နိုင်ငံခြားသုံးငွေများ လက်ခံကိုင်ဆောင်ခွင့် လိုင်စင် ရုပ်သိမ်းခြင်းကြောင့် ဒေါ်လာဈေး ပိုမို မြင့်မားလာနိုင်ပြီး စီးပွားရေး ကမောက်ကမ ဖြစ်လာမည်ကို စိုးရိမ်နေကြ

နိုင်ငံခြားသုံးငွေများ လက်ခံကိုင်ဆောင်ခွင့် လိုင်စင် ရုပ်သိမ်းခြင်းကြောင့် ဒေါ်လာဈေး ပိုမို မြင့်မားလာနိုင်ပြီး စီးပွားရေး ကမောက်ကမ ဖြစ်လာမည်ကို စိုးရိမ်နေကြ
Published 18 October 2015
အငယ်ထွေး၊ နီလာ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်လိုက်သည့် နိုင်ငံခြားသုံးငွေများ လက်ခံကိုင်ဆောင်ခွင့်လိုင်စင် ရုပ်သိမ်းလိုက်ခြင်းအပေါ် စီးပွားရေး အဝန်းအဝိုင်းမှ ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ဒေါ်လာဝယ်လိုအားကိုသော် လည်းကောင်း၊ ဈေးကွက်အတွင်း ဒေါ်လာရှားပါးနေမှု ပြဿနာကိုသော် လည်းကောင်း အမှန်တကယ် ဖြေရှင်းနိုင်မည်လား ဆိုသည့် ဝေဖန် သုံးသပ်မှုများ ရှိနေပြီး လက်ရှိ အချိန်သည် Dollorization အား လျှော့ချလိုသည့်တိုင် မှန်ကန်သည့်အချိန် မကျရောက်သေးကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။နိုင်ငံတော်အတွင်း ရောင်းချ ဝယ်ယူနေသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေများကို နိုင်ငံခြားငွေဖြင့် ပေးချေရခြင်းများကြောင့် ပြည်တွင်းတွင် ဒေါ်လာသုံးစွဲမှု မြင့်တက်လာပြီး (Dollarization) ဖြစ်လာကြောင်း၊ ဒေါ်လာလိုအပ်ချက် မြင့်တက်လာခြင်း၊ ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍ လျော့ကျလာခြင်းတို့ကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်မငြိမ် ဖြစ်လာကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်းကဲ့သို့ မြန်မာကျပ်ငွေ ဈေးတည်ငြိမ်မှု လျော့ကျလာခြင်းသည် ငွေရေးကြေးရေးကဏ္ဍ မတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်စေသောကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ အနေဖြင့် မိမိတို့ ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ ကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်းများ၊ ဆက်စပ်ဆောင်ရွက်လျက်ရှိသော အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများနှင့် အဖွဲ့အစည်းများကို ပြည်တွင်းကျပ်ငွေဖြင့်သာ ဆောင်ရွက်သွားရန်အတွက် အကြောင်းကြားစာများ ဖြန့်ဝေခဲ့ပြီး ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“အခုလို ကြေညာချက် ထုတ်လိုက်တာက ဒေါ်လာဈေးကွက်ကို သက်ရောက်မှု ရှိနိုင်တယ်လို့ မြင်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းတွေလည်း အခက်အခဲတွေ အများကြီး ဖြစ်လာမယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးလုပ်ငန်းတစ်ခု ဆိုပါတော့။ သူ့ရဲ့ ဝန်ဆောင်မှုကို ဒေါ်လာနဲ့ ရောင်းလိုက်မယ်ဆိုရင် သူ့မှာ ဒေါ်လာ Earning ရှိတယ်။ နိုင်ငံခြားမှာလည်း Offshore Bank တွေမှာ အကောင့်ထားပြီး လက်ခံလို့ ရတယ်။ အဲဒီ အနေအထားကနေ အခု သူက ကျပ်နဲ့ ရောင်းရမယ်ဆိုရင် အခက်အခဲ ရှိတယ်။ ဥပမာ-လေကြောင်းလိုင်းတို့ ဟိုတယ်တို့မှာ ပိုပြီးတော့ ဖြစ်နိုင်ပါတယ်” ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဦးမြင့်သောင်းက ပြောကြားသည်။လက်ရှိ ထုတ်ပြန်ချက်သည် Dollarization ကို လျှော့ချလိုသည့်အတွက် လုပ်သည်ဆိုသောကြောင့် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း အချိန် စောနေသေးကြောင်း၊ လက်ရှိ အချိန်အထိ မြန်မာကျပ်ငွေသည် ဒေသတွင်း နိုင်ငံများထဲတွင်ပင် Convertable Currency အဖြစ် မရပ်တည်နိုင်သေးကြောင်း၊ ယင်းကဲ့သို့ ရပ်တည်နိုင်ပါက မြန်မာငွေကို ပြည်ပနိုင်ငံများတွင် ပြည်ပငွေကြေး တစ်ခုခုဖြင့် တိုက်ရိုက် ဖလှယ်ခွင့် ရှိမည်ဖြစ်ကြောင်း၊ ယင်းကာလကျမှသာ ယခုကဲ့သို့ လုပ်ဆောင်ခြင်းက ပို၍ အဆင်ပြေနိုင်ကြောင်း ဦးမြင့်သောင်းက သုံးသပ်ပြောကြားသည်။အဆိုပါ အကြောင်းကြားစာအရ ဟိုတယ်နှင့် ခရီးလှည့်လည်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ Duty Free Shop များ၊ လေကြောင်းလိုင်းများ၊ ဆေးရုံများ၊ Freight Forwarder များ၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ အခြား ကုမ္ပဏီများ (ဥပမာ - အချိုရည်နှင့် ယမကာ၊ အမြန်ချောပို့၊ ပိုးသတ်ဆေးဖျန်း၊ မီဒီယာ၊ အခန်းများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် စသော လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများ အားလုံး)၊ အလားတူ အခြားလုပ်ငန်းများ ဖြစ်သော ယွန်းထည်၊ ပိုးထည်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ စူပါမားကက်၊ ဂေါက်သီး ကလပ်များနှင့် နာရေးကူညီမှုလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းများ အားလုံး အကျုံးဝင်ကြောင်း သိရသည်။“၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနဲ့ ဘတ်ဂျက်ရေးဆွဲရာမှာ အမေရိကန် တစ်ဒေါ်လာ၏ ငွေကြေးလဲလှယ်နှုန်းအား ၁၀၂၀ ကျပ်နဲ့ ရေးဆွဲထားပါသည်လို့ ရေးထားတယ်။ ဒါပေမယ်လို့ ဒီနှစ် ဘဏ္ဍာရေးနှစ် ဝင်ခါစပဲ ရှိသေးတယ်၊ ဧပြီလလောက်က ၁၀၇၀ လောက် ဖြစ်သွားတယ်။ ဆိုလိုတာက ၁၀၂၀ နဲ့ ရေးဆွဲပြီး လွှတ်တော်ထဲမှာ တင်ပြပြီး အဆိုပြုလွှာ ထွက်လာပြီး မရှေးမနှောင်းမှာပဲ ၅၀၊ ၆၀ လောက် ဟသွားတယ်။ အဲဒီကနေ တအိအိနဲ့ ဆင်းလာလိုက်တာ အခုဆိုရင် ၁၃၀၀ လောက် ရောက်နေပြီ။ ဒါပေမဲ့ ၁၂၀၀ နဲ့ ၁၃၀၀ ကြား ရောက်နေပေမယ့်လည်း ဒါဟာ ရောက်သင့်ရောက်ထိုက်တဲ့ဈေး မဟုတ်သေးဘူးလို့ ကျွန်တော် ပြောခဲ့ဖူးတယ်။ ရောက်သင့် ရောက်ထိုက်တဲ့ ဈေးနှုန်းက ဘယ်အချိန်မှာ ရောက်မှာလဲ။ ဘယ်ပုံစံနဲ့ ရောက်မှာလဲ ဆိုတာတွေလည်း ပြောဖူးပါတယ်။ အဲဒီကတည်းက တစ်ချိန်မဟုတ် တစ်ချိန် ဒါမျိုး လုပ်လာမယ်ဆိုတာ ကျွန်တော် ပြောခဲ့ပါတယ်။ ဘာကြောင့် အဲလို လုပ်ရသလဲဆိုတော့၊ ဆိုပါတော့-တလောက ပီဇာဆိုင်မှာ ဒေါ်လာနဲ့ ရောင်းတာကို ကန့်ကွက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာလည်း တွေ့ရတယ်။ တစ်ဖက်ကကျတော့ ဆိုင်တွေက သူတို့ လိုအပ်တဲ့ သွင်းကုန်တွေကို ဒေါ်လာနဲ့ ဝယ်ရတယ်။ ဒေါ်လာဈေးက ပုံမှန် မရှိဘူး။ အတက်အကျ ဖြစ်နေတယ်။ ခန့်မှန်းရ ခက်နေတယ်။ နောက်ပိုင်းကျတော့ ဘာဖြစ်လာလဲဆိုတော့ မြန်မာကျပ်ငွေကို ပိုမိုကိုင်တွယ်ပြီး အသုံးပြုနိုင်အောင် တစ်နည်းပြောရရင် ဒေါ်လာငွေ ပိုမိုသုံးစွဲလာတဲ့ Dollarization ကို ကာကွယ်ဖို့ ဒေါ်လာကို ကန့်သတ်လာတယ်။ အမိန့် ထုတ်ပြန်ချက်နဲ့ ကန့်သတ်တာတော့ မဟုတ်သေးဘူး။ သတိပေးတဲ့ ပုံစံမျိုးနဲ့ ပြောလာတယ်။ အခုကတော့ တရားဝင် စာထုတ်လိုက်တဲ့ သဘောပါ” ဟု ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ) က ပြောကြားသည်။ယင်းကဲ့သို့ ဖြစ်လာခြင်းသည် အဓိကအားဖြင့် ဈေးကွက်ထဲတွင် ဒေါ်လာ ရှားပါးလာသည့်အတွက် ဖြစ်လာခြင်းဖြစ်ကြောင်း၊ မြန်မာကျပ်ငွေများ ပေါနေသည့်အတွက် ဖြစ်ခြင်း မဟုတ်ကြောင်း၊ မြန်မာကျပ်ငွေများကို ဈေးကွက်ထဲမှ ပြန်နုတ်ယူခြင်းဖြင့်လည်း ဒေါ်လာဈေး ကျသွားမည် မဟုတ်ကြောင်း၊ လက်ရှိ ဗဟိုဘဏ်က ပြောနေသည့် ပုံစံမှာ မြန်မာကျပ်ငွေကို ပြန်ရုပ်နေသည့် ပုံစံ ဖြစ်နေကြောင်း၊ မြန်မာကျပ်ငွေ ရုပ်ရုံသက်သက်ဖြင့် ဒေါ်လာငွေ တန်ဖိုးသည် ယခုထက် ကျမလာနိုင်ကြောင်း၊ အကယ်၍ ဒေါ်လာတန်ဖိုးကို ထိန်းမည် ဆိုပါက ဒေါ်လာများများ ဝင်လာအောင် လုပ်ဆောင်ရမည်သာဖြစ်ကြောင်း ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပြောကြားသည်။“ဒေါ်လာ များများဝင်အောင် လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့ နည်းက နှစ်နည်းပဲ ရှိတယ်။ တစ်နည်းက ပို့ကုန်ကို များများ တင်ပို့နိုင်ဖို့။ ပို့ကုန်မြှင့်တင်ဖို့ ဆိုပြီးတော့လည်း သူတို့အနေနဲ့ အမျိုးသားပို့ကုန် မဟာဗျူဟာဆိုပြီး လုပ်နေတာရှိတယ်။ ဥပမာ ဆန်ဆိုရင် ယာယီရပ်ဆိုင်းပြီးတော့ ပြန်လည် တင်ပို့နေတာရှိတယ်။ ဆိုလိုတာက လယ်ယာထွက်ကုန်တွေရဲ့ ပို့ကုန်ဆိုတာက ကျွန်တော်တို့ နိုင်ငံမှာ မတည်ငြိမ်ပါဘူး။ ချက်ချင်းကြီး ပို့ကုန်မြှင့်ဖို့ကလည်း မလွယ်ဘူး။ အခု သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တို့ ဘာတို့ ဖွင့်တာတွေတော့ ရှိတာပေါ့။ ဆိုတော့ လောလောဆယ်မှာ ဒေါ်လာရှားလာတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရတော့ဘူး။ ဘယ်လောက်ရှိမယ် ဆိုတာတော့ အတိအကျ ခန့်မှန်းဖို့ ခက်တယ်။ ဟိုးတုန်းက ရှိခဲ့တယ်။ နိုင်ငံခြားသားတွေလာရင် အမေရိကန် ဒေါ်လာကို မလဲမနေရလဲ ရတာမျိုး။ အဲဒီတုန်းက FEC ခေတ်ပေါ့။ အခုက FEC တော့ မရှိတော့ဘူး။ နောင်တစ်ချိန်မှာ ဒီထက်များ ပိုပြီးရှားလာရင် နိုင်ငံခြားသားတွေကို ဗဟိုဘဏ် ပေါက်ဈေးနဲ့ လေဆိပ်မှာတင် မလဲမနေရ လဲပေးနိုင်မလား ဆိုတာမျိုးလည်း စဉ်းစားမိတယ်။ ဒါပေမဲ့ ဘာတွေ ဖြစ်လာမလဲလို့ မေးရင် ဒေါ်လာ ဆိုတာက ကမ္ဘာသုံးငွေ ဖြစ်နေတယ်။ အမေရိကန် ဗဟိုဘဏ်က အာမခံထားတဲ့ငွေ ဖြစ်နေတယ်။ ကမ္ဘာသုံး ငွေကြေးဆိုတာက သူ့ရဲ့ ရှိသင့်ရှိထိုက်တဲ့ တန်ဖိုးနဲ့ လဲလှယ်တာပဲ။ တစ်နည်းပြောရရင် နိုင်ငံတစ်ခုနဲ့ တစ်ခုနဲ့ စီးပွားရေး အင်အားချင်း လဲလှယ်တာပဲ။ သူ့နိုင်ငံက စီးပွားရေး ထွက်ကုန်တွေရဲ့ တန်ဖိုးနဲ့ ကိုယ့်နိုင်ငံက ထုတ်ကုန်တွေရဲ့ တန်ဖိုးကို နှိုင်းယှဉ်တဲ့ Indicator တစ်ခုပဲ။ တကယ်လို့များ ကိုယ့်နိုင်ငံရဲ့ ထုတ်လုပ်မှုက တက်မလာဘူးဆိုရင် ကိုယ့်ငွေကြေးက ထပ်ကျမှာပါပဲ” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။“ကျွန်တော် ပြောချင်တာက Dollarization ကို လျှော့ချမယ်ဆိုရင် မြန်မာကျပ်ငွေကို မာအောင် လုပ်ပါ။ ကျပ်ငွေမာတဲ့ နေရာမှာလည်း ရေတိုရေရှည် နှစ်မျိုး ရှိပါတယ်။ ရေတိုမှာ လုပ်လို့ရတဲ့ အထဲမှာ ကုန်သွယ်ရေး လိုငွေကတော့ အများကြီး လျှော့လို့ မရဘူး။ လျှော့လို့ရမယ် ဆိုရင်လည်း အတိုင်းအတာ တစ်ခုအထိပဲ ရမယ်။ အဲဒီမှာ ဘာလုပ်နိုင်လဲဆိုတော့ ဘဏ္ဍာရေး လိုငွေကို လျှော့ချနိုင်တယ်။ ဘဏ္ဍာရေးလိုငွေလို့ ပြောလို့ Balance Budget အမြဲ ဖြစ်နေရမယ်လို့ ပြောတာ မဟုတ်ဘူး။ ဘတ်ဂျက်လိုငွေ ရှိသော်ငြားလည်း လိုငွေဟာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့ လိုတယ်။ ဘဏ္ဍာရေးလိုငွေ များတဲ့အခါ ကုန်ဈေးနှုန်းတွေ တက်လာမယ်။ အလုပ်အကိုင်တွေကို ဘယ်လို