(၁) ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လွှတ်တော် ကိုယ်စားလှယ်လောင်းကြီး တစ်ဦး၏ ခြင်္သေ့ဟိန်း သကဲ့သို့ ဟိန်းထွက်လာသော စကားသံတစ်ခုကို ကြားလိုက်ရသည်။ “ရန်ကုန်တိုင်းမှာ အနီမလွှမ်းရဘူး။ အစိမ်းတွေပဲ လွှမ်းရမယ်။ ဟုတ်လား။ အစိမ်းများတဲ့အတွက် အစိမ်းဆိုတဲ့ သဘာ၀ သတ္တိက ဘာလဲ။ နိုင်ငံတော် ဖွံ့ဖြိုးတယ်။ သာယာတယ်။ အနီဆိုတာ အာဇာနည် ဗုံးခွဲတာကို သွားကြည့်။ ကျွန်တော် Date ပြောမယ်။၉ ရက် ၁ လ ၈၃” တဲ့။
(၂) ကိုယ်စားလှယ်လောင်းကြီး၏ အရောင်ခွဲခြား ပြောဆိုသွားပုံကို ကြားလိုက်ရတော့ ချက်ချင်းဆိုသလိုပင် ဘောလုံးအသင်းများကို ပြေးမြင်သတိရလိုက်မိသည်။ မြန်မာနိုင်ငံရှိ ဘောလုံးဝါသနာရှင် ပရိသတ်များတွင် ကိုယ်ပိုင်အသင်းကဲ့သို့ သတ်မှတ်ကာ ဖေးဖရိတ် အသင်းများ ကိုယ်စီကိုယ်င ရှိကြပါသည်။ ပရီးမီးယားလိဂ်တွင် မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ အာဆင်နယ်၊ စပိန်လာလီဂါတွင် ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကို။ ဂျာမနီ ဘွန်ဒက်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်ဆိုသည့် အသင်းများမှာ မြန်မာပရိသတ်များ အထူးကြိုက်နှစ်သက်စွာ အားပေးကြသော အသင်းများ ဖြစ်ပါသည်။ အားပေးကြသည် ဆိုရာမှာ ကိုယ်ပိုင်အသင်းကဲ့သို့ ဖေးဖရိတ် အသင်းအဖြစ် နှစ်သက်မြတ်နိုး ခုံမင်စွာ အားပေးကြခြင်းကို ဆိုလိုပါသည်။ သာမန် ကာလျှံကာကြုံလို့ အားပေးတာမျိုးကို မဆိုလိုပါ။
ထိုအသင်းများအနက် မြန်မာပရိသတ်များ ထဲထဲဝင်ဝင် အားပေးကြသော အသင်းများအဖြစ် ပရီးမီးယားလိဂ် အသင်းများက ထိပ်ဆုံးမှာ ရှိပါသည်။ ပရီးမီးယားလိဂ်တွင် အသင်းပေါင်း ၂၀ ရှိပါသော်လည်း မြန်မာပရိသတ်များ အထူးချစ်ခင် အားပေးကြသော အသင်းများမှာ မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီးနှင့် အာဆင်နယ်စသည့် အသင်း ငါးသင်းလောက်သာ ရှိပါသည်။
(၃) ထိုအသင်းငါးသင်း၏ အရောင်များကို ခွဲခြားကြည့်ပါလျှင် မန်ယူအသင်း၏ ဝတ်စုံအရောင်သည် ရဲရဲတောက် အနီရောင် ဖြစ်ပါသည်။ လီဗာပူးလ်အသင်း၏ ဝတ်စုံအရောင်သည်လည်း မန်ယူကဲ့သို့ပင် အနီရောင်ပဲ ဖြစ်ပါသည်။ အလားတူ အာဆင်နယ်အသင်း၏ ဝတ်စုံအရောင်မှာလည်း အနီရောင်အုပ်စု၌ ပါဝင်သော အညိုစွက်ထားသည့် နီညိုရောင် ဖြစ်ပါသည်။ ချယ်လ်ဆီးနှင့် မန်စီးတီးတို့မှာမူ အပြာရောင်အုပ်စုတွင် ပါဝင်သော