ပဉ္စလက်ကကြိုး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၅)

ပဉ္စလက်ကကြိုး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၅)
Published 14 October 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

ဘာသာရေး အရေခြုံ အဖွဲ့အစည်းများ ထူထောင်ကာ တစ်ဖက်ပါတီကို အပုပ်ချခြင်း၊ လူမျိုးရေး မုန်းတီးမှု၊ ဘာသာရေး မုန်းတီးမှုတို့ကို မီးလောင်ရာ လေပင့်ပြုလုပ်၍ သိမ်းသွင်းခြင်းစသည့် ‘နာဇီ’ လုပ်ဟန်များဖြင့်လည်း အောင်ပွဲခံနိုင်သည့် အစဉ်အလာ ကမ္ဘာ့သမိုင်းတွင် မရှိပါ။ ၁၉၃၀ ခု ကမ္ဘာ့စီးပွားပျက်ကပ်အတွင်း တိုင်းပြည်၏ ဘေးဒုက္ခ မှန်သမျှ ‘ဂျူး’ လူမျိုးများ အပေါ်ပုံချကာ ဂျူးဆန့်ကျင်ရေး လှိုင်းလုံးကြီးများကို စီးကာ ‘ဟစ်တလာ’ နှင့်  နာဇီပါတီသည် ၁၉၃၃ တွင် အထွတ်အထိပ် ရောက်လာခဲ့သည်။ ဂျာမန်အမျိုးသားရေးဝါဒ (Pan-Germanism) မဟာအာရိယန်ဝါဒကို ကျယ်ကျယ်လောင်လောင် ကြွေးကြော်ရင်း ကမ္ဘာကြီးကို အမုန်းမီး မွှေးခဲ့သည့် ဟစ်တလာနှင့် နာဇီပါတီသည် ကမ္ဘာ့သမိုင်း ဇာတ်ခုံတွင် စစ်ရာဇဝတ်ကောင်များအဖြစ် မရှုမလှ ဇာတ်သိမ်းခဲ့ရပြီး ဖြစ်ပါသည်။
အခြားတစ်နည်းမှာ အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထိမ်းအမှတ် သင်္ကေတ Logo နှင့် မရိုးရင်းစွဲ မှားနိုင်သည့် အနီရောင်နောက်ခံ၊ ကြယ်ဖြူ၊ ခွပ်ဒေါင်းအသုံးပြုသည့် ပါတီများ ‘ပွား’ ပေးခြင်းဖြစ်သည်။ လူထု မျက်စိလည်စေရန် ဖြစ်သည်။
ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ချစ်ခင် ယုံကြည်ခြင်းခံရသည့် အတိုက်အခံ ခေါင်းဆောင်ကို ဘာသာရေး မှိုင်းတိုက် အပုပ်ချခြင်း၊ အသရေဖျက်ခြင်း၊ လူမှုကွန်ရက်များသုံးကာ ၂၄ နာရီ အချိန်ပြည့် တိုက်ခိုက်ခြင်း၊ စာစောင် စာရွက်စာတမ်းများ ဝေခြင်းတို့ဖြင့် ‘လူထု အသည်းကြားမှ မဲတစ်ပြား’ ရနိုင်၊ မရနိုင်ကား မကြာမီ အပြောမဟုတ်၊ အလုပ်ဖြင့် မြင်ကြရပါတော့မည်။
ရွေးကောက်ပွဲနီးမှ လမ်းပြင်ပေးခြင်း၊ ဂရန်ချထားပေးခြင်း၊ လျှပ်စစ်မီးသွယ်ပေးခြင်း၊ ထီး၊ ဦးထုပ်ဝေခြင်း စသည့် ခပ်ထေ့ထေ့ ပြုံးချင်စရာ လုပ်နည်းလုပ်ဟန်တွေ တွေ့ရတော့ ‘ကြားသိမှတ်သား’ ခဲ့ဖူးသည့် ဗမာ့သမိုင်း ဖြစ်စဉ်တစ်ခုကို အမှတ်ရသည်။
