မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားရာ တစ်ဦးသေဆုံး

မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားရာ တစ်ဦးသေဆုံး
Published 16 October 2015
ဝေလင်းအောင်၊ပြည့်ဖြိုးအောင်

မြောက်ဥက္ကလာပမြို့နယ်ရှိ (ဋ)ရပ်ကွက်၊ ဣန္ဒာ(၁၁) လမ်းတွင် အောက်တိုဘာ ၁၆ ရက် နံနက် ၁ နာရီခွဲ ဝန်းကျင်က မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နေအိမ် နှစ်လုံးနှင့် သွပ်မိုး၊ အုပ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်သုံးလုံး မီးလောင် ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
“အိမ်က တိုက်ခံအိမ်ဖြစ်တော့ တခြားအိမ်တွေကို မီးမြန်မြန် မကူးခဲ့တာ ကံကောင်းတယ်။ မီးက အထဲမှာ လှိုက်လောင်နေတာ။ ရပ်ကွက်က သိတာ မြန်သွားတာလည်း ပါတယ်။ မီးသတ်ကားတွေလည်း နီးတော့ အရောက် မြန်တယ်။ ကျွန်တော်တို့ သိသလောက်တော့ မီးစလောင်တဲ့ အိမ်က စိတ်မနှံ့တဲ့သူ တစ်ဦးက အိမ်ကို မီးရှို့တယ်လို့ ပြောနေကြတယ်” ဟု ထိုလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
မီးလောင်မှု အကြောင်းရင်းမှာ အခန်းအတွင်း သော့ပိတ် ခံထားရသော စိတ်မနှံ့သူ အမျိုးသားတစ်ဦးမှ စိတ်ဖောက်ပြန်၍ ၎င်းအခန်းအား မီးရှို့ရာက စတင် မီးလောင်ခဲ့ခြင်း ဖြစ်ပြီး နာရီဝက်ခန့်ကြာ မီးလောင်ကျွမ်းခဲ့ ကာ မီးငြှိမ်းသတ် ယာဉ် စုစုပေါင်း၂၅ စီး လာရောက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ နေအိမ်အား မီးရှို့ခဲ့သည့်  အသက်  ၃၀ အရွယ်ရှိသော စိတ်မနှံ့သူ အမျိုးသားတစ်ဦးမှာ မီးလောင်၍ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ယခုလအတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ညပိုင်း မီးလောင် ကျွမ်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး စုစုပေါင်းအရေအတွက် ငါးကြိမ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။  

Most Read

Most Recent