သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် တရားခံ တင်မြင့်အားအောက်တိုဘာ ၂၁ ရက်တွင် လုံခြုံရေး အင်အား တင်းကျပ်စွာဖြင့် တောင်ပိုင်းခရိုင် တရားရုံး၌ တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး ၎င်းအား ဖမ်းဆီးသည့်နေ့က ပါဝင်ခဲ့သည့် အရပ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
“ဒုတိယ အကြိမ်တုန်းက ရဲတပ်ဖွဲ့ဝင် သုံးဦး စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ တင်မြင့်ကို ဖမ်းဆီးတဲ့နေ့က ပါဝင်ခဲ့တဲ့ အရပ်သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ဆေးပါတယ်။ လိုပြသက်သေ ရှစ်ဦးအထိ စစ်ဆေးပြီးသွားပါပြီ။ နောက်ရုံးချိန်းကတော့ အောက်တိုဘာ ၂၉ ရက်နေ့ပါ” ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ထို့ပြင် တရားခံ တင်မြင့်အား ယနေ့တွင် အမျိုးသား တစ်ဦးအား ၂၀၁၄ ခုနှစ် မေလတွင် ဓားဖြင့် ထိုးကာ ထွက်ပြေး တိမ်းရှောင်ခဲ့သည့် အမှုကို သန်လျင်မြို့နယ် တရားရုံး၌ ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။
တရားခံတင်မြင့် အနေဖြင့် ၂၀၁၄ ခုနှစ် မေလတွင် သန်လျင်မြို့နယ်၌ပင် အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်မှုကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တရားခံပြေးအဖြစ် ကြေညာခံထားရပြီး စက်တင်ဘာ ၂ ရက်တွင် ၎င်းတိမ်းရှောင်နေသည့် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ သဘာ၀ တည်းခိုခန်း၌ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးရာ ဓားဖြင့်ပြန်လည် ခုခံထိုးသတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှစ်ဦးဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံးခဲ့ရသည်။
တရားခံတင်မြင့်အား ရုံးထုတ်ရာ၌ လုံခြုံရေးကို တင်းကျပ်စွာ ချထားပြီး အမှုစစ်ဆေးနေစဉ် ခရိုင်တရားရုံး အတွင်းသို့ အပြင်လူ ပေးဝင်ခြင်း မရှိကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ တင်မြင့်မှာ အသက် (၄၇) နှစ်ရှိပြီ ဖြစ်ပြီး ၎င်းကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ကာ လူငယ်ဘဝကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်း၍ ခိုး၊ ဆိုး၊ လု၊ နှိုက်စသည့် အမှုပေါင်း များစွာကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း ၊ တင်မြင့်သည် ၁၉၉၀ ခုနှစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးပြီး လုယက်မှု ကျူးလွန်ခဲ့ကာ ပဲခူးမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ၎င်းထွက်ပြေး တိမ်းရှောင်မှုအား လိုက်လံဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ထပ်မံ တိမ်းရှောင်နေစဉ် သာကေတမြို့မ ရဲစခန်းနှင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းတို့ ပူးပေါင်း၍ ဖမ်းဆီးခဲ့ကာ ၎င်းအား ပဲခူးစစ်ခုံရုံးက ထောင်ဒဏ် တစ်သတ်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အမိန့်ချမှတ်ခံခဲ့ရပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ် စစ်ဆေးနေစဉ် သံခြေချင်းအား ဖြုတ်၍ အစောင့်ရဲအား ရိုက်နှက်ကာ ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် တင်မြင့်အား မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူလမ်းထောင့်တွင် ပြန်လည် ဖမ်းဆီးရမိခဲ့သဖြင့် အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ်ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခံခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်း သိရှိရသည်။
ထိုသို့ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် တင်မြင့်သည် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ပြန်လည် နေထိုင်နေစဉ် မယားပါ သမီးအား အဓမ္မပြုရန် ကြံစည်မှုဖြင့် ထွက်ပြေး တိမ်းရှောင်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် လုယက်မှုများ ထပ်မံ ကျူးလွန်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိရသည်။ ထို့နောက် ၎င်းအား တောင်ဒဂုံမြို့နယ်၌ လက်နက် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည် ပြစ်မှုများအတွက် ထောင်ဒဏ်နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့သည်။
ထောင်ကျနေစဉ် အတွင်း၌ပင် မြင်းခြံမြို့နယ်ရှိ ရဲဘက်စခန်းတွင် ထိန်းသိမ်းခံထားရစဉ် သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစည်ခဲ့မှုဖြင့် ထောင်ဒဏ်လေးလ ထပ်မံ တိုးမြှင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
လက်ရှိတွင် တင်မြင့်အား ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို သတ်ခဲ့သည့် အမှုအတွက်သန်လျင်မြို့မ ရဲစခန်းတွင် (ပ)၅၆၃/၂၀၁၅၊ ပြစ်မှု ပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို သတ်ခဲ့သည့် တရားခံ တင်မြင့်အား လုံခြုံရေး အင်အားတင်းကျပ်စွာဖြင့် တောင်ပိုင်းခရိုင် တရားရုံး၌ တတိယအကြိမ် ရုံးထုတ်