အသင်းများ ဖြစ်သည်။ ဘာစီလိုနာလည်း နီညိုရောင်။ အက်သလက်တီကိုလည်း ဖြူနီကျား၊ ဘိုင်ယန်မြူးနစ်လည်း အညိုသမ်းထားသည့် အနီရောင်။ ရီးရဲယ်မက်ဒရစ် အဖြူပလိမ်း၊ ဒေါ့မွန် အဝါပလိမ်း စသည်တို့ ဖြစ်သည်ကို တွေ့ရပေလိမ့်မည်။ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော အသင်းများ တစ်သင်းမျှ မပါဝင်ဘဲ အနီအုပ်စုများ အများဆုံး ပါဝင်နေပါသည်။
မြန်မာပရိသတ်များ အထူးကြိုက် နှစ်သက်သည့် နိုင်ငံ့လက်ရွေးစင် ဖေးဖရိတ် အသင်းများတွင်လည်း အင်္ဂလန် (အဖြူရောင်နှင့် အနီရောင်)၊ စပိန် (နီညိုရောင်)၊ ဘရာဇီးလ် (အဝါရောင်)၊ အာဂျင်တီးနား (ဖြူပြာကျား)၊ အီတလီ (အပြာ)၊ ချီလီ (အနီ)၊ ဘယ်လ်ဂျီယံ (နီညို)၊ ပြင်သစ် (အပြာ)၊ နယ်သာလန် (လိမ္မော်) စသည်တို့ဖြစ်ရာ အစိမ်းရောင်ဝတ်အသင်း လုံးဝပါဝင်ခြင်း မရှိပေ။
နောက်ဆုံး ကျွန်တော်တို့ ပိုင်ဆိုင်သည့် နိုင်ငံပိုင် မြန်မာ့လက်ရွေးစင် အသင်းသည်လည်း အနီရောင်ကို ပထမဦးစားပေး ဝတ်စုံအဖြစ် ဝတ်ဆင်နေသော အနီရောင်အသင်း ဖြစ်နေသည်ကို တွေ့ရမည် မဟုတ်ပါလော။
(၄) ဘောလုံးအားကစားနည်းသည် မြန်မာလူမျိုးတို့၏ ရိုးရာမှ ပေါက်ဖွားလာသည့် အားကစားနည်း မဟုတ်သော်လည်း မြန်မာလူမျိုးတို့သည် ရိုးရာအားကစားနည်း ကဲ့သို့ပင် နှစ်သက်ခုံမင် မြတ်နိုးကြသည့် အားကစားနည်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည်လည်း အနီရောင်ဝတ်စုံဖြင့် အာရှ အားကစားပြိုင်ပွဲတွင် ချန်ပီယံနှစ်ကြိမ်၊ အာရှဖလားပြိုင်ပွဲတွင် ဒုတိယတစ်ကြိမ်၊ ဆီးဂိမ်းပြိုင်ပွဲတွင် ချန်ပီယံငါးကြိမ် ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဤအောင်မြင်မှု များကြောင့်ပင် မြန်မာလူမျိုးတို့သည် အနီရောင်ကို သူတို့၏ အောင်မြင်မှု အရောင်အဖြစ် မသိစိတ်က ခံယူထားကြသည့် သဘောရှိသည်ကို တွေ့ရပါသည်။
အဘယ့်ကြောင့်ဆိုသော် မြန်မာလူမျိုးများသည် မြန်မာအသင်းပြီးလျှင် သူတို့အချစ်ဆုံးနှင့် အနှစ်သက်ဆုံး အသင်းမှာ အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ယူအသင်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ မန်ယူအသင်းသည် ကလေး၊ လူကြီး၊ ယောကျ်ား၊ မိန်းမ၊ ဆင်းရဲ၊ ချမ်းသာ မြန်မာ့လူ့ အတန်းလွှာပေါင်းစုံ၏ ချစ်ခင် နှစ်သက်မှုကို အံ့သြဖွယ် ရရှိထားသော အသင်းဖြစ်သည်။ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးလ်စသည့် အသင်းများကို ချစ်ခင်ကြသည့် မြန်မာပရိသတ်များ ရှိသော်လည်း မန်ယူပရိသတ်က မြန်မာပြည်တွင် အများဆုံး ဖြစ်သည်ကိုမူ ငြင်းဆိုနိုင်လိမ့်မည် မဟုတ်ပေ။ မန်ယူကို ချစ်ခြင်းနှင့်အတူ မန်ယူ၏ အနီရောင်ဝတ်စုံကို ချစ်မြတ်နိုးကြသဖြင့် မန်ယူဝတ်စုံများ ဝတ်ထားကြသူတွေကိုလည်း မမြင်ချင့်အဆုံး တွေ့နိုင်ပါသည်။
(၅) မန်ယူကို ရင်လှိုက်သည်းလှိုက် ဘယ်လောက်ချစ်သည်ကို အနည်းငယ် ပြောပြချင်ပါသေးသည်။ ဖာဂူဆန်အလွန် ဒေးဗစ်မိုယက်စ်၏ လက်ထဲတွင် မန်ယူအသင်း ရလဒ်များ ဆိုးရွားနေခဲ့သည်။ ဆိုက္ကားဆရာ တစ်ယောက်မှာ အာဆင်နယ် အမာခံ ပရိသတ်တစ်ဦးဖြစ်ရာ မန်ယူအသင်း ရလဒ် ဆိုးရွားနေပုံတွေကို မြိန်ရေရှက်ရေ ပါးစပ် အရသာခံပြီး ပြောလေ့ရှိသည်။ မန်ယူအသင်း ရလဒ်ဆိုးလေ သူက ခံတွင်းတွေ့လေလေပင်။ သူ့ဆိုက္ကား ပိုင်ရှင်ကား ပီဘိမန်ယူ အမာခံပရိသတ် တစ်ယောက် ဖြစ်သည်။ တစ်နေ့သော် မန်ယူ မကောင်းကြောင်းနှင့် အရသာခံနေသည့် သူ့ဆိုက္ကားသမားကို သည်းမခံနိုင်တော့သဖြင့် မန်ယူပရိသတ် ပိုင်ရှင်က ဆိုက္ကားကို ပြန်သိမ်းသွားသည်။ အနီးဝန်းကျင်ရှိ လူကြီးများက ဒီလိုမလုပ်ပါနှင့် ဝိုင်းဝန်း ဖျောင်းဖျတော့မှ ဆိုက္ကားပြန်ပေးသည်။ ဒါတောင် မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ဦးမှ ဆိုပြီး ချက်ချင်းပြန်မပေးဘဲ တစ်ပတ်ကြာမှ ပြန်ပေးသည်။ မန်ယူအသင်းက ရလဒ် ဆိုးမြဲဆိုးနေသော်လည်း မစ္စတာအာဆင်နယ် ဆိုက္ကားဆရာမှာ ရေငုံပြီး ပါးစပ်ပိတ်နေရတော့သည်။ မန်ယူအကြောင်း လုံးဝမဟရဲတော့ပေ။
နောက်တစ်ယောက် ရှိသေးသည်။ စားသောက်ဆိုင်တစ်ဆိုင်မှ ကားတွေ နေရာချပေးရသော လုံခြုံရေး တစ်ယောက်။ သူက အထက်အညာသား တစ်ဦး။ စာဆိုလို့ ရေးတတ်ဖတ်တတ် အဆင့်တောင်မရှိသူ။ လုံး၀ စာမတတ်သူတစ်ဦး။ သို့သော် မန်ယူသည် သူ့ဘဝ။ မန်ယူသည် သူ့ကိုးကွယ်ရာ။ ဒီလို သတ်မှတ်ထားသူ။ စားသောက်ဆိုင်ကို လာသူများက သူ့ကို ဦးမန်ယူလို့ပဲ ခေါ်ကြသည်။သူရသမျှ လုပ်ခလစာသည် မန်ယူဝတ်စုံ၊ မန်ယူဦးထုပ်၊ မန်ယူအလံ၊ မန်ယူအကြောင်းပါသော စာစောင်ဂျာနယ်ဖိုးများနှင့် ကုန်သွားသည်ဟုလည်း သူကဆိုသည်။ အလုပ်ကိုလာသော စက်ဘီးလေးတွင် မန်ယူအလံတပ်ထားသည်။ မန်ယူ လိုဂို စတစ်ကာတွေကလည်း စက်ဘီးတစ်စီးလုံး အပြည့်။ စာမတတ်သော သူက မန်ယူ၏ ၁၈ ယောက် လူစာရင်းကို ကျောနံပါတ်နှင့် တကွ ၁-ဒီဂီယာ၊ ၃-အီဗရာ၊ ၅- ဖာဒီနန်၊ ၂၆- ကာဂါဝါစသည်ဖြင့် မွှတ်နေအောင် ရွတ်ပြသည်။
