနဲ့မညီရင် တားမြစ်ရမယ်။ ဥပဒေအတိုင်း သာမန်မဲဆန္ဒရှင်များ ကဲ့သို့သာ ကူညီဆောင်ရွက် ပေးရမှာ ဖြစ်တယ်။ ညွှန်မှူးဖြစ် မဲပေးသူကလည်း ဘာအခွင့်အရေးမှ ပိုယူစရာ မလိုဘူး။ အထက်တန်းစာရေးဖြစ်တဲ့ မဲရုံမှူးကလည်း ဘာအခွင့်အရေးမှ ပိုပေးစရာ မလိုဘူး။ ဆိုလိုချင်တာက မဲရုံမှူးဆိုတာ အစိုးရကို တာဝန်ခံရတဲ့ အလုပ်မဟုတ်ဘူး။ အဲဒီစိတ်ထဲမှာ ရှင်းရှင်းထားပြီး မဲရုံတာဝန်ကို ထမ်းဆောင်သင့်တယ်။ မဲရုံမှူးနည်းတူ မဲရုံမှ တာဝန်ရှိပုဂ္ဂိုလ် အားလုံးလည်း ထိုကဲ့သို့ စိတ်ထားကြရမယ်။ အစိုးရဝန်ထမ်းနဲ့ အသားကျပြီး အစိုးရကိုသာ မျက်နှာလိုအားရ ဖြစ်ချင်ကြတဲ့ စိတ်ထားတွေ မဲရုံတာဝန် ထမ်းဆောင်ချိန်မှာ ဖျောက်ထားလိုက်ပါ။
တိုင်းပြည်အရေး၊ နိုင်ငံတော် အရေးဟာ အစိုးရ တစ်ရပ်ရဲ့အရေးထက် အဆပေါင်းများစွာ အရေးကြီးတယ်။ အစိုးရတစ်ရပ် ပျက်သွားလို့ တိုင်းပြည်မပျက်ဘူး။ တိုင်းပြည်ပျက်ရင်တော့ အစိုးရ တစ်ရပ်ဆိုတာ လုံးဝပျက်စီး သွားရပြီ။ ဒီလိုတိုင်းပြည် မပျက်ရလေအောင် တိုင်းပြည်ကို တိုးတက်အောင် အုပ်ချုပ်စီမံမယ့် ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲ ရောက်လာဖို့က မဲရုံမှူးတို့ရဲ့ မှန်ကန်စွာ ရပ်တည်မှုက အလွန်မှ အရေးကြီးတယ်။
စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် ကြိုတင်မဲပေးရန် တန်းစီစောင့်ဆိုင်း နေကြသော မြန်မာနိုင်ငံသားများကို အောက်တိုဘာ တတိယပတ်က တွေ့ရစဉ်
ဘယ်လိုစိတ်မျိုးထားမလဲ
ယခုကာလမှာ မဲရုံမှူး၊ ဒု-မဲရုံ မှူးတွေကို သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲတွေက သင်တန်းပေးနေကြတယ်။ သင်တန်းပေးတဲ့ ပုဂ္ဂိုလ်တွေ၊ ကော်မရှင် အဖွဲ့ဝင်မှ အဖွဲ့ဝင်တွေ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အားလုံးနီးပါးဟာ လက်ရှိ အာဏာရ အစိုးရရဲ့ ရွေးချယ်ခန့်အပ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဝန်ထမ်းတွေ ဖြစ်ကြတယ်။ ၁၉၆၂ ခုနှစ်က တည်းက တစ်ပါတီ အာဏာရှင် အစိုးရနဲ့ ထိတွေ့ဆက်ဆံ ကျင့်ကြံလာတဲ့ ဓလေ့စရိုက်အရ၊ အစိုးရဆိုတာဟာ ဝန်ထမ်းတွေရဲ့ ထာဝရ ကျေးဇူးရှင်လို သဘောထား နေကြတာ။ အစိုးရကို ဆန့်ကျင်တာဟာ မှန်မှန်မှားမှား ဥပေဒေကို ချိုးဖောက်တယ်လို့ အစဉ်တစိုက် ခံယူနေကြတယ်။ ဒီလိုသဘောထား ခံယူချက်တွေကို ပါတီစုံစနစ် ကျင့်သုံးတဲ့ ဒီမိုကရေစီ နိုင်ငံတော်မှာ လုံးဝဖယ်ရှား ပယ်ဖျက်ပစ်ရမယ်။
