ခုရက်ပိုင်း မပျော်ဘူး။ နေရထိုင်ရတာ သက်သောင့်သက်သာ မရှိဘူး။တစ်ခုခုကို စိုးရိမ်နေမိတယ်။ သောကတွေ ဖိစီးနေတဲ့ အတွေးတွေပဲ တွေးနေမိတယ်။ ရှောရှောရှူရှူမှ ဖြစ်ပါ့မလား။ အောင်အောင်မြင်မြင်မှ ပြီးဆုံးပါ့မလား။ငါတို့ မျှော်လင့်နေတဲ့ ရလဒ်မှ ထွက်ပါ့မလား။ဒီကြားထဲ တစ်စုံတစ်ခု ဖြစ်လာခဲ့သော်။ တစ်စုံတစ်ခုကို စိုးရိမ် ထိတ်လန့်နေမိတယ်။ ရင်ထဲမှာ သံသယတွေ၊ သောကတွေ၊ အလိုမကျမှုတွေ၊ ဝမ်းနည်းအားငယ်မှုတွေ...။
ငါတို့တွေ ဒီလိုနဲ့ပဲ ပြီးဆုံးသွားတော့မှာလား။ တစ်နေ့တစ်နေ့ ဒီလိုနဲ့ပဲ မိုးလင်းပြီး ဒီလိုနဲ့ပဲ မိုးချုပ်ခဲ့ပေါင်းများပြီ။ ဘာမှဖြစ်မလာတော့ဘူးလား။ ဘယ်ကိုမှ မစီးဆင်းတဲ့ ရေသေအိုင် တစ်ခုလိုပဲ။ ဒီထဲပဲ ပတ်ချာလည် စီးဆင်းလို့ ကြာတော့ ပုပ်အဲ့နံဟောင်လာတဲ့ ရေသေတစ်ခုလိုပဲ နိဂုံးချုပ်တော့မှာလား။ ရေအသစ်တွေ မစီးဆင်းတော့ဘူးလား။ ရေသစ်ကို ပြောင်းမထည့်တော့ဘူးလား။
ရေဟောင်းတွေကို မလိုချင်တော့ပါဘူး။ နှစ်ပရိစ္ဆေဒကြာမြင့်စွာ မလဲလှယ်ဘဲ ပစ်ထားခဲ့လို့ ပုပ်အဲ့အဲ့ အနံ့တထောင်းထောင်းနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးခဲ့တာကြာပါပြီ။ လိုချင်တာရေသစ်။ ရေကောင်း။ အရှိန်အဟုန်နဲ့ အဆက်မပြတ် စီးဆင်းနေမယ့် ရေသစ်။ ကြည်လင်သန့်စင်တဲ့ ရေကောင်းပါ အဲဒီရေဟောင်းတွေက ငါတို့ကို ဒုက္ခပေးခဲ့ပေါင်း များပါပြီ။ တကယ်တော့ ဒါဟာ သေနေတဲ့ရေ။ ရေသေ။ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့ ရေသေ၊ ရေဆိုး၊ ရေညံ့ ဒါကို ဖောက်ထုတ်ပစ်ရမယ်။ ဖယ်ရှားပစ်ရမယ်။ သန့်စင်ပစ်ရမယ်။ကြည့်လေ ငါတို့အတွေးတွေ သေနေတာ ကြာပြီ။ ငါတို့ဦးနှောက်တွေ သေနေတာကြာပြီ။ ငါတို့ နှုတ်ခမ်းတွေ၊ ငါတို့နားတွေ၊ ငါတို့မျက်လုံးတွေ။ အသေလိုပဲ။ အသက်မဝင်တဲ့ ကျောက်ရုပ်တွေလိုပဲ။ ရှင်လျက် သေဆုံးခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ။ ငါတို့ ပြောင်းလဲချင်နေပြီ။ အမှန်တကယ် ပြောင်းလဲချင်နေပြီ။ ပြောင်းလဲပါရစေတော့။ ပြောင်းလဲခွင့် ပေးပါတော့။ ပြောင်းပါရစေတော့။ ငါတို့ရင်ထဲမှာ ဆန္ဒတွေရှိတယ်။တက်ကြွမှုတွေ ရှိတယ်။ ရဲရင့်မှုတွေ ရှိတယ်။ အမှန်တရားကို မြတ်နိုးတယ်။ အမှန်တရားကို ယုံကြည်တယ်။ အမှန်တရားကို လိုချင်တယ်။ ကဲဘယ်မှာလဲ အမှန်တရား။
အမှန်တရားဟာလာမယ်။ နည်းနည်းတော့ နောက်ကျမယ်တဲ့။ ရပါတယ်။ ငါတို့ စိတ်ရှည်လက်ရှည် စောင့်နေတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ဒါဟာ အမှန်တရား ရောက်လာရမယ့် အချိန်။ အမှန်တရားကို ကြိုဆိုရမယ့် အချိန်။ အမှန်တရားဟာ ငါတို့လက်တစ်ကမ်းမှာ။ ငါတို့ ညီမှဖြစ်မယ်နော်။ ငါတို့ စုစည်းအားနဲ့ အမှန်တရားကို ပွေ့ဖက်ကြမယ်။ ဟော ဟိုမှာမြင်ရဲ့လား။ ဒါဟာ အမှန်တရားပေါ့။ ငါတို့ကို လှည့်ကြည့်နေရဲ့။ သူငါတို့ဆီ လာချင်လွန်းလို့လေ။ ကြိုဆိုလိုက်ကြပါ။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြပါ။