ရလဒ်တွေကိုလည်း ပွဲစဉ် ၃၈ ပွဲ ပြည့်အောင် ရွတ်ပြသည်။ ပွဲစဉ်တစ်-နိုင် ဆွမ်ဆီးကို နိုင်တာ။ ပွဲစဉ်နှစ် သရေ၊ ချယ်လ်ဆီးကို သရေကျတာ။ ပွဲစဉ်သုံး-ရှုံး။ လီဗာပူးလ်ကို ရှုံးတာ စသည်ဖြင့် ရွတ်ပြသွားလိုက်သည်မှာ တစ်ခုမှမလွဲ။ မန်ယူအကြောင်း မကောင်းပြောလို့ဆိုပြီး အလုပ်ထဲမှ မိန်းကလေးတစ်ဦးကို သံတုတ်နှင့် ရိုက်ခဲ့ဖူးသည်ဟုလည်း သူက ပြောပြသည်။ ‘တော်သေးတာပေါ့ ဆရာကြီးရယ်၊ အသေအချာ မထိဘဲ ပွတ်ထိသွားလို့။ နို့မဟုတ်ရင် ဒီအချိန် ကျွန်တော်ထောင်ထဲ ရောက်နေလောက်ပြီ။ ခက်တာက မန်ယူကို စော်ကားရင် ကျွန်တော့်မိဘကို စော်ကားသလိုမျိုး ခံစားရပြီး သွေးတွေက ဆူပွက်လာတာဗျ။ သတိထားပေမယ့် ဘယ်လိုမှ ထိန်းမရတတ်ဘူး’။သူပြောတာကို အကြွင်းမဲ့ ယုံပါသည်။
(၆) စွဲလန်းမှုကို ဥပါဒါန်ဟု ခေါ်ဆိုပါသည်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆိုသည့် မြန်မာစကားပုံအတိုင်း စွဲလမ်းမှုဆိုသည်မှာ အင်မတန် ချွတ်ရခက်သော အရာလည်းဖြစ်ပါသည်။ စွဲလန်းမှုမှသည် အထုံဝါသနာ အဆင့်သို့ ရောက်ရှိသွားတတ်သည်။ အထုံဝါသနာ အဆင့်ကို ဘုရားရှင်မှလွဲ၍ ရဟန္တာများပင် မဖျောက်ဖျက်နိုင်ကြပေ။ ဘဝတစ်ခုတွင် ဟဲ့ သူယုတ်ဆိုသောစကားကို စွဲစွဲမြဲမြဲ ဆိုတတ်ခဲ့သော ရဟန္တာတစ်ပါးသည် လူတွေကို တွေ့တိုင်း ဟဲ့ သူယုတ်ဟုပဲ ခေါ်သည်။ လက်ျာတော်ရံ အရှင်သာရိပုတ္တရာသည် အိုင်ငယ်လေးတွေ တွေ့တိုင်း ခုန်ခုန်ကူးတတ်သည်။ ရဟန္တာ အရှင်ကြီး ဖြစ်နေပါလျက် ထိုအထုံအစွဲများကို ဖျောက်နိုင်ခြင်း မရှိပေ။
ယနေ့ မြန်မာပြည်သူများသည် အနီရောင် မြန်မာအသင်းကို ပိုင်ဆိုင်ထားသလို အနီရောင် မန်ယူအသင်းကို မိခင်အသင်းကဲ့သို့ တန်းတန်းစွဲ ဖြစ်နေကြရာ အနီရောင်သည် မြန်မာပြည်သူတို့၏ အထုံအစွဲအရောင်ဖြစ် နေသည်မှာ သေချာသည်။ ရဟန္တာအရှင်ကြီးများတောင် အထုံအစွဲကို မပယ်ဖျောက်နိုင်ရာ မြန်မာပြည်သူတို့၏ နှလုံးသားထဲ၌ သံမှိုနှက်ထားသကဲ့သို့ ဥပါဒါန်အဖြစ် ထုံစွဲနေသော အနီရောင်မှာ ဘယ်သူဖျက်လို့ ပျက်နိုင်ပါအံ့နည်။ ဘယ်သူဖျောက်လို့ ပျောက်နိုင်ပါအံ့နည်း။
စိတ်ချပါ။ အနီနှင့် နီးသလား၊ အစိမ်းနှင့် စိမ်းသလား ဆိုသော အဖြေကို နိုဝင်ဘာ (၈) ရက်နေ့တွင် ထုတ်ပေးကြပါမည်။ ဒါပေမဲ့ စိတ်မဆိုးကြေး။ အညှိုးအတေး အာဃာတ မထားကြေးနော်။
မန်ယူဝတ်စုံကို အရင်ပြောင်းလိုက်ပါ
Most Read
Most Recent
4 hours ago