ဖန်တီးပေးနိုင်မလဲဆိုတာ အမျိုးမျိုး စဉ်းစားဖို့ လိုလာတယ်။ ရငွေသုံးငွေ ဆိုတဲ့နေရာမှာ ရလာအောင်လည်း အခွန်ငွေကို ကောက်ရမှာ ဖြစ်သလို သုံးငွေမှာလည်း စိစစ်ဖို့ လိုပါတယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။လက်ရှိအချိန်သည် ရွေးကောက်ပွဲကြီး နီးနေပြီဖြစ်သည့် ကာလလည်း ဖြစ်နေကြောင်း၊ အစိုးရ အနေဖြင့် ဘတ်ဂျက်ကို မှန်မှန်ကန်ကန် မသုံးစွဲနိုင်ပါက ငွေကြေးမတည်ငြိမ်မှုများ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အစိုးရ အနေဖြင့် မလိုအပ်သည့် အသုံးစရိတ်များကိုလည်း လျှော့ချရန် လိုအပ်ကြောင်း၊ လက်ရှိ အချိန်သည် ကုန်သွယ်ရေး လိုငွေရော၊ ဘဏ္ဍာရေး လိုငွေရော နှစ်ခုစလုံးလို ငွေပြနေကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်ဟု ပြောသော်ငြား ပို့ကုန်မှာ သိသိသာသာ တက်လာခြင်း မရှိသေးကြောင်း၊ FDI တက်မှသာလျှင် ပို့ကုန် တက်လာမည်ဖြစ်ကြောင်း၊ FDI တက်လာပြီး ပို့ကုန် မတက်လာပါက ဝင်လာသည့် FDI မှာလည်း အကျိုးရှိမည် မဟုတ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။(လက်ရှိတွင် ကန့်သတ်ထားသော) နိုင်ငံခြားငွေ ရှာပေးသည့် ပို့ကုန်များအနက် တစ်ခု အပါအဝင်ဖြစ်သော ကျွန်းသစ်ထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ချင်းတွင်းမြစ်ကြောင်း တစ်နေရာ၌ တွေ့ရစဉ်
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလျံအထိ ဝင်ရောက်ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ် လက်ရှိအချိန်အထိ သုံးဘီလျံကျော် ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍတို့တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ ကုန်ထုတ်ကဏ္ဍတွင် လုပ်ငန်းပေါင်း ၅၂၅ ခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် လုပ်ငန်း အရေအတွက် ၁၅၁ ခုတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။ စွမ်းအင်ကဏ္ဍတွင် ဝင်ရောက် မြှုပ်နှံမှုမှာ ကုန်ထုတ်လုပ်ငန်း အရေအတွက်ထက် နည်းပါးသော်လည်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာမူ များပြားကြောင်း သိရသည်။“လက်ရှိ ဖြစ်ပေါ်နေတဲ့ Dollarization ကို ဖြေရှင်းမယ်ဆိုရင် ပြည်သူတွေ ထိတ်လန့်မသွားဖို့ အရင်ဆုံး အရေးကြီးတယ်။ စောစောက ဖြစ်တဲ့ ဟာမျိုးက ဈေးကွက်ကို ထိတ်လန့်စေတယ်။ ထင်တာက မြန်မာကျပ်ငွေ သိမ်းလိုက်လို့ရှိရင် ဒေါ်လာဈေးက ကျသွားမယ်လို့ ထင်နေတာလား မသိဘူး။ နောက်တစ်ခုက အိမ်ရာမြေ စီမံကိန်းတွေ ဖော်လိုက်လို့ရှိရင် ဒေါ်လာဈေးတွေ ကျသွားမယ်လို့ ထင်နေတာလား မသိဘူး။ သူတို့ ဒီလိုတွေး မတွေးတော့ မသိဘူး။ အဲဒီလို လုပ်ငန်းတွေ ဖော်လိုက်ရင် ဘာတွေ လိုလဲဆိုတော့ ပြည်ပကနေပဲ ဘိလပ်မြေတွေ၊ သံချောင်းတွေ သွင်းရတော့မယ်။ ဒီအတွက် ဒေါ်လာ လိုဦးမှာပဲ။ နောက်တစ်ခုက ဒေါ်လာရနိုင်တဲ့နည်းကို ပြည်တွင်းမှာပဲ စဉ်းစားကြည့်လိုက်တယ်။ ဆန်ကလည်း သိပ်ပြီးတော့ မဖြစ်နိုင်တော့ဘူး။ အရင် တရုတ်ကို ရောင်းနေတာ။ မြန်မာက ယာယီ ရပ်ဆိုင်းလိုက်တဲ့ အခါကျတော့ အခု ဗီယက်နမ်ဘက်က လှည့်ဝင်နေတယ်။ ဒါကြောင့် အခု မြန်မာက ပြန်ရောင်းဖို့ ကြိုးစားနေရတယ်။ နောက် ကျွန်းသစ်ဝင်ငွေ သိပ်မရှိတော့ဘူး။ နောက် သတ္တုတို့ ဘာတို့ဆိုလည်း ဒီအတိုင်းပဲ။ အခု ကျောက်စိမ်း ဆိုရင်လည်း ဝယ်သူဈေးကွက် ဖြစ်သွားပြီ။ သားငါးဆိုလည်း အခြေအနေ မကောင်းဘူး။ မြန်မာနိုင်ငံကနေ နိုင်ငံခြားငွေ ရှာပေးတဲ့ ပို့ကုန်တွေဟာ အခြေအနေ မကောင်းဘူး။ နောက်အထည်ချုပ် ဝန်ထမ်းတွေ အများအပြား ခန့်နိုင်တယ်။ ဒါပေမဲ့ အလုပ်သမား လစာတွေ အမ ျားအပြား ခန့်လိုက်တဲ့အတွက် Labour Issue တွေ အများအပြား ဖြစ်လာတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ဘက်ကလည်း ပြန်လည် ညှိနှိုင်းဖို့ ကိစ္စကို အချိန်ပြန်ယူနေကြပြီ” ဟု ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ)က ပြောကြားသည်။“လက်ရှိ မြန်မာနိုင်ငံမှာ သွင်းကုန်က ပို့ကုန်ထက် ပိုများနေတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းတွေ တက်လာတယ်လို့ ပြောနေတာတွေ ရှိပါတယ်။ တကယ်တမ်းကျတော့ ပို့ကုန်ပိုင်းမှာ Trade Policy အနေနဲ့ ဘာမှ ကန့်သတ်ထားတာ မရှိပါဘူး။ ဖြစ်နေတာက ကျွန်တော်တို့က ရင်းနှီးကုန်စည် တင်သွင်းမှု (Capital Goods) တင်သွင်းမှုက ရာခိုင်နှုန်း ၄၀ ရဲ့ အထက်မှာ ရှိနေပါတယ်။ နောက်တစ်ခုက စက်မှုလုပ်ငန်းသုံး ပစ္စည်းတွေ တင်သွင်းမှုက ရာခိုင်နှုန်း ၃၀ လောက် ရှိတယ်။ အခြား လူသုံးကုန်ပစ္စည်း တင်သွင်းမှုက ၂၅ ရာခိုင်နှုန်းပဲ ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်က မကြာမီက ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တစ်ခုတွင် ပြောကြားသည်။“အဓိက,က ကုန်ဈေးနှုန်း တည်ငြိမ်မှုကို ထိန်းရမယ်။ ငွေကြေး ဖောင်းပွမှုကို ရအောင်ထိန်းပါ။ ငွေကြေး ဖောင်းပွမှုကို သုညရာခိုင်နှုန်းအထိ လျှော့ချရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ငွေကြေးဖောင်းပွမှုရှိမှ စီးပွားရေး တိုးတက်မယ်လို့ မြင်နေတဲ့ အမြင်ကလည်း မမှန်ပါဘူး။ တိုင်းပြည် စီးပွားရေး တိုးတက်အောင် ငွေကြေး ဖောင်းပွမှု နည်းနည်းလေးနဲ့ လုပ်လို့ ရတယ်။ အခုဆိုရင် Two Digit ထဲကို တဖြည်းဖြည်း ဝင်လာပြီ။ အဲဒါဆိုရင် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ တက်မယ်။ စားသုံးသူတွေအတွက် ကုန်ဈေးနှုန်းတွေ ဈေးတက်မယ်။ ပို့ကုန်တွေ ကျပြီဆိုရင် ကမ္ဘာ့ဈေးကွက် ပေါက်ဈေးထက် ကျော်လွန်အောင် မရောင်းနိုင်တဲ့ ပို့ကုန် တစ်ခုမှ မရှိဘူး။ အခု ဆော်ဒီအာရေဗျက သူ့ရဲ့ ရေနံဈေးနှုန်းကို Discount Rate နဲ့ တရုတ်ကို ရောင်းမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဈေးကွက် ဝေစုကျသွားမှာ စိုးလို့။ ဒါကြောင့် ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး ကုန်ပစ္စည်းကို ထုတ်လုပ်နေတဲ့ နိုင်ငံတွေတောင် Discount Rate နဲ့ ရောင်းနေတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့ ပို့ကုန်ဈေးတွေက တက်နေမယ်ဆိုရင် တကယ့် ပို့ကုန်ဈေးကွက်ထဲမှာ ဝင်ရောက်ယှဉ်ပြိုင် ထိုးဖောက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အရေးအကြီးဆုံး လုပ်ရမယ့် အချက်က ဘဏ္ဍာရေးလိုငွေကို အတတ်နိုင်ဆုံး လျှော့ချဖို့ လိုအပ်ပါတယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး လိုငွေသည် ၂၀၁၃-၂၀၁၄ တွင် GDP ၏ ၅ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၄-၂၀၁၅ တွင် ၆ ဒသမ ၃ ရာ ခိုင်နှုန်း ရောက်ရှိလာခဲ့ပြီး ၂၀၁၅-၂၀၁၆ တွင် ၇ ဒသမ ၉ ရာခိုင်နှုန်း ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ပြီးခဲ့သည့် အောက်တိုဘာလ အစောပိုင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်မူ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်လာနိုင်သည့် အလားအလာ ရှိကြောင်း၊ ယင်းကဲ့သို့ မြှင့်တင်ခဲ့ပါက အခြား Economy များကိုလည်း ထိခိုက်နိုင်ကြောင်း သုံးသပ် တင်ပြထားသည်။ အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်း အမှန်တကယ် တိုးမြင့်နိုင်ခြေ ရှိမရှိနှင့် ပတ်သက်၍မူ အမေရိကန် အနေဖြင့် ၂၀၀၈ ခုနှစ်ခန့်မှ စ၍ အတိုးနှုန်းကို စပြီး ချထားခဲ့သည့်အတွက် တိုးရမည့်အချိန် ကျော်လွန်နေပြီဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလခန့်တွင် တိုးနိုင်သည့် အနေအထား ရှိကြောင်း စီးပွားရေး ပညာရှင်တို့က သုံးသပ်ကြသည်။“အမှန်တော့ အမေရိကန်ရဲ့ Targetted Inflation က နှစ်ရာခိုင်နှုန်း ရှိတယ်။ ဒါပေမဲ့ အမှန်တကယ်က တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ အများကြီး နိမ့်နေတဲ့အတွက် အတိုးနှုန်းကို မတိုးဘဲ ချန်ထားတာ။ အခု တိုးမယ်ဆိုတဲ့ လေသံ ထွက်လာတာက တိုးသင့် တိုးထိုက်တဲ့ အချိန် ဖြစ်နေတာက တစ်ကြောင်း၊ အတိုးနှုန်းကို မတိုးဘဲ ထားရင် သိပ်ကြာသွားရင် Over Heat ဖြစ်သွားမှာစိုးလို့ အခြား Side Effect တွေ ဝင်လာမှာ စိုးလို့ ရှေ့ကိုကြိုပြီး ကာတာပါ။ သေချာတာကတော့ သူတို့ အတိုးနှုန်းကို မြှင့်တင်လိုက်ရင် အမေရိကန် ပြင်ပမှာ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သူ့နိုင်ငံထဲကို ပြန်ရောက်လာမယ်။ သူ့ငွေကြေးကလည်း ပိုပြီး ခိုင်မာလာမယ်” ဟု စီးပွားရေး ပညာရှင် ဦးစိုးသိန်းက ပြောကြားသည်။ယင်းကဲ့သို့ မြန်မာငွေကြေးတန်ဖိုး ကျဆင်းနေချိန်တွင် အမေရိကန်ဒေါ်လာ ပို၍ မာလာပါက မြန်မာ့ စီးပွားရေးအား ပို၍ ရိုက်ခတ်လာနိုင်ကြောင်းလည်း စီးပွားရေး ပညာရှင်တို့က သုံးသပ်ကြသည်။“ကျွန်တော် အမြင်ကတော့ အခုလို ကုန်သွယ်ရေး လိုငွေတွေ အမြဲတမ်း ပြနေရင် မြန်မာငွေကြေး ထပ်ပြီး ကျနိုင်သေးတယ်လို့ မြင်ပါတယ်။ မြန်မာငွေကြေး ထပ်ကျနိုင်သေးသလား ဆိုတာတော့ ဥပမာ-အမေရိကန် ဗဟိုဘဏ်က သူ့ရဲ့ အတိုးနှုန်းကို မြှင့်တင်ဖို့ ရှိတာတွေ အပြင် ကိုယ့်ရဲ့ ပင်ကို စီးပွားရေး ကိုယ်ခံအားက ပိုပြီး အရေးကြီးပါတယ်။ ကျွန်တော်တို့မှာက ကုန်သွယ်မှု လိုငွေပြတယ်။ အရန်ငွေတွေ ကျဆင်းတယ်။ ဒါကြောင့် ကျားမကန်နိုင်ဘူး။ အဲဒီ အကျိုးဆက်တွေ ရှိနေတဲ့အတွက် ငွေကြေးတန်ဖိုးလည်း ကျမယ်။ ငွေကြေးတန်ဖိုးကို အတင်း ကျားကန်ပြီး ဆွဲတင်တာလည်း မမှန်ဘူး။ နိုင်ငံတိုင်းက ကိုယ့်ငွေကြေး တန်ဖိုးကို ကိုယ်ကျချင်ကြတယ်။ ဒါမှ အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ပို့ကုန် အားကောင်းတာကိုး။ မြန်မာက မပို့နိုင်ဘူး။ သွင်းပဲ သွင်းနေရတော့ ငွေကြေးတန်ဖိုးကျတော့ ကုန်ဈေးနှုန်းတွေ အကုန် တက်ကုန်တယ်။ စီးပွားရေး အခြေအနေက သိပ်ပြီး မကောင်းတဲ့အတွက် မြန်မာငွေတန်ဖိုး ထပ်ပြီး ကျနိုင်ပါသေးတယ်” ဟု စီးပွားရေးပညာရှင် ဦးစိုးသိမ်းက ပြောကြားသည်။လက်ရှိ ထုတ်ပြန်ချက်ကြောင့် ဈေးကွက်အတွင်း ဒေါ်လာ လိုအပ်ချက် ပို၍ မြင့်မားလာဖွယ်ရှိကြောင်း၊ ဈေးနှုန်းလည်း ပို၍ မြင့်တက်လာနိုင်ကြောင်း စီးပွားရေး အဝန်းအဝိုင်းမှ သုံးသပ်ကြသည်။အဆိုပါ ထုတ်ပြန်ချက်ကို အောက်တိုဘာ ၁၆ ရက်တွင် ဗဟိုဘဏ်၏ ဝက်ဘ်ဆိုဘ်တွင် စတင်ဖော်ပြခဲ့အပြီး ထိုနေ့မှာပင် အပြင်ဈေးကွက်တွင် ဒေါ်လာဈေးနှင့် ပတ်သက်ပြီး လှုပ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent