၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပတော့မည်ဖြစ်သည်။ ဒီအတွက်ကြောင့်လည်း နိုင်ငံရေးပါတီ အသီးသီးတို့၏ မဲဆွယ်စည်းရုံးမှု မြင်ကွင်းများ၊ အသံများက ကျွန်တော်တို့၏ နားမျက်စိများဖြင့် မြင်တွေ့ကြားသိနေရပေသည်။
ထိုနည်းတူပင် မဲစာရင်းများ မှားယွင်းနေမှု သတင်းများကလည်း ကျွန်တော်တို့ ဝန်းကျင်၌ ထပ်ကာ တလဲလဲပင် ကြားသိနေကြရပေရာ ထိုကိစ္စနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြမှုများဖြင့်လည်း အသံဗလံများ ဝေစည်လျက်ရှိ ပေသည်။ ရွေးကောက်ပွဲ ကော်မရှင်ဘက်မှ အစဉ်တစိုက် ကိုင်စွဲပြောဆိုမှုများကတော့ ‘လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရမည်’ ဟူသည့် လက်သုံးစကားပါပေ။
လောလောဆယ် နားဆင်နေကြရသည် များကတော့ မိမိတို့ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့ပါက မည်သို့မည်ပုံ အကောင်အထည်ဖော်၍ အကျိုးပြုမည်ဆိုသည့် သံစဉ်များဖြင့် မက်လုံးပေးမှုများပါပေ။ အချို့သော ကိုယ်စားလှယ်လောင်းများကတော့ အစားအသောက် အသုံးအဆောင် ပစ္စည်းများ ပံ့ပိုးမှုပြု၍ လည်းကောင်း၊ အချို့ကိုယ်စားလှယ်လောင်းတို့က ရပ်ကွက် ကျေးရွာများအတွက် အကျိုးပြု လုပ်ငန်းများ၌ အလှူငွေများ စိုက်ထုတ်၍ လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် မဲဆွယ်စည်းရုံးနေပုံများကို ရှုမြင် ကြားသိနေရပေသည်။
မဲဆန္ဒရှင်များ အနေဖြင့် လက်ရှိလွှတ်တော် သက်တမ်းကာလမှ အတွေ့အကြုံများ က သင်ခန်းစာ အတွေ့အကြုံများ ရရှိခဲ့ကြပြီဖြစ်ရာ ကိုယ်စားလှယ်လောင်း အပေါင်းတို့၏ လေထဲပျံဝဲလျက်ရှိသည့် စကားလုံးများအပေါ် ယုံကြည်မှု အပေါင်းဖြင့် ပုံအောနိုင်လောက်အောင် ရက်ရောနိုင်ကြမည် မထင်ပါ။ နောက်နှောင်း ကာလများဆီက နားသောတဆင်ခဲ့ရဖူးသည့် ‘သုမနကျောမှာ ဒဏ်ရာတွေနဲ့’ ဆို သလိုပင်။ အရာရာ၌ ချင့်ချင့်ချိန်ချိန် သုခမိန် ဆိုထုံးကို နှလုံးမူကြဖို့သာ ရှိပါပေသည်။
ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း ပြည်သူအပေါင်းတို့၏ ရင်တွင်းမှာ ကိန်းဝပ်လျက်ရှိသည့် သံသယ နှလုံးသားများအပေါ် စာနာကြည့်ကြဖို့ လိုပါသည်။ နှုတ်ခမ်းဖျားပေါ် တဒင်္ဂ ခိုနားလာသည့် မက်လုံးပေး ဂီတသံစဉ်များ အခြေပြုကာ အနှစ်သာရမဲ့ ရေပေါ်ဆီ စကားလုံးတို့ဖြင့် မစည်းရုံးမိကြဖို့ သတိပြု သင့်လှပေသည်။ မဲဆွယ်စည်းရုံးစဉ် ကာလဆီက ရွှန်းရွှန်းဝေေ၀ အလှဆုံးသော ပုံရိပ်တို့ဖြင့် သရုပ်ဆောင် တင်ဆက်ခဲ့ကြပြီး လွှတ်တော်အတွင်းက ကုလားထိုင်ပေါ် ထိုင်မိချိန်မှာတော့ မိမိတို့၏ မဲဆန္ဒရှင်များအပေါ် မေ့ပင်စိုက်လျက် မေ့ရက်ခဲ့ဖူးသူ ပုဂ္ဂိုလ်အချို့၏ လုပ်ဆောင်ချက်များက ပြည်သူအပေါင်း၏ နှလုံးသား ဂန္ထဝင်၌ စွဲစွဲထင်ထင် ရှိခဲ့ပြီးမို့ ထိုထိုသော သင်ခန်းစာများက အမှတ်တရ ရှိနေခဲ့ပြီးမို့ပါလေ။
ရှည်ရှည်ဝေးဝေး စဉ်းစားရန် မလိုပါ။ လက်ရှိ ငါးနှစ်တာ ကာလအတွင်း နိုင်ငံ့ပုံရိပ်များဆီ ငဲ့စောင်းကြည့်ရှုရုံ ကလေးမျှဖြင့် သူတို့ အာမဘန္တေခံခဲ့ကြသကဲ့သို့ ထိုအာမခံချက်များအပေါ် လိုက်နာ၍ ပုံဖော် မှုပြုခဲ့ကြပါရဲ့လား။ စေ့ငုကြည့်ရုံမျှဖြင့် သူတို့၏ အနေအထားများက သက်သေပြနေသည်မှာ အထင်အရှားပင် မဟုတ်ပါလား။ အောက်ခြေ လူတန်းစား အများစုတို့၏ စားဝတ်နေမှုတွေ၊ လုံခြုံမှု ရရှိအောင် မည်သည့်အတိုင်းအတာထိ ပံ့ပိုးမှု အထောက်အကူပြုမှုများ ဖန်တီးပေးနိုင်ခဲ့ပါသလား၊ ရရှိ ခံစားခဲ့ကြရပါရဲ့လား။
နိုင်ငံတော်၏ ရာခိုင်နှုန်း ၇၀ သော လယ်သမား လူတန်းစားတို့အပေါ် မည်သည့် အတိုင်းအတာအထိ ထောက်ပံ့ ကူညီပေးခဲ့ပါသလဲ။ ထိုလူတန်းစားများ အပေါ် အနိုင်ကျင့် ဗိုလ်ကျမှုများဖြင့် မည်သို့သော ရေချိန်ထိ နှိပ်စက်က လူပြုခဲ့ပြီးပြီလဲ။ မည်၍မည်မျှ ကာကွယ်ပေး ခဲ့ပြီးပြီလဲ။
တိုင်းရင်းသား မျိုးနွယ်စုများ တန်းတူညီမျှ အခွင့်အရေး ခံစားရရှိရေး မည်သည့် အတိုင်းအတာအထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီလဲ။ တိုင်းသူပြည်သား အားလုံးတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားရရှိနိုင်ရန် မည်သို့မည်ပုံ ဆောင်ရွက်ပေးခဲ့ပြီလဲ။ နိုင်ငံတော်အတွင်း တရားဥပဒေ စိုးမိုးရေး မည်သို့ဆောင်ရွက်နိုင်ခဲ့သလဲ။ လွတ်လပ် သန့်ရှင်းသည့် တရားစီရင်ရေး မည်သည့်အတိုင်းအတာအထိ ပုံဖော်နိုင်ခဲ့ပြီလဲဆိုသည့် နိုင်ငံတော်၏ လက်ရှိအနေအထားအပေါ် အာရုံစိုက်လျက် မေးခွန်းထုတ် ကြည့်ကြရပေမည်။ ထိုမှတစ်ဆင့်တက်ကာ ထိုသို့သော အခြေအနေကောင်းများ ပုံဖော် ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည် ယူဆရလောက်သည့် နိုင်ငံရေးပါတီ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းမျိုးကိုသာ ရွေးချယ်မှု ပြုကြရပေမည်။
စင်စစ် ဒီမိုကရေစီ စနစ်ဆိုသည်မှာ ပြည်သူထံမှသာ အာဏာစီးဆင်းရမည် ဖြစ်ပေသည်။ ဒီအခါ လူထု၌ တာဝန်ရှိသည်မှာ အထူးပြု ပြောဆိုရန် မလိုပါပြီ။ ဒီတော့ ထိုတာဝန်တစ်ရပ်အပေါ် အလေးအနက် တာဝန်ကျေကြရမည် ဖြစ်ပေသည်။ နှလုံးသားနှင့် ခံစားနားလည်ပြီး ဦးနှောက်ဖြင့် ဆုံးဖြတ်ရွေး ချယ်ကြရပေမည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မှုပြုစဉ် စကားတစ်ခွန်း၌ နားစွင့်မိခဲ့စဉ်မှာတော့ “ကျွန်မတို့က အာဏာထက်တာဝန်ကို တောင်းတာပါလို့ ကျွန်မ ပြောချင်ပါတယ်။ ကျွန်မတို့ အဓိက လုပ်ချင်တဲ့ အပြောင်းအလဲက အာဏာရှင် စနစ်ကနေပြီးတော့ တာဝန်ယူမှု စနစ်ကို ပြောင်းလဲချင်တာပါလို့ ကျွန်မ ပြောချင်ပါတယ်” လို့လည်း ခန္တီးဒေသခံများသို့ ပြောကြားခဲ့သည်။
တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ညိုညိုသင်းမှ မဲဆွယ်စည်းရုံးမှု စကားလုံးများတွင် “အစိုးရဖွဲ့သွားမယ့် ပါတီတွေက ပြည်သူ့အတွက် လွှတ်တော်ထဲမှာ ပြောလို့မရတော့ဘူး။ ပုံမှန်အားဖြင့် လွှတ်တော်ထဲမှာ သူတို့ဖွဲ့ထားတဲ့ အစိုးရအဖွဲ့ကို သူတို့ဝေဖန်လို့ မရတော့ဘူး။ ပြည်သူ့အတွက် ပြောတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်ဖို့ အစိုးရကို ထိန်းမယ့် ကိုယ်စားလှယ်တွေလိုတယ်။ အဲဒီတော့ အဲဒီနေရာကို ကျွန်မသွားမှာ။ ဒါကြောင့် မဖြစ်မနေ ကျွန်မကို မဲပေးဖို့ တောင်းဆိုပါတယ်” ဆိုပြီး ပြည်သူတို့၏ အသည်းကြားမှ မဲတစ်ပြားကို တောင်းခံခဲ့ပေသည်။
ရခိုင်အမျိုးသားပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ မဲဆွယ်မှု နှုတ်ထွက်စကားများတွင် “လူမျိုးကို အခြေခံသည့် ပြည်နယ်များဖြင့် ဖွဲ့စည်းထားသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးများ တိုးတက်ကောင်မွန်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ပြီး ပြည်ထောင်စုစစ်စစ်နှင့် မကိုက်ညီမှုများ ပြင်ဆင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးများ ကြိုးပမ်း ဆောင်ရွက်သွားပါမည်” ဟု ဆိုခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်မှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ဂရုပြုကြရမည့် အိပ်မက်တစ်မက်ဖြစ်သည်။
လက်ရှိကာလ၌ အချို့သောပါတီ စည်းရုံးရေးဆိုင်းဘုတ်များ ဖျက်ဆီးမှု ခံနေရပေရာ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများ ရှိနေသည်မှာ ထင်ရှားပေသည်။ တရားဥပဒေ အပြင်ဘက်မှ မင်းမဲ့စရိုက် လုပ်ရပ်များ ထိရောက်စွာ အရေးယူ ဖော်ထုတ်ကြဖို့လည်း လိုအပ်ပေသည်။ တရားသောနည်းဖြင့် ယှဉ်ပြိုင်ကြဖို့ လိုပါသည်။ ရိုးသားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရခြင်းသည်သာ သန့်စင်သည့် အောင်မြင်မှုဟု ဆိုနိုင်ပေမည်။ ဒီတော့ ကျွန်တော်တို့ မဲဆန္ဒရှင်များ အနေဖြင့် မျက်စိကို ဖွင့်၊ နားကိုစွင့်ကာ သတိ အနေအထား၌ ရှိနေဖို့ လိုအပ်ပေသည်။ ဒီပါတီက ရိုးသားသလား၊ သန့်စင်သလား။ ဒီကိုယ်စားလှယ်လောင်းက သန့်စင်သလား။ သူ့ရဲ့နောက်ခံ အရောင်အသွေးက အရောအနှော ကင်းပါရဲ့လား။ သူ့ကို ရွေးချယ်လိုက်ခြင်းဖြင့် ပြည်သူတို့၏ အိပ်မက်များ အဆင်အသွေး လှလှဖြင့် အကောင်အထည်ပေါ် တွေ့မြင်နိုင်ပါမည်လား။ ရုပ်လုံးကြွလာနိုင်မည်လား။ ဒုံရင်းဒုံရင်း အနေအထား၌ပင် လူတစ်စုကောင်းစားရေးဘက် အလေးသာ နေဦးမှာလား။ တို့အားလုံးရဲ့ ဘဝတွေကော ဆင်းရဲတွင်းထဲမှာပဲ ထိုးသိပ်ထည့် ထည့်ထားဦးမည့် သူတွေလား ဆိုသည်ကို ဂရုပြု၍ အရှုံးအမြတ် ချိန်ထိုးကြည့်ရပေမည်။ ကိုယ့်ဘက် အရင်းအနှီး ပြုလိုက်ရမည့် မဲတစ်ပြားဖြင့် ကိုယ် အပါအဝင် နိုင်ငံသား အားလုံးတို့၏ အနာဂတ်လည်း ဖြစ်ပေရာ “နောက်ကျခြင်းမှာ အစောဆုံး” ဖြစ်နေရသည့် နိုင်ငံတော်နှင့် ပြည်သူအပေါင်းတို့၏ ဘဝပုံရိပ်များ လင်းကျင်းဖို့ လိုပါသည်။ အကောင်းဆုံးသော လမ်းကြောင်းဆီ ကိုယ်စားပြု ဖော်ဆောင်နိုင်မည့် ပါတီ၊ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ကြရင်း ကိုယ်စီ တာဝန်ကျေကြပါစို့။
နောက်ကျခြင်းမှာ အစောဆုံး ကွန်ရက်ထဲက
Most Read
Most Recent
4 hours ago










