နိုင်မယ်လို့ အပိုင်တွက်နေပြီလား (၅) - မဆလခေတ်လွန် ရွေးကောက်ပွဲသုံးခု

နိုင်မယ်လို့ အပိုင်တွက်နေပြီလား (၅) - မဆလခေတ်လွန် ရွေးကောက်ပွဲသုံးခု
Published 16 October 2015
မင်းလွင် (ဆေး-၂)

■၁၉၉၀ အထွေထွေရွေးကောက်ပွဲ
၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်မှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ၁၉၆၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ ပါတီစုံ စနစ် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီရွေးကောက်ပွဲဟာ ပါလီမန် အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်းဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲဖို့ ပါလီမန် အရွယ်အစားလောက်ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ပါ။
ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အပြတ်အသတ် အနိုင် ရရှိခဲ့ပါတယ်။ အမတ်နေရာ ၄၉၂ နေရာရှိတဲ့အနက် NLD က ၃၉၂ နေရာ အနိုင်ရရှိ ခဲ့ပါတယ်။ မဲပေးပိုင်ခွင့် ရှိသူတွေထဲက ၇၂ ဒသမ ၆ ရာ ခိုင်နှုန်း လာရောက် မဲပေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုခဲ့ပါဘူး။ မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်အထိ စစ်အစိုးရကပဲ အုပ်ချုပ်ခဲ့ပါတယ်။
■နောက်ခံသမိုင်း
၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး မြန်မာ့ နိုင်ငံရေးလောကမှာ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံ ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာခဲ့ပြီး ကမ္ဘာ့မီဒီယာတွေမှာ ထင်ရှား လာပါ တယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့  (SLORC)က ကြေညာချက်အမှတ် (၁) မှာ နိုင်ငံအတွက် ရည်မှန်းချက် လေးရပ်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီလေးရပ်ကတော့ ဥပဒေနဲ့ အမိန့်အာဏာ ထိန်းသိမ်းရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ရေး၊ လူ့အခွင့်အရေးဆိုင်ရာ အနေအထား တိုးတက်ရေးနဲ့ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရေးတို့ပဲ ဖြစ်ပါတယ်။
စစ်တပ်ဟာ အာဏာကို အကြာကြီး ဆုပ်ကိုင်ထားမှာ မဟုတ်ဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က SLORC နဲ့ မြန်မာပြည်သူတွေအကြား ညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မေလမှာ အစိုးရက ၁၉၈၈ လူထုအုံကြွမှုကြီးမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ်တွေကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရက အလျှော့ပေးပြီးတော့ ၁၉၉၀ ပြည့်နှစ် မေလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်သတ်မှတ်ဖို့  ကြေညာပြီး နိုင်ငံရေး ပါတီတွေကို အလျင်အမြန် မှတ်ပုံတင် ခိုင်းခဲ့ပါတယ်။
■ပါတီများနှင့် မဲဆွယ်ခြင်း
မဲဆန္ဒနယ်မြေတစ်ခုမှာ ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း အနည်းဆုံး နှစ်ဦးနှုန်းနဲ့ မဲဆန္ဒနယ်မြေ ၄၉၂ ခုအတွက် နိုင်ငံရေးပါတီ ၉၃ ခုက စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၂၉၇ ဦး ပါဝင် ယှဉ်ပြိုင်ပါတယ်။ အဲဒီ နိုင်ငံရေးပါတီ ၉၃ ခုမှာ တိုင်းရင်းသား အမျိုးမျိုးတို့ရဲ့ပါတီက ၁၉ ခုပါဝင်ပါတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည)က အနိုင်ရရှိဖို့ ရေပန်းစားတဲ့ ပါတီပါ။
