နယ်သာလန်နိုင်ငံကို အရူးအမူး သွားချင်နေတဲ့ ပါလက်စတိုင်း-ဆီးရီးယား ဘဏ်လုပ်ငန်းရှင်တစ်ဦးဟာ အေသင်မြို့အနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ‘ငါးမန်းဖြူ’လို့ အမည်ရတဲ့ ပုဂ္ဂိုလ်နဲ့ ဆုံတွေ့တဲ့အခါမှာ နာမည်ကြီး နိုင်ငံကူးလက်မှတ်အတု ပြုလုပ်တဲ့ ပုဂ္ဂိုလ်ဟာ သေးသေးသွယ်သွယ် ဖြစ်နေတာ တွေ့တဲ့ အတွက် အလွန်ကို အံ့သြသွားခဲ့ပါတယ်။
‘‘ကျွန်တော် အဲဒီပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါမှာ အရမ်း အံ့သြသင့်ခဲ့ပါတယ်။ တယ်လီဖုန်းနဲ့ ပြောဆိုတဲ့အချိန်မှာ သူ့အသံက မာထန်ပြီး နေတာကြောင့် လူပုံခပ်ထွားထွား ဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ လူချင်း မျက်နှာချင်း ဆိုင်တွေ့တဲ့အခါမှာ လူဗလန်လေး ဖြစ်နေတာ တွေ့ရပါတယ်’’လို့ အသက် ၃၁ နှစ်အရွယ်ရှိ ဘဏ်လုပ်ငန်းရှင် အလီက ပြောကြားခဲ့ပါတယ်။ အလီဟာ လက်ရှိအချိန်မှာတော့ သည်ဟိဂ်မှာ ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ရရှိတဲ့ သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်လခန့်က အလီဟာ အီတလီနိုင်ငံသား လက်မှတ်အတုကို ၃၄ ဒေါ်လာနဲ့ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
တခြားထောင်ပေါင်းများစွာသော ဒုက္ခသည်များနှင့် မတူဘဲ အလီကတော့ ဘောလ်ကန်နဲ့ အလယ်ဥရောပတိုက်ကို အခက်အခဲမရှိ ဖြတ်သန်းပြီး နယ်သာလန်ကို ရောက်ရှိခဲ့တာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ‘ငါးမန်းဖြူ’ ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
ဥရောပတိုက်ကို ဝင်ခွင့်ရရှိဖို့အတွက် ဒုက္ခသည်တွေဟာ ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသား လက်မှတ်အတု ရရှိဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့်မို့ နိုင်ငံသားလက်မှတ်တု လုပ်ပေးနေတဲ့သူတွေနဲ့ ချိတ်ဆက်ပြီး လက်မှတ်တုတစ်ခု ရရှိဖို့ကို လုပ်ဆောင်နေကြရပါတယ်။ သည်ဟိဂ်ကို ရောက်ရှိခဲ့တဲ့ အလီဟာ တကယ်တော့ နာမည်ရင်းကို ဖျောက်ထားပြီး အလီဆိုတဲ့ နာမည်ကို ယူထားပါတယ်။ သူဟာ တူရကီနိုင်ငံကနေပြီးတော့ ဂရိနိုင်ငံကို ရေကြောင်းမှတစ်ဆင့် ခက်ခက်ခဲခဲ ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
အလီဟာ လူဆိုးဂိုဏ်းဝင်ဖြစ်တဲ့ ‘ငါးမန်းဖြူ’ နဲ့ ဆက်သွယ်ခဲ့ရတာ အင်မတန်မှ အန္တရာယ် ကြီးမားလှပါတယ်။ ဘဏ်လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ‘ငါးမန်းဖြူ’လို ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေနဲ့ ဆက်ဆံရတာ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတာလည်း အမှန်ပါပဲ။
‘‘ရာဇဝတ်မှု ကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဟာ တောက်လျှောက်ဆိုသလို မုသားစကားတွေ ပြောကြပါတယ်။ ဒါပေမဲ့ သူတို့ကို ဘာမှ ပြန်မပြောတာ အကောင်းဆုံးပါပဲ။ ကိုယ်လိုချင်တာကို သူတို့ထံကနေ ရရှိဖို့ အောက်ကျို့ပြောဆိုရပါတယ်။ အဲဒီလို လုပ်ဆောင်ရတာဟာ အရှက်တကွဲ အကျိုးနည်းစရာတစ် ခုဖြစ်တာလည်း အမှန်ပါပဲ’’လို့ နေအိမ်အသစ်မှာ ရောက်ရှိနေတဲ့ အလီက အေအက်ဖ်ပီ သတင်းဌာနကို Viber မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။
