အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကျွမ်းကျင်တဲ့ နိုင်ငံရေးသမားတွေ ရှိကြပါတယ်။ သူတို့တစ်တွေဟာ မဲဆွယ်တဲ့နေရာမှာ အတွေ့အကြုံများတဲ့အလျောက် လွှတ်တော်ကိုယ်စားလှယ် လောင်းတွေအနေနဲ့ ဘယ်နေရာ ဘယ်အချိန်မှာ ဘာတွေပြောပြီး ဘာတွေ လုပ်ရမယ်ဆိုတာကို တပ်အပ် သိနေကြပါတယ်။ သူတို့ပြောခဲ့တဲ့အတိုင်း လုပ်ကြတဲ့အခါမှာလည်း သိသိသာသာ အောင်မြင်တာကို တွေ့ကြရပါတယ်။ ကာလီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ‘လူးကပ်စ်’ ဆိုတဲ့လူဟာ အဲဒီလိုလူမျိုး ပါပဲ။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ ရီပတ်ဘလီကန်ပါတီက ‘ဂျာမွန်’ ဆိုတဲ့ အထက်လွှတ်တော်အမတ်ဟာ အခုဒီအပတ်မှာလည်း ထပ်ပြီး ပြန်အရွေးခံမှာဖြစ်တဲ့အပြင် အနိုင်ရဖို့လည်း သေချာနေပါတယ်။ သူနဲ့ယှဉ်ပြိုင်ဖို့ ဒီမိုကရက်တစ်ပါတီထဲ လိုက်ရှာကြည့်လိုက်တဲ့အခါ အတွေးအမြင် ပဓာနဝါဒီသမား တစ်ယောက်ဖြစ်တဲ့ ‘မက်ကေး’ Robert Redford ကို လူးကပ်စ် တွေ့သွားပါတယ်။ မက်ကေးဟာ အငြိမ်းစားယူသွားတဲ့ ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ‘ဂျွန်’ ရဲ့သားလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ မက်ကေး လုံးဝမနိုင်နိုင်ဘူး ဆိုတာကို သိထားလို့ လူးကပ်စ်ဟာ မက်ကေးကို အချက်တစ်ချက်တော့ လိုက်လျောပေးခဲ့ပါတယ်။ အဲဒါကတော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ မက်ကေးရဲ့ရင်ထဲမှာ စိတ်ကူးပေါ် ရင်ပေါ်သလိုပြောပြီး မဲဆွယ်တာကို ပါတီက ခွင့်ပြုလိုက်ဖို့ပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ အနိုင်အရှုံး ခန့်မှန်းခြေစာရင်းတွေအရ ရီပတ်ဘလီကန်အမတ် ဂျာမွန်ဟာ ဒီမိုကရက်တစ်က မက်ကေးကို အပြတ်အသတ်နိုင်မယ့် အရိပ်အယောင်တွေကို လူးကပ်စ်တို့ တွေ့လာကြရပါတယ်။ ဒါကြောင့်မို့ ဒီမိုကရက်တစ်ပါတီက ရှုံးတောင်မှ ပုံပျက်ပန်းပျက် မရှုံးအောင်ဘဲ ကြိုးစားကြဖို့ လူးကပ်စ်တို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာတော့ ကာလီဖိုးနီးယားပြည်နယ်ထဲမှာ တောမီးတွေ လောင်ပါတယ်။ လူးကပ်စ်နဲ့ မက်ကေးတို့လည်း တောမီးလောင်တဲ့နေရာကို ကားနဲ့ အပြေးသွားကြပါတယ်။ မီးလောင်တဲ့ နေရာရောက်လို့ ကားပေါ်က ဆင်းပြီး မကြာခင်မှာပဲ အဲဒီနေရာကို ရဟတ်ယာဉ်နဲ့ ဂျာမွန်ရောက်လာတာကို တွေ့လိုက်ကြရပါတယ်။ မက်ကေးဟာ ဂျာမွန့်ကို နှုတ်ဆက်ပြီး ‘‘ကျွန်တော်ခင်ဗျားနဲ့ စကား စစ်ထိုးပွဲတစ်ခု လုပ်ချင်ပါတယ်၊ ဘယ်တော့လောက် ဖြစ်နိုင်ပါမလဲ’’လို့ မေးတဲ့အခါ ဂျာမွန်က သတင်းထောက်တွေကို စကားပြောဖို့ အာရုံစောနေတဲ့အတွက် မက်ကေးရဲ့အမေးကို မဖြေနိုင်ခဲ့ပါဘူး။ သတင်းထောက်တွေကိုသာ သတင်းထုတ်ပြန်တဲ့ သဘောနဲ့ စကားပြောပြီး အဲဒီလို ဂျာမွန်ပြောနေတာကို သတင်းထုတ်ဖို့ လူတချို့က တီဗီရိုက်နေကြပါတယ်။
ဂျာမွန်က ‘‘ကျွန်တော် အခုပဲ သမ္မတကြီးနဲ့ ဖုန်းပြောခဲ့ရတယ်။ နောက်မကြာခင်မှာ အခု မီးလောင်တဲ့နေရာကို အမျိုးသား သဘာ၀ ဘေးအန္တရာယ် ကျရောက်နေတဲ့ နယ်မြေအဖြစ် ကြေညာဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်၊ နောက်ထပ် ၂၄ နာရီအကြာမှာ ဒီမီးကို ကျွန်တော်တို့ ထိန်းနိုင်မှာပါ။ သေချာတာ တစ်ခုကတော့ ဒီလိုအဖြစ်မျိုး ကျွန်တော်တို့ပြည်နယ်မှာ နောက်ထပ် ဘယ်တော့မှ မဖြစ်စေရဘူး ဆိုတာကိုပါပဲ။ ကျွန်တော် အခု ဝါရှင်တန် ကိုပြန်သွားပါမယ်။ ဝါရှင်တန်ရောက်ရင် ‘ဂျာမွန် ရေဝေကုန်းတန်း ဥပဒေကြမ်း’ကို အမြန်တင်သွင်းပါမယ်။ တောမီးလောင်လို့ အိမ်တွေ ဆုံးရှုံးသွားရတဲ့ ပြည်သူတွေ မီးအာမခံ လျော်ကြေးတွေ အမြန်ရအောင် ဆောင်ရွက်ပေးပါ့မယ်။ အသက်စွန့်ပြီး မီးငြှိမ်းသတ်နေကြတဲ့ မီးသတ်ရဲဘော်တွေနဲ့ တာဝန်သိသိ လုပ်အား ပေးနေကြတဲ့ ပြည်သူတွေအတွက် ကျွန်တော်အများကြီး ဂုဏ်ယူပါတယ်’’လို့ပြောပြီး ရဟတ်ယာဉ်ပေါ်ကို ပြေးတက်သွားပါတယ်။
ဂျာမွန်ရဲ့အပြောတွေဟာ စက်ရုပ် နိုင်ငံရေး သမားတစ်ယောက်ရဲ့စကားမျိုးထက် ဘာတစ်ခုမှ ပိုပြီး ထူးခြား မနေပါလားဆိုတာကို မက်ကေး ချက်ချင်း သဘောပေါက်လိုက်မိပါတယ်။ အဲဒီအချိန်ကစပြီး အခြေခံအကျဆုံး အချက်တွေကို သဘာဝကျအောင် ပြောမယ်၊ ဒါပေမဲ့ ကိုယ်ပြောတာတွေဟာ ပြည်သူတွေရဲ့ နားထဲမှာ တစ်မူ ဆန်းသစ်နေစေရမယ်လို့ မက်ကေး စိတ်ကူးလိုက်မိပါတယ်။ မက်ကေးရဲ့ဖခင် ဂျွန်ဟာ အရင်ကအောင်မြင်တဲ့ နိုင်ငံရေးသမား တစ်ယောက်ဖြစ်ခဲ့တဲ့အပြင် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ သားဖြစ်သူ အောင်နိုင်ရေးအတွက် ဖခင်ဖြစ်သူ ဂျွန်ကိုယ်တိုင်က အခုအချိန်ထိ ဘာမှ ဝင်လုပ်မပေးတဲ့ အချက်ဟာ တော်တော် ထူးခြားနေပြီး ဒီအချက်ဟာ ပြိုင်ဘက် ဂျာမွန့်အတွက် အားသာချက်တစ်ခုလိုလည်း ဖြစ်နေပါတယ်။ ဒါကိုသိသွားတဲ့အတွက် မက်ကေးဟာ စိတ်မပါ့တပါနဲ့ ဖခင်ဖြစ်သူဆီကိုသွားပြီး အကျိုးအကြောင်း ပြောပြပါတယ်။ အဲဒီအခါကျမှ ‘‘သူ့သား မက်ကေးက အဖေရဲ့ အရှိန်အဝါကြောင့် မဟုတ်ဘဲ သူ့ အရည်အချင်းသက်သက်နဲ့ပဲ အနိုင်ရအောင် လုပ်ချင်တယ်ဆိုလို့ အခုလို သူဝင်မကူဘဲ ဘေးကနေ အသာကြည့်ပြီး သားရဲ့ဆန္ဒကို ဖြည့်ဆည်း ပေးနေရတာသာ ဖြစ်တဲ့အကြောင်း’ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂျွန်က မီဒီယာတွေကို ပြောပြလိုက်တဲ့အခါမှာ ပြည်နယ် မဲဆန္ဒရှင်တွေက ‘သြော် ဒါ့ကြောင့်ပါလား’ဆိုပြီး သဘောပေါက် သွားကြပါတယ်။
ဒီလိုနဲ့ မက်ကေးဟာ တဖြည်းဖြည်းနဲ့ လူကြိုက်များလာပြီး ပရိသတ် လက်ခံမှုမှာ ဂျာမွန်နဲ့ မတိမ်းမယိမ်း အခြေအနေကို ရောက်လာပါတယ်။ တစ်ရက်မှာတော့ အထက်လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးဟာ ပရိသတ်ရှေ့မှာ စကားစစ်ထိုးပွဲတစ်ခု အမြန်လုပ်ဖို့ သဘောတူလိုက်ကြပါတယ်။ ဒီစကားစစ်ထိုးပွဲမှာ ဝါရင့်သတင်းထောက် သုံးယောက်က အမတ်လောင်းနှစ်ဦးကို မေးခွန်းတွေ မေးကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်း အစစ်အမှန်တွေ ပေါ်လာတော့မှာပဲဆိုပြီး လူတွေ စိတ်ဝင်စားလာကြပါတယ်။ အဲဒီပွဲမှာ မက်ကေးက ‘‘ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေ အားလုံးအတွက် သူ့မှာ အဖြေအားလုံးရှိတယ်လို့ ဂျာမွန် ခုနက ပြောသွားတာကို ကျွန်တော် ကြားလိုက်မိပါတယ်။ အဲဒါ ဖြစ်နိုင်မယ် ထင်ပါသလား’’လို့ မေးလိုက်တဲ့အခါ ပရိသတ်ကြီးဆီက ဝေါ..ဆိုတဲ့ အသံကြီး ထွက်လာပါတယ်။ သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ဂျာမွန်ရဲ့ စကားဟာ သဘာဝမှ မကျဘဲဟာကိုး။
နောက်တစ်ခါ သတင်းထောက် တစ်ယောက်က ’’မစ္စတာမက်ကေး၊ ခင်ဗျား အရင်က ကျောင်းကားတွေ ပို့တာကြိုတာ အဆင် မပြေတဲ့ အကြောင်းတွေကို ပြောခဲ့ဖူးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခု အဲဒီလို မပြောတော့ဘူးလို့ ခင်ဗျားက ပြောပြန်တယ်ဆိုတာ ဟုတ်သလား၊ ဘယ်လို ဖြစ်သွားရတာလဲ’’ လို့ မေးပါတယ်။ မက်ကေးက ‘‘ဒါနဲ့ပတ်သက်ပြီ နားလည်မှု လွဲနေတာလို့ ထင်ပါတယ်၊ ကျွန်တော်ဆိုလိုတာက အဲဒီလိုမဟုတ်ပါဘူး၊ ကျောင်းကားတွေ အရေးမကြီးဘူးလို့ မဆိုလိုပါဘူး၊ အဲဒီကျောင်းတွေမှာ စာသင်နေကြတဲ့ ကလေးတွေဟာ တစ်နေ့မှာ နိုင်ငံရဲ့ကြီးလေးလှတဲ့ တာဝန်တွေကို ထမ်းကြရမှာ ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ပြည်နယ်က စာသင်ကျောင်းတွေဟာ ဘေးပြည်နယ်က ကျောင်းတွေထက် ညံ့မကျန်ရစ်အောင် လုပ်ဖို့က ပိုအရေးကြီးတယ်လို့ ကျွန်တော်က ဒါကို ဆိုလိုချင်တာပါ’’လို့ ဖြေခဲ့ပါတယ်။
ဒီလိုနဲ့ မက်ကေးရဲ့တစ်မူ ထူးခြားနေပုံတွေကို မီဒီယာတွေက သတိထား လာမိကြပါ တယ်။ မက်ကေးဟာ ပင်ကိုယ်က သြဇာတိက္ကမနဲ့ ပြည့်စုံပြီး အဲဒီလိုတော်ပေမယ့်လည်း လူးကပ်စ်တို့အဖွဲ့ကိုတော့ မပစ်ပယ်ခဲ့ပါဘူး။ မက်ကေးဟာ မဲဆွယ်ဖို့ စည်းရုံးရေးမထွက်ခင်၊ မီဒီယာတွေ့နဲ့ မတွေ့ခင်အခါတိုင်းမှာ လူးကပ်စ်တို့အဖွဲ့ဝင် လေးငါးခြောက်ယောက်နဲ့ အမြဲတမ်း ဆွေးနွေးညှိနှိုင်း တိုင်ပင်ပါတယ်။ ဘယ်လိုမေးခွန်းတွေ မေးလာရင် ဘယ်လိုဖြေရမလဲ၊ ဘယ်လိုနေရာမျိုးမှာ ဘယ်လိုလည်စည်း အရောင်ကို စည်းရမလဲဆိုတာကအစ အမြဲဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်တဲ့အခါ ထိရောက် အောင်မြင်မှု ရှိတာကို တွေ့ကြရပါတယ်။ တစ်ယောက်တည်းရဲ့စွမ်းအားနဲ့ အများစုရဲ့စွမ်းအားဟာ ဘယ်လိုနည်းနဲ့မှ အကျိုး သက်ရောက်မှုချင်း မတူနိုင်ဘူးဆိုတာကို မက်ကေး ကောင်းကောင်း သဘောပေါက်ပါတယ်။
‘လွှတ်တော် ကိုယ်စားလှယ်လောင်းဆိုတာ ဆန်းသစ်ခေတ်မီတဲ့ အတွေးအခေါ်မရှိဘဲ သမားရိုးကျအတိုင်း စက်ရုပ်လို လျှောက်ပြောနေလို့ ပရိသတ်က စိတ်ဝင်စားမှာ မဟုတ်ဘူးဆိုတာနဲ့ ဟိုလူ့မဲပေးရနိုးနိုး ဒီလူ့မဲပေးရ နိုးနိုးနဲ့ ဝေခွဲမရဖြစ်နေတဲ့ မဲဆန္ဒရှင်တွေကို အမြန်နည်းနဲ့ စည်းရုံးနိုင်တဲ့ကိုယ်စားလှယ် လောင်းတွေဟာ ရွေးကောက်ပွဲမှာ အနိုင်ရ သွားတတ်တယ ်ဆိုတာကသာ ရုပ်ရှင်ရဲ့ အဓိကဆိုလိုရင်း အာဘော်ဖြစ်နေမှန်း သတိ ထားလိုက်မိပါတယ်။
ကိုယ်စားလှယ်လောင်း (The Candidate)
Most Read
Most Recent
8 hours ago