ရွေးကောက်ပွဲ မဲဆွယ်မှုတွေ စတင်ပြုလုပ် လာကြပေမယ့် အစိုးရက အတိုက်အခံ နိုင်ငံရေးသမား တွေကို ကန့်သတ် ချုပ်ချယ်ထားဆဲပါပဲ။ အဲဒီအချိန်မှာ အင်အား ခပ်ယဲ့ယဲ့ပဲရှိပြီး စစ်တပ်ရဲ့ လိုလားမှုကို စိန်ခေါ်နိုင်ဖွယ် မရှိတဲ့ ညွန့်ပေါင်းအဖွဲ့ကို ယခင်စစ်အစိုးရ အဖွဲ့ဝင်ဟောင်းပဲ ဖြစ်တဲ့ ဦးအောင်ကြီးက ဦးဆောင်လိမ့်မယ်လို့ မျှော်လင့် ထားခဲ့ပါတယ်။ ဦးအောင်ကြီးဟာ စစ်အစိုးရကို ထုတ်ဖော် ဝေဖန်တဲ့ အမြင်တွေကြောင့် ၁၉၈၈ ခုနှစ် မှာ ဖမ်းဆီး ထိန်းသိမ်း ခံရပါတယ်။ နောက်တော့ ဦးအောင်ကြီးက NLD ကို ကွန်မြူနစ်တွေ စိမ့်ဝင်ပြီး ထိန်းချုပ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုကိုလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ တစ်လျှောက်လုံး နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်ကတည်းက နေအိမ် အကျယ်ချုပ် ချထားခဲ့ပါတယ်။
မဲဆွယ်ပွဲ ကာလတစ်လျှောက်လုံးမှာ အစိုးရက အများပြည်သူ စုဝေးမှုတွေနဲ့ နိုင်ငံရေးဆိုင်ရာ အစည်းအဝေး ကျင်းပမှုတွေကို ထိန်းချုပ် ကန့်သတ်ထားပါတယ်။ လိုအပ်တဲ့ နိုင်ငံရေး ဆိုင်ရာ စာအုပ်စာတမ်းတွေ ထုတ်ဝေဖို့ ဆိုလို့ရှိရင်လည်း SLORC က အရင်အတည်ပြုပြီးမှ ထုတ်ဝေခွင့် ရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ အတိုက်အခံ နိုင်ငံရေး ပါတီတွေဟာ အစိုးရကို အာခံ ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်ရက်အလိုမှာ အစိုးရဟာ မမျှော်လင့်ဘဲ ရွေးကောက်ပွဲမှာ သတင်းယူဖို့ နိုင်ငံခြားသား ဂျာနယ်လစ် ၆၁ ဦးကို ဗီဇာတွေ ထုတ်ပေးလိုက်ပါတယ်။
■ရလဒ်များ
ဘာပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က အမတ်နေရာ ၄၉၂ နေရာအနက် ၃၉၂ နေရာ အနိုင် ရရှိခဲ့ပါတယ်။ စစ်အစိုးရက လိုလားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဟာ အမတ်နေရာ ၁၀ နေရာပဲ အနိုင်ရရှိခဲ့ပါတယ်။
အမတ်အရေအတွက်အရ ကြည့်ရင် တစညပါတီဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (၂၃ နေရာ)နဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (၁၁ နေရာ) လောက်တောင် အနိုင် မရခဲ့ပါဘူး။ မဲ အရေအတွက်အရ ကြည့်ရင်တော့ NLD က ၅၂ ဒသမ ၅ ရာခိုင်နှုန်း ရရှိပြီး တစညက ၂၁ ဒသမ ၉ ရာခိုင်နှုန်း ရရှိပါတယ်။
■ရွေးကောက်ပွဲအပြီး
အစောပိုင်းကတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစား လိုက်နာမယ်လို့ ပြောခဲ့ပါတယ်။ နောက်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲပြီးတဲ့အထိ အာဏာ လွှဲပြောင်းပေးဖို့ကို ရွှေ့ဆိုင်းထားမယ်လို့ ဆိုလာပြန်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲဖို့က နှစ်နှစ် အချိန်ယူရမယ်လို့ လည်း ဆိုပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ စစ်အစိုးရဟာ ထွက်ပေါ်လာတဲ့ ရလဒ်ကို အံ့အားသင့် သွားခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက် လိုက်ပါတယ်။ အတိုက်အခံ နိုင်ငံရေးသမား တော်တော်များများ နိုင်ငံထဲကနေ ထွက်ပြေး ရပါတော့တယ်။ အဲဒီထဲက တချို့ဟာ ပြည်ပကနေ စင်ပြိုင် ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး နှစ်လအကြာမှာ SLORC ဟာ အမိန့်ကြေညာစာအမှတ် ၁/၉၀ ကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီမှာ သူတို့ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံအသီးသီးက အသိအမှတ် ပြုထားတဲ့ တရားဝင် အစိုးရ ဖြစ်ကြောင်းနဲ့ ပြည်ထောင်စု ပြိုကွဲမယ့် အရေးကို ကာကွယ်တားဆီး သွားမှာ ဖြစ်တဲ့အကြောင်း ရှင်းလင်းထားပါတယ်။ ပါတီတွေအားလုံး အမိန့်ကြေညာစာကို အသိအမှတ်ပြုဖို့နဲ့ လက်ခံဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါကို ငြင်းပယ်ခဲ့တဲ့ ထင်ရှားတဲ့ အတိုက်အခံ အများအပြား ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပါတယ်။
■၂၀၁၀ အထွေထွေရွေးကောက်ပွဲ