အထူးသဖြင့် နိုဝင်ဘာ ၈ ရက်မှာ အစိုးရဝန်ထမ်းစိတ် လုံးဝပယ်ဖျက် ထားရမယ်။ မဲရုံထဲ ဝင်လာသူဟာ ဘယ်ပါတီကို အားပေးမယ်။ ဘယ်ပါတီကို အားမပေးဘူး။ ဘယ်ပါတီကို မဲထည့်မယ်ဆိုတာ မသိချင်ယောင် ဆောင်နေကြပေမယ့် သတိထားရင် သိသာနေတဲ့ အခြေအနေပါ။ ရပ်ကွက်ထဲမှာ ဘယ်သူနဲ့ ဘယ်သူ တွဲလာရင် ဘယ်ပါတီကို သဘောကျနေတာဆိုတာ ရိုက်စစ်စရာ မလိုဘူး။ ဒါကိုမဲရုံမှူးက သတိထားမိပြီး လိုချင်တစ်မျိုး၊ မလိုချင်တစ်မျိုး မလုပ်မိဖို့လိုတယ်။ မဲစာရင်းအမည်နဲ့ မှတ်ပုံတင်ကတ်ပြားပါ နာမည်နဲ့မတူရင် မဲရုံမှူးက ငြင်းပိုင်ခွင့်ရှိတယ်။ ပြဋ္ဌာန်းချက်ကို အကြောင်းပြုပြီး မဲရုံမှူးက လုပ်ချင်သလို လုပ်လို့ရနေတယ်။
မဲပေးမယ့်သူက ဘယ်ပါတီကို အားသန်နေဆိုတာကို ရိပ်မိသိရှိနေတဲ့ မဲရုံမှူးက မဲစာရင်းနဲ့ မှတ်ပုံတင် ကတ်ပြားပါ နာမည်နှစ်ခုကို တိုက်ဆိုင်စစ်ဆေးတယ်။ မဲစာရင်းမှာ ကိုဆန်းမောင် ဖြစ်နေတယ်။ မှတ်ပုံတင်မှာက ကိုစမ်းမောင် ဖြစ်နေတယ်။ ဒီလူတော့ မဲရုံမှူး မကြိုက်တဲ့ ပါတီကို မဲပေးနိုင်တယ်။ သည်တော့သူကို မဲပေးလို့ မရအောင် ညစ်ပတ်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ထိုနည်းတူ ဘက်လိုက်လိုတဲ့စိတ် ရှိနေသူတွေ၊ လက်ရှိအာဏာရ အစိုးရနဲ့ နီးစပ်စိတ် ရှိနေသူတွေ မဲရုံတာဝန် ယူထားသူ အထဲမှာ ဘယ်လောက်ရှိနေမလဲ။ လက်ရှိအစိုးရကို ကာကွယ် ပေးချင်သူ အစိုးရဝန်ထမ်း စိတ်အတိုင်း လှေနံဓားထစ် ကျင့်ကြံနေသူတွေ မဲရုံတာဝန် ထမ်းဆောင်စဉ် ဘယ်လိုစိတ်မျိုး ထားရှိကြမလဲ။
အမှန်အတိုင်းလုပ်ရင် အသိအမှတ် ပြုခံရတာထက် အမှန်အတိုင်းလုပ်ရင် ထောင်ချ၊ အရေးယူ ခံရတာကို တွေ့ကြုံနေရတဲ့ ဝန်ထမ်းတွေ မဲရုံတာဝန်ကို ဘယ်လိုထမ်းဆောင် ရဲကြမလဲ။
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှအစ မဲရုံစောင့်တွေအထိ တာဝန်ကျ ပုဂ္ဂိုလ်တွေဟာ လက်ရှိအာဏာရ အစိုးရရဲ့လက်ပွန်းတသီး ပူးပေါင်းဆောင်ရွက် လာကြတာ ဆယ်နှစ်ကျော် မကတော့ဘူး။ ထောက်ထား စရာတွေ အများကြီး။ အပေးအယူတွေ အများကြီး။ လူပုဂ္ဂိုလ်ချင်းပါ ခင်မင်တွယ်တာ နေကြပြီး။ ဒီလိုကြာရှည်လာခဲ့တဲ့ ကာလမှာ အထက်အမိန့်ကိုဆို မလွန်ဆန်ရဲတဲ့ အကြောက်တရားကလည်း ရင်ထဲမှာ စွဲနစ်နေပြီ။
