ရှားတောမြို့နယ်ရှိ KNPP နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့၏ ဆက်ဆံရေးအပေါ် စိုးရိမ်ကြောင်းနှင့် ဆန္ဒမဲထည့်ရာတွင် ဒေသခံများအား တိုက်တွန်းမည်ကို စိုးရိမ်ကြောင်း နိုင်ငံရေးပါတီများ ပြောကြား

ရှားတောမြို့နယ်ရှိ KNPP နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့၏ ဆက်ဆံရေးအပေါ် စိုးရိမ်ကြောင်းနှင့် ဆန္ဒမဲထည့်ရာတွင် ဒေသခံများအား တိုက်တွန်းမည်ကို စိုးရိမ်ကြောင်း နိုင်ငံရေးပါတီများ ပြောကြား
Published 22 October 2015
မခိုင် (လွိုင်ကော်)

ကယားပြည်နယ် ရှားတောမြို့နယ်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့၏ ဆက်ဆံရေးအပေါ် စိုးရိမ်ကြောင်းနှင့် ဆန္ဒမဲထည့်ရာတွင်လည်း ဒေသခံများအား တိုက် တွန်းမှု ပြုလုပ်မည်ကို စိုးရိမ်ကြောင်း နိုင်ငံရေးပါတီများက ပြောကြားသည်။
“ဦးအောင်မင်းနဲ့ KNPP ဆက်ဆံရေးကို စောင့်ကြည့်တဲ့အခါ ရင်းနှီးတာကိုတွေ့ရတယ်။ ဦးအောင်မင်း စည်းရုံးရေး ရွာတွေ ဆင်းတဲ့အခါမှာလည်း KNPPက ကယား ကလေးတွေ စကားပြန်လိုက်တယ်။ ဒီမှာက ဗမာစကား မတတ်ကြဘူးလေ။တစ်ယောက်ကို ၂ သိန်းပေးတယ်လို့ ကြားရတယ်။နောက် လွိုင်ကော်မှာ ရွေးကောက်ပွဲ သင်တန်းဖြစ်ဖြစ်၊ အခြားသင်တန်းဖြစ်ဖြစ် လုပ်တဲ့အခါကျတော့လည်း KNPP ရုံးကို သင်တန်းတက် လူပေးဖို့ တောင်းတယ်။ ရှားတောက ကျဉ်းကျဉ်းလေးပါ။ တစ်ခုခုဆို အကုန်သိကြတယ်။ KNPP ကို သတိထားစေချင်တယ်။ တကယ့် စေတနာပါ။ ဦးအောင်မင်းက ရှားတောလာ ရင်တောင် လွိုင်ကော် KNPP ကို အကြောင်း ကြားချင်မှကြားတာ။ ရှားတောက တကယ့်ကို ရိုးတဲ့ KNPP လူတွေနဲ့ပဲ ပြောဆိုတာမျိုး လုပ်တာကြားရတယ်။ ဦးအောင်မင်း လုံခြုံရေး ဆိုတာကိုပြောရရင်လည်း ကျွန်တော်တို့ ဒေသခံ တွေက သူများကို ရန်လိုတဲ့သူ မရှိခဲ့ဘူး။ သူများက ရန်လုပ်တာတောင် သည်းခံကြတယ်။ မခံနိုင်မှ ပြန်လုပ်တတ်တာမျိုးပါ။ KNPP အသုံးချ ခံနေရတယ်လို့ မြင်မှာလည်း စိုးတယ်” ဟု ရှားတော ကယားလူမျိုးစု ဒီမိုကရေစီ ပါတီဝင်တစ်ဦးက ပြောကြားသည်။
ထိုကဲ့သို့ ပြည်ထောင်စုဝန်ကြီးက မဲဆွယ်စည်းရုံးရေး ဆင်းရာ၌ KNPP ၏ ကယား စကားပြန် ပေးသူများက ဦးအောင်မင်းအား မဲထည့်ရန်အတွက် စကားပြန်ဆိုပေးသည်ကို ဒေသခံအများစုမှာ KNPP မှ ဦးအောင်မင်း အား မဲထည့်ကြရန် တိုက်တွန်းသည်ဟု မြင်ကြကြောင်း သရီးဒါး၊ ဒေါဝယ်ရော ရွာသားများက ဆိုသည်။
“ကျွန်တော်တို့ ကယားပြည်နယ် ဆိုတာက ကျဉ်းကျဉ်းလေးပါ။ ကိုယ်မကြိုက်ရင် မေးထူး ခေါ်ပြောလောက်ပဲ လုပ်တတ်ကြတယ်။ ဦးအောင်မင်းနဲ့ KNPP က ဒေသဖွံ့ဖြိုးရေး တွေအတွက် အတူလုပ်ကြတဲ့အခါကျတော့ အမြင်တစ်မျိုးမြင်တာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း စိုးရိမ်ပါတယ် ။ဒေသခံတွေကို KNPP က ဦးအောင်မင်းကို မဲထည့်ဖို့ပြောတယ်လို့ မြင်မှာကို စိုးရိမ်ပါတယ်”ဟု ရှားတောအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် KNPP ၏ ဆက်ဆံရေးအပေါ် နိုင်ငံရေးပါတီများမှ စိုးရိမ်မှု ဖြစ်နေကြောင်းကို လွိုင်ကော် KNPP ရုံးမှ တာဝန်ခံ ခူးညေးရယ်က “ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်တဲ့အခါ ဦးအောင်မင်းနဲ့ ဆက်ဆံမှုတွေ ရှိပါတယ်။ ဒီရွေးကောက်ပွဲမှာ KNPP အနေနဲ့ဘာကိုမှ ဝင်မစွက်ဖက်ပါဘူး။  လုံခြုံရေး ထိခိုက်အောင်လည်း မလုပ်ပါဘူး။ ဦးအောင်မင်းတို့က အကူအညီတောင်း တာမျိုးကို ကူညီတာပဲရှိပါတယ်။ မစိုးရိမ်ဖို့ ပြောချင်ပါတယ်။ ဟိုပါတီကို ရွေးပါ ဒီပါတီကို ရွေးပါဆိုတာမျိုးလည်း ဘယ်သူ့ကိုမှ မပြောပါဘူး။ သူတို့ လွတ်လွတ်လပ်လပ် ရွေးနိုင်ပါတယ်။ကျွန်တော်တို့လည်း ဒီမိုကရေစီလမ်းကို သွားနေတာလေ။ ဦးအောင်မင်း သွားရာကို KNPP တပ်မတော်သားတွေက လုံခြုံရေး ပေးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ဘယ်သူ့ကိုမှ မပေးထားပါဘူး” ဟု ဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဝင်ရောက်ရွေးချယ်ခံမည့် လွိုင်ကော်မြို့နှင့် မိုင် ၄၀ ခန့်သာ ဝေးသော ရှားတောမြို့နယ်သည် အောက်တိုဘာ ၂၀ ရက် ရှားတော ရွေးကောက်ပွဲကော်မရှင် စာရင်းအရ ၄၂၈၂ ဦး သာရှိပြီး KNPP ၏ အမာခံ နယ်မြေလည်း ဖြစ်ကြောင်း သိရသည်။   

Most Read

Most Recent