ဟောကြည့် ဘယ်လိုဖြစ်တာတုန်း။ အမှန်တရားကို မြင်နေပါလျက် အမှန်တရားဟာ ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့။ နေပါဦး။ အမှန်တရားကို ဘယ်သူတွေ ဖုံးကွယ်ထား ပြန်တာတုန်း။ ငါတို့ အမှန်တရားကြားမှာ အတားအဆီးတွေ အပိတ်အဖုံးတွေ ရှိနေတယ်။ ငါတို့သတိထားကြ။ သတိပြုကြ။ အဲဒါအန္တရာယ်ပဲ။ ရန်စွယ်ပဲ။ သိတယ် အဲဒါ ငါတို့မျှော်လင့်ချက်ကို ရိုက်ချိုးနေတာ။ ငါတို့ကို စိတ်ပျက်အောင် လုပ်နေတာ။ ငါတို့ကို နောက်ပြန်ဆုတ်အောင် လုပ်နေတာ။ ငါတို့တွေကို တွေဝေတုံ့ဆိုင်းအောင် လုပ်နေတာ။ သတိထားကြ။ နားဝေတိမ်တောင် မဖြစ်ကြနဲ့။ငါတို့ကို သွေးထိုးနေတဲ့ လူတွေရှိတယ်။ သွေးခွဲနေတဲ့ လူတွေရှိတယ်။ ယုံတမ်းစကားကို လွှင့်ပစ်လိုက်။ ပုံပြင်တွေကို ရာဇဝင်ထဲမှာ သော့ခတ်ပိတ်ထားလိုက်။ ပေါက်ကရ ရှစ်ဆယ်စကားတွေကို မကြားချင် ယောင်ဆောင်လိုက်ကြ။ အရေမရ အဖတ်မရတွေကို သွန်ပစ်လိုက်ကြ။
နောက်လှည့်မကြည့်နဲ့။ ဘေးကိုလည်း မကြည့်နဲ့။ ရှေ့မှာ အမှန်တရား။ ရဲရဲဝံ့ဝံ့နဲ့ ငါတို့ရှေ့မှာ မားမားမတ်မတ် ရပ်နေတာ အမှန်တရား။ ဦးညွှတ်လိုက်ကြ။ ကြိုဆိုလိုက်ကြ။ မိတ်ဆွေအမှန်တရားကို လက်ဆွဲနှုတ်ဆက်ပါ။ ဟေ့ အိပ်မနေကြနဲ့။ ထကြ ထကြ။ ဒီမှာ ခင်ဗျား ဟိုယောင်ယောင် လုပ်မနေနဲ့။ အမှန်တရားက ခင်ဗျား အိမ်တံခါးကို လာခေါက်နေပြီ။ ဘာလဲ ခင်ဗျားရော ဟိုလိုလို ဒီလိုလိုနဲ့ ခြံစည်းရိုး ခွထိုင်နေတာလား။ ခုန်ချလိုက် စမ်းပါ။ အမှန်တရားရှိတဲ့ဘက်ကို...။ ဟေ့ သွေးကြောင်နေပြီလား။ သွေးဆိုတာ ရဲရဲနီမှဗျ။ အနီဆိုတာ ရဲရင့်ခြင်း မှတ်ထား။ သွေးပျက်ပြီး ဘေးမထွက်နေနဲ့။ လာ အမှန်တရားနဲ့ မျက်နှာချင်းဆိုင်လိုက်။
တကယ်တော့ ငါတို့အိမ်က မိုးယိုနေတာ ကြာပြီ။ ဒီအချိန်က အဲဒီ မိုးယိုပေါက်ကြီးကို ပြန်ဖာရမယ့် အချိန်။ ငါတို့အိမ်က ယိုင်လဲနေတာ ကြာပြီ။ မပြိုကျရုံ တမယ်ပါပဲ။ ဒီအချိန်က အဲဒီအယိုင်အလဲတွေကို ပြန်ထူမတ်ရမယ့် အချိန်။ သူများအိမ်တွေကို ကြည့်ပြီး ခင်ဗျား စိတ်ဓာတ်ကျနေသလား။ စိတ်ဓာတ်ကို ပြန်ကောက်တင်လိုက်။ သူတို့အိမ်က သူတို့အိမ်။ ငါတို့အိမ်က ငါတို့အိမ်ပဲ။ ရှင်းတယ်နော်။ ငါတို့အိမ်ကို ငါတို့ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ။ ဒီအချိန်က အိမ်ပြန်ရမယ့်အချိန်။ အိမ်အသစ် ပြန်မိုးရမယ့် အချိန်။ ဒီအချိန်ကို ကောင်းကောင်း အသုံးချရမယ်။ ဟောနားထောင်စမ်း။ ဒါဆရာဇော်ဂျီက ငါတို့ကို အားပေးထားတာပေါ့။ နားထောင်...နားထောင်။ မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်
မင့်အိမ်ရွှဲစိုး၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့
အကာအခင်း၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင်အနဲ့၊ အရွေ့အစောင်း
မကောင်းမပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း၊ သစ်စေမင်း...တဲ့။
ငါတို့လက်တွေ သန်မာတယ်။ ခွန်အားရှိတယ်။ အဲဒီလက်တွေနဲ့ ငါတို့အိမ်ကို ပြန်မိုးကြမယ်။ ပြန်ပြင်ကြမယ်။ မိတ်ဆွေ မမေ့နဲ့နော်။ နိုဝင်ဘာ ၈ ရက်နေ့ဟာ အိမ်ပြန်ပြင်ရမယ့်နေ။
အိမ်သစ်မိုးမယ့်နေ့။ ။
အိမ်သစ်မိုးမယ့်နေ့
Most Read
Most Recent
4 hours ago