သမိုင်းဝင်မယ့်ရက် တစ်ရက်
ဒီလိုနက်ရှိုင်းတဲ့ ဝန်ထမ်းစိတ်က လွတ်လပ်ပြီး တရားမျှတတဲ့ စိတ်မျိုးကို နိုဝင်ဘာ ၈ ရက် တစ်ရက်တော့ မွေးမြူးပေးလိုက်ပါ။ ပါတီတွေ ဘယ်လောက် ကြိုးစားကြိုးစား ပြည်သူတွေ (အေးချမ်းစွာ) ဘယ်လိုပဲလုပ်လုပ်၊ မတရားမှုကို အားပေးဘက်လိုက်သူနဲ့ မတရားမှုကြီး ရှိနေသရွေ့ တိုင်းပြည်ရဲ့ ကံကြမ္မာက နုံချာနေဦးမှာ။ ပြည်သူတွေ မွဲတွေနေဦးမှာ။ ဆင်းရဲတွင်းက နက်နေဦးမှာ။ ဒီမိုကရေစီနဲ့ ဝေးနေဦးမှာ။
တိုင်းပြည်ကိုရော ပြည်သူကိုပါ ကယ်တင်နိုင်မယ့် အမှန်တရားကို အားပေးတဲ့ အလုပ်ကြီးဟာ ပါတီတွေ၊ ကိုယ်စားလှယ်တွေ လုပ်ခွင့်ရမှာကနောက်။ နိုဝင်ဘာ ၈ ရက်မှာပဲ အမှန်တရားကို မလိုလားတဲ့၊ အာဏာကိုသာ ငမ်းငမ်းတက်နေတဲ့ ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ မဲရအောင် ကူညီလိုက်တာ၊ ဘက်လိုက်တာဟာ နိုင်ငံကို ဝိုင်းချောက်ထဲတွန်းရာမှာ ပါဝင်သူတစ်ယောက် ဖြစ်သွားမယ်။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် နိုဝင်ဘာ ၈ ရက်ဟာ သမိုင်းတွင် ကမ္ပည်းထိုးရမယ့် ရက်ကောင်း ရက်မြတ် ဖြစ်လာနိုင်သလို၊ သမိုင်းဆိုးအဖြစ် ဖျက်မရတဲ့ နေ့ဆိုးတစ်ရက်လည်း ဖြစ်သွားနိုင်တယ်။ အဲဒီ သမိုင်းဆိုး သမိုင်းကောင်းအဖြစ် ကမ္ပည်းထိုးကြမယ့် သူတွေဟာ မဲရုံတာဝန် ထမ်းဆောင်ကြမယ့် ပုဂ္ဂိုလ်တွေရဲ့ စိတ်နေစိတ်ထား၊ ပါဝင်လုပ်ဆောင်ချက်တွေက ထင်ရှားပေါ်လွင်စေမှာ ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတို့ဖြစ်စေဖို့ ပြည်သူနဲ့အတူ မဲရုံမှူးမှအစ မဲရုံတာဝန်ကျသူများ အားလုံးက အကြောက်တရား ကင်းကင်းနဲ့ အမှန်တရားဘက် ရှင်းရှင်းရပ်တည်ပြီး တာဝန်ထမ်းဆောင်ကြဖို့ သမိုင်းဝင်ရက် တစ်ရက်မှာ သမိုင်းဝင်လုပ်ရပ်နဲ့ တာဝန်ထမ်းဆောင်ကြဖို့ မေတ္တာရပ်ခံရပါကြောင်း. . . ..။
နိုဝင်ဘာ ၈ ရက်ကို အေးချမ်း အောင်မြင် ငြိမ်းချမ်းတဲ့နေ့အဖြစ် သမိုင်းဝင် ဖြတ်သန်းနိုင်ပါစေ။