၂၀၁၅ မှာ အလီဟာ နိုင်ငံကူးလက်မှတ်သစ်ကို ကိုင်ဆောင်ခဲ့ပါတယ်။ အဲဒီနိုင်ငံကူး လက်မှတ်မှာ ပါတဲ့ ဓာတ်ပုံကတော့ သူ့ပုံဖြစ်ပြီး နာမည်ကတော့ မာကိုရော့ဆီလို့ ပေးထားပါတယ်။ သူက ခရစ်တီလေဆိပ်ကနေ ပါရီမြို့သို့ ထွက်ခွာခဲ့ခြင်း ဖြစ်ပါတယ်။ ဂရိနိုင်ငံရှိ ခရစ်တီလေဆိပ်ဟာ အေသင်လေဆိပ်လောက် လုံခြုံရေး မတင်းကျပ်ပါဘူး။ ပါရီကမှတစ်ဆင့် မီးရထားနဲ့ သည်ဟိဂ်မြို့သို့ ထွက်ခွာခဲ့ခြင်း ဖြစ်ပါတယ်။
အလီရဲ့ အစ်ကိုတစ်ဦး ဖြစ်သူကတော့ စပိန်နိုင်ငံသား လက်မှတ်တုတစ်ခုကို ရရှိဖို့အတွက် ၁၁၄ ဒေါ်လာ ပေးခဲ့ရပါတယ်။ ဒါပေမဲ့ သူက ကံမကောင်းခဲ့ပါဘူး။ ဇာတိအရပ်မှနေပြီး မိုင်ပေါင်း ၂၀၀၀ ခရီးခန့် ကွာဝေးတဲ့ သည်ဟိဂ်မြို့ကို ကုန်းလမ်းမှတစ်ဆင့် ထွက်ခွာခဲ့ပါတယ်။ ဒါပေမဲ့ လမ်းခရီးမှာတင် အဖမ်းခံခဲ့ရပါတယ်။
နေ့စဉ်နဲ့အမျှဆိုသလို ဂရိရဲတပ်ဖွဲ့တွေဟာ နိုင်ငံကူး လက်မှတ်အတု ၂၀၀ ခန့်ကို ဖမ်းဆီး နေပါတယ်။ များသောအားဖြင့် လက်မှတ်တုတွေဟာ အရည်အသွေး ညံ့ဖျင်းကြပါတယ်။ လေဆိပ်မှာ ဖမ်းဆီးမိတဲ့ လက်မှတ်တုတွေဟာ အရည်အသွေးမမီကြောင်းကို ဥရောပသမဂ္ဂ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက မှတ်ချက်ချပါတယ်။
ဂရိနိုင်ငံရဲ့ မြို့တော်အေသင်ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုကတည်းက နိုင်ငံကူး လက်မှတ်အတုတွေ လုပ်ဆောင်ပေးတဲ့နေရာမှာ နာမည်ကြီးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေချိန်မှာ နိုင်ငံကူး လက်မှတ်အတု ပြုလုပ်မှုဟာလည်း စံချိန်တင် မြင့်တက်လာပါတယ်။
‘‘အနည်းဆုံး တစ်လတစ်ကြိမ်ဆိုသလို အေသင်မြို့လယ်ရှိ လက်မှတ်အတု ပြုလုပ်တဲ့ နေရာကို ဝင်ရောက် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေကို လုပ်ဆောင်နေသူတွေဟာ အယ်လ်ဘေးနီးယားတွေ၊ ပါကစ္စတန်တွေ၊ အီရတ်တွေနဲ့ ဆီးရီးယားတွေ ဖြစ်ကြပြီး သူတို့တစ်တွေဟာ ဂရိနိုင်ငံမှာ ကာလရှည်ကြာစွာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်’’ လို့ အမည်မဖော်လိုသော လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အလီရဲ့ ချစ်သူ ဆီးရီးယားသူက နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာ နေထိုင်ပါတယ်။ အလီအနေနဲ့ ပြင်သစ်နဲ့ ဆွီဒင် နိုင်ငံကူး လက်မှတ်အတုတွေကို အသုံးပြုဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အောက်တိုဘာ ၇ ရက်နေ့မှာ ဂရိရဲတပ်ဖွဲ့ဟာ နိုင်ငံကူး လက်မှတ်အတုတွေကို ပြုလုပ်နေတဲ့ ပြည်ပကနေ ဝင်ရောက်နေတဲ့ နိုင်ငံခြားသား ၁၂ ဦး ပါဝင်တဲ့ ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဂိုဏ်းနဲ့ ချိတ်ဆက်ပြီး ကော့စ်ကျွန်းမှာရှိနေတဲ့ နိုင်ငံကူးလက်မှတ် အတု ပြုလုပ်တဲ့သူတွေကိုပါ ဖမ်းဆီးခဲ့ပါတယ်။ ကော့စ်ကျွန်းဟာ အေဂျီယန် ပင်လယ်ပြင်မှာ ရှိပြီး တူရကီနိုင်ငံနဲ့ ထိစပ်နေပါတယ်။တူရကီဘက်ကနေပြီး ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ နေ့စဉ်နဲ့အမျှဆိုသလို ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး ကော့စ်ကျွန်း ဘက်ကို ဝင်ရောက် နေကြပါတယ်။
ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ဂရိနိုင်ငံကနေပြီး တားဆီးမှုတွေ ပြုလုပ်နေကြသလို အဲဒီ ဒုက္ခသည်တွေထဲမှာ လူမှောင်ခိုကူးမှုပြုလုပ်နေတဲ့ အဖွဲ့ဝင်တွေ ပါ၊ မပါကိုလည်း စစ် ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အလီရဲ့ ချစ်သူအမည်က ရာနီယာ ဖြစ်ပါတယ်။ သူကလည်း နာမည်ကို ပြောင်းထားပါတယ်။ ရာနီယာက နယ်သာလန်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ရာနီယာလည်း နယ်သာလန်ကို လူ မှောင်ခိုကူး ဂိုဏ်းတွေက ပို့ဆောင်ပေးလို့ နယ်သာလန်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူက နိုင်ငံကူး လက်မှတ်အတု ရရှိဖို့အတွက် အမေရိကန်ဒေါ်လာ ၃၄၀၀ ပေးခဲ့ရပါတယ်။ သူ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်ကတော့ ဘူလ်ဂေးရီးယား နိုင်ငံကူးလက်မှတ် ဖြစ်ပါတယ်။
‘‘နိုင်ငံကူး လက်မှတ်မှာပါတဲ့ ဓာတ်ပုံက ကျွန်မနဲ့တူပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာက ဖမ်းမိသွားတဲ့အချိန်မှာတော့ ကျွန်မ အရမ်းကို ကြောက်သွားပေမယ့် မကြောက်ဟန် ဆောင်ခဲ့ပါတယ်။ ပထမအကြိမ် မအောင်မြင်တဲ့အခါ ဒုတိယတစ်ကြိမ် ထပ်မံကြိုးစားခဲ့ပါတယ်။ အမ်စတာဒမ်မြို့ စချီပိုးလေဆိပ်ကို ရောက်တဲ့အခါမှာ ရေအိမ်ထဲကိုသွားပြီး နိုင်ငံကူး လက်မှတ်အတုကို လွှင့်ပစ်ခဲ့ပါတယ်။ ရုပ်ရှင်ကားတွေထဲမှာ မြင်တွေ့ရတဲ့ပြကွက်မျိုး ဖြစ်ပါတယ်’’လို့ အသက် ၂၈ နှစ်ရှိတဲ့ ရာနီယာက ပြောပြပါတယ်။
စစ်ပွဲမဖြစ်မီကဆိုလျှင် သူ့အနေဖြင့် တရားမဝင် ခရီးသွားခြင်းမျိုးကို ပြုလုပ်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဆီးရီးယားနိုင်ငံမှာ စစ်မီးတွေ တောက်လောင်နေတာကြောင့် အရဲစွန့်ပြီး တရားမဝင်ခရီးကို လျှောက်လှမ်း ခဲ့ရတာ ဖြစ်ပါတယ်။
သူ့အနေနဲ့ ရာဇဝတ်သားတွေနဲ့ လူမှောင်ခိုကူး ဂိုဏ်းတွေကို ထိတ်လန့်ခဲ့ပေမယ့် ဆီးရီးယားနိုင်ငံမှာ နေ့စဉ်နဲ့အမျှ လူတွေ သေဆုံးနေတာ မြင်တွေ့ရတဲ့အခါမှာတော့ နိုင်ငံကူး လက်မှတ်တစ်ခုကို ရအောင်ယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ နယ်သာလန်ကို ရောက်ဖို့ ဥပဒေနဲ့ညီတဲ့ နည်းလမ်းရှိရင်တော့ အဲဒီနည်းလမ်းကို ရွေးချယ်မှာ ဖြစ်ပါတယ်လို့ ရာနီယာက ပြောကြားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဆီးရီးယားနိုင်ငံကနေ ထွက်ခွာဖို့က အရေးကြီးတာမို့ ဥပဒေနဲ့ မညီညွတ်တဲ့လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ခြေဦးတည့်ရာ
Most Read
Most Recent
8 hours ago