၂၀၁၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ် မေလမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ပြီး အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ပြုလုပ်တာလို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC)က သြဂုတ် ၁၃ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အထွေထွေ ရွေးကောက်ပွဲဟာ SPDC က ၂၀၀၃ ခုနှစ်မှာ အဆိုပြုထားတဲ့ ဒီမိုကရေစီသို့ လမ်းပြ မြေပုံဆိုတဲ့ထဲက အဆင့် ခုနစ်ဆင့်အနက် ပဉ္စမမြောက် အဆင့် ဖြစ်ပါတယ်။ ဆဋ္ဌမမြောက် အဆင့်နဲ့ သတ္တမ မြောက်အဆင့်ကတော့ ရွေးကောက် တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့ ညီလာခံ ကျင်းပရေးနဲ့ ခေတ်မီသော ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးတို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။
ရွေးကောက်ပွဲအပြီးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  (USDP)က အနိုင်ရရှိကြောင်း ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂက ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိရဲ့လားဆိုတာ စိုးရိမ်မှု ရှိတယ်လို့ ထုတ်ဖော် ပြောကြားပါတယ်။ အနောက် နိုင်ငံတွေကတော့ ရွေးကောက်ပွဲကို မသမာဘူးလို့ သတ်မှတ်ပြီး ရလဒ်ကို ပယ်ချခဲ့ပါတယ်။
■နောက်ခံသမိုင်း
ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ရဲ့ ပုဒ်မ ၅၉ (စ) မှာ မြန်မာနိုင်ငံသားကလွဲပြီး တခြား နိုင်ငံသားနဲ့ လက်ထပ် ထားသူတွေကို သမ္မတ တာဝန်ယူလို့ မရအောင် ပိတ်ပင်ထားပါတယ်။ အများကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာအတွက် ယှဉ်ပြိုင်ခွင့် မရှိအောင်  ပိတ်ပင်ထားတာလို့ပဲ ယူဆကြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်းဟာ ကွယ်လွန်သွားပြီ ဖြစ်တာမို့ အဲဒီပိတ်ပင်ထား မှုက သူ့အတွက် အကျုံးမဝင်ဘူးလို့လည်း ဆိုကြပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် မပါရင် မယုံကြည်ဘူးလို့ အခိုင်အမာ ဆိုထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲဝင်ဖို့ဆိုရင် အခြေအနေရပ် အများကြီးကို ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်။ အဲဒါတွေထဲမှာ လွှတ်တော်ကို တပ်မတော်က လွှမ်းမိုးမှုကို လျှော့ချဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ပေးရေး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ နိုင်ငံတကာက ကြီးမှူးပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေး ပါဝင်ပါတယ်။
စစ်အစိုးရ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲမတိုင်မီ    လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ကတိပေးပါတယ်။ ဘယ်အချိန် လွှတ်ပေးမလဲဆိုတာ ကိုတော့ သတ်မှတ် မပေးပါဘူး။ ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျူးကျော် ဝင်ရောက်မှု ဖြစ်ရပ်တစ်ခုနဲ့ ပတ်သက်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ပါတယ်။ ဒါပေမဲ့ အဲဒီပြစ်ဒဏ်အစား နေအိမ်အကျယ်ချုပ် ၁၈ လ တိုးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ NLD က ရွေးကောက်ပွဲ ဥပဒေကြောင့် ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ကြေညာပါတယ်။
တရားစီရင်ရေး၊ ကာကွယ်ရေးနဲ့ ပြည်ထဲရေးတို့နဲ့ ဆိုင်တဲ့ အဓိက ဝန်ကြီးဌာနတွေ ဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဆက်ပြီး ရှိနေပါမယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့အောက်မှာ ပါလီမန် အမတ်နေရာ ၄၄၀ ရဲ့ လေးပုံတစ်ပုံကို တပ်မတော်သား ကိုယ်စားလှယ်တွေအတွက် ထားရပါမယ်။  ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ ရာထူးတွေ ရယူထားသူတွေကိုတော့ ရွေးကောက်ပွဲ ဝင်ခွင့်မပြုပါ ဘူး။ ဒီအတွက် အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးသိန်းစိန်အပါအဝင် စစ်တပ်ခေါင်းဆောင် ၂၀ ဦးဟာ ရွေးကောက်ပွဲဝင်ဖို့ စစ်တပ် ရာထူးတွေကနေ အငြိမ်းစား ယူသွားခဲ့ပါတယ်။                    (ဆက်လက်ဖော်ပြပါမည်)

Most Read

Most Recent