မွေတရိုးက ဆွေမျိုးများ
သန့်ရှင်းတည်မြဲ ဖဆပလအကွဲအား ပြိုင်ခဲ့သည့် ၁၉၆၀ ရွေးကောက်ပွဲတွင် ဖြစ်သည်။ မန္တလေးတိုင်း မတ္တရာမြို့နယ် အတွင်း တံငါချောင်းနှင့် ဧရာဝတီဆက်စပ်ရာ ဒေသတွင် ‘မွေတလိုင်း၊ မွေပုန်ကန်၊ မွေဟင်္သာ၊ မွေရွှေခဲ၊ မွေဥဒိန်’ စသည့် မွေနှင့်စသော ရွာ ၁၄ ရွာရှိသည်။ ထိုအချိန်က ယင်းဒေသတွင် စစ်ဘက်တာဝန်ခံမှာ နောင်မဆလခေတ်တွင် မန္တလေးတိုင်းဒေသ ပါတီကော်မတီ ဥက္ကဋ္ဌဖြစ်လာမည့် ဆိုရှယ်လစ် တပ်မှူးတစ်ဦး ဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မီ အဆိုပါတပ်မှူးက တည်မြဲအရောင်ဖြစ်သော ‘အနီရောင် အဝတ်အထည်’ နှင့် အစားအသောက်များ၊ ကိုယ်တိုင်ကိုယ်ကျ ရွာစဉ်လိုက်ဝေသည်။ ‘မွေတရိုးက ဆွေမျိုးများခင်ဗျား’ ဟု အလွန်ဖော်ရွေ ချစ်ခင်သော အပြုံးဖြင့် နှုတ်ဆက်သည်။ ရွေးကောက်ပွဲနေ့တွင်လည်း တည်မြဲ၊ မဲကြိုမဏ္ဍပ်တွင် အနီရောင် တူညီဝတ်စုံများဖြင့် မွေ ၁၄ ရွာသားများ စတုဒိသာထမင်းကို အတင်းဝင်စားကြသည်မှာ ဝက်ဝက်ကွဲ။ မဲ ရေတွက်တော့ အကုန်ဝါကုန်ပါသတဲ့။ သန့်ရှင်းဖဆပလက အပြတ်အသတ် နိုင်ပါသတဲ့။ လူတည်မြဲ-မဲသန့်ရှင်းဖြစ်ကုန်တော့ ပေးတာယူ ကျွေးတာစားပြီး အသည်းကြားက မဲတစ်ပြားဖြင့်  ဆန္ဒဖော်ထုတ်လိုက်တော့ အဆိုပါ ဆိုရှယ်လစ် တပ်မှူးကြီးက ‘မွေတရိုးက မအေရိုးတွေ’ ဟု ပျစ်ပျစ်နှစ်နှစ် ဆဲရေး ကြိမ်းမောင်းပါသတဲ့ ခင်ဗျား။ မကြာမှ အမျိုးအမည်မသိ လက်နက်ကိုင်များက အဆိုပါ မွေရွာများအား ပစ်ခတ်တိုက်ခိုက် မီးရှို့ပစ်ပါသတဲ့။
ယခုလည်း ရွေးကောက်ပွဲဝင်ရန် ဟန်ပြင်နေသည့် ‘လူခိုးသွင်းမည် ဦးမှင်နီ’ တို့၊ ‘မြေသိမ်းယာသိမ်း ဦးဘစိမ်း’ တို့၊ ‘နယ်လှည့် ပါးရိုက် ဦးလူမိုက်’ တို့၊ ‘ဆိုက္ကားနင်းရေး ဦးဖိုးခွေး’ တို့၊ ‘တစ်နပ်လျှော့စား ဦးဖွတ်ကြား’ တို့ ပြုံးပြုံးပြုံးပြုံးဖြင့် မလာဖူး မရောက်ဖူးသည့် နေရာများကို ‘မပြုံးစဖူး အပြုံးထူး’ ဆင်မြန်းကာ လာကြပါတော့မည်။ (အပြုံးလွန်လျှင် ပါးစောင်မှ အစွယ်များ ပေါ်လာနိုင်သည်။ မျက်တောင်ခတ်မခတ်၊ ဖနောင့်တိုမတို အရိပ်ထွက်-မထွက် ပြည်သူများ သတိထာ းကြည့်တော်မူကြပါကုန်။)
တတ်လည်းတတ်နိုင်ကြပါတယ်
နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်မာမာအေး၏ သဲကိုးဖြာသီချင်းထဲကလို ‘တတ်လည်းတတ်နိုင်ကြပါတယ်×× မောင်တို့ ဖွတ်ကြားတွေရဲ့..အဲအဲ ..ယောကျ်ားတွေရဲ့ ဆိုစကား ×× ကြားမိတယ်’ ဟူ၍ ဆိုရမလို ငိုရအခက် ရယ်ရအခက် အဖြစ်များလည်း တွေ့ရသည်။
မန္တလေးတိုင်းဒေသကြီး ပျဉ်းမနားမြို့နယ်၊ သစ်ပလွေကန်ရွာအနီး မဲဆွယ်ပွဲတွင် ပါတီကြီးတစ်ခုမှ လက်ရှိလွှတ်တော် ကိုယ်စားလှယ်ကြီးက သူတို့ပါတီအား မဲပေးပါက ငါးရက်အတွင်း လျှပ်စစ်မီးလင်းမည်၊ လမ်းခင်းပေးမည်ဟု ပြုံးပြုံးကြီး ပြောပါသတဲ့။ လယ်သမားများက “ခင်ဗျားပိုက်ဆံနဲ့ မဟုတ်ပါဘူး။ လွှတ်တော်က ချပေးထားတဲ့ ဘတ်ဂျက်အရ လုပ်ပေးမှာကို ကိုယ့်ပိုက်ဆံနဲ့ လုပ်ပေးသလိုလို လာဖြီးမနေနဲ့” ဟု ပြန်ပြောရာမှ အချေအတင်ဖြစ်ပြီး မဲဆွယ်ပွဲ ပျက်သွားပါသတဲ့။
ထို့အတူ အံံ့သြကုန်နိုင်ဖွယ် ဖြစ်ရပ်မှာ ပဲခူးတိုင်း နတ္တလင်းမြို့နယ်အတွင်းက ရွာတစ်ရွာအနီးတွင် အစိုးရအဖွဲ့ ပုဂ္ဂိုလ်အကြီးကြီး တစ်ဦး၏ ရုံးမှ ညွှန်ကြားရေးမှူး အကြီးကြီး တစ်ဦးက ရာထူးမှထွက်ပြီး အမတ်ယှဉ်ပြိုင်မည် ဖြစ်ပါသတဲ့။ ထို့ကြောင့် အဆိုပါ ညွှန်ကြားရေးမှူး အကြီးကြီးက ရွာအနီးတွင် ထရန်စဖော်မာ အကြီးကြီးတစ်လုံး တည်ဆောက်ပေးပြီး ရွာအားလှူဒါန်းပါသတဲ့။ ရွာသားများခမျာ သာဓု အကြိမ်ကြိမ်ခေါ်၍ မဲပေးရန် အားတက်နေစဉ် အဆိုပါ ထရန်စဖော်မာကြီးကို သက်ဆိုင်ရာက လာရွှေ့ပါသတဲ့။ ယခု ထရန်စဖော်မာထက် ပိုကောင်းပိုကြီးသည့် ထရန်စဖော်မာကြီး တစ်လုံး မကြာမီ ညွှန်ကြားရေးမှူး အကြီးကြီးက အစားထိုး လှူဒါန်းမည်ဟု ပြောပြီး ရွှေ့သွားခြင်း ဖြစ်ပါသတဲ့။ အဆိုပါ ထရန်စဖော်မာကို အခြားတစ်ရွာအနီးတွင် သွားတပ်ဆင်ပြီး ညွှန်ကြားရေးမှူး အကြီးကြီးက လှူဒါန်းပြန်ပါသတဲ့။ မကြာခင် ရှေးနည်း အတိုင်း ထရန်စဖော်မာကို ရွှေ့ပြီး အကြီးကြီး အစားထိုး လှူဒါန်းမည်ဖြစ်ကြောင်း ပြောကာ အခြားတစ်ရွာအနီးသို့ ရွှေ့သွားပြန်ပါသတဲ့။ ဤသို့ဖြင့် အဆိုပါ ထရန်စဖော်မာမှာ နတ္ထလင်းမြို့နယ်အတွင်း ကျေးရွာစုံလှည့်လည် ရောက်ရှိနေပါသတဲ့ခင်ဗျား။
သြော် ရွှေဉာဏ်တော် စူးရောက်ပါပေ့။ ဒီလိုပုဂ္ဂိုလ်များ ဦးဆောင်နေတာတောင် တိုင်းပြည်မွဲရတာ ကျုပ်တို့ကံကိုက ခေလွန်းလို့ ဖြစ်မှာပေါ့လေ။
ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ်
မကြာမီ ဖြတ်သန်းရတော့မည့် ရာခိုင်နှုန်း ၇၀ မဲစာရင်း အမှားတော်ပုံ ရွေးကောက်ပွဲတွင် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ လွတ်လပ်သည်ဖြစ်စေ၊ မလွတ်လပ်သည် ဖြစ်စေ ရွေးကောက်ပွဲရလဒ် ဖြစ်နိုင်ခြေ သုံးရပ်သာ ရှိပါသည်။
(က) ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ် အနိုင်ရခြင်း
ဖြစ်နိုင်ခြေ အလွန်နည်းသည်ဟုပင် ဆိုရပါမည်။ သူတို့ကိုယ်တိုင်ကလည်း သတိပြုမိပုံရသည်။ ထို့ကြောင့် ထိပ်တန်းခေါင်းဆောင်များ၊ မြို့ကြီးပြကြီးများတွင် မပြိုင်ဝံ့။ မိမိ ပါတီအမည်ရင်းဖြင့်လည်း မပြိုင်ဝံ့။ သဘော ထားကွဲသူလိုလို၊ တစ်သီးပုဂ္ဂလလိုလိုဖြင့် ပုံမှားရိုက်ခြင်းများ ရှိနေသည်။ ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်များအရ လူစုံတက်စုံပါတီစုံ ပါဝင်ယှဉ်ပြိုင်လျှင် ၅၁ ရာခိုင်နှုန်းကျော် အနိုင်ရ ရှိပြီး မိမိတစ်ပါတီတည်း အစိုးရဖွဲ့နိုင်ခြေ သိပ်မရှိ။ ဦးလှဆွေ ပြောသလို ၂၆ ရာခိုင်နှုန်း အနိုင်ရရှိပါက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်း၍ အစိုးရဖွဲ့နိုင်ခြေ ရှိသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ထူးထူးခြားခြား အပြောင်းအလဲ ရှိမည်မဟုတ်။ သမ္မတဦးသိန်းစိန်သည် လူပုဂ္ဂိုလ်အရ လူကြီးလူကောင်း မွန်ရည်ယဉ်ကျေးသူ ဖြစ်ပါသည်။ သို့ရာတွင် သမ္မတတစ်ဦး အဖြစ်ကား မအောင်မြင်။ ဆင်းရဲမှု လျှော့ချရေးနှင့် ငြိမ်းချမ်းရေး ကတိကဝတ်များမှာ လေထဲတွင်သာ ပျောက်သွားခဲ့ပါသည်။ အစိုးရအဖွဲ့ ငါးနှစ်သက်တမ်းအတွင်း စကားပြော ယဉ်ကျေးသည့် သမ္မတတစ်ဦး ရလာခြင်းသာ ပြည်သူများတွင် အဖတ်တင်ပါသည်။ ပြည်သူ့ဘဝကတော့ ထူးမခြားနား မျောက်လောင်းက မျောက်လောင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် မြို့ကြီးပြကြီးများတွင် သာမက ပြည်နယ်များတွင်လည်း သိပ်မျှော်လင့်ချက် မရှိလှပါ။ မဲပေးသည့် စံနစ်မှာ နိုင်သူ အကုန်ယူ (Win Take All) စနစ်ဖြစ်၍ တစ်မဲသာသူက အနိုင်ရမည်ဖြစ်ရာ မြေပြင် အခြေအနေများအရ ပြည်ခိုင်ဖြိုးပါတီ တစ်မဲအသာဖြင့် နိုင်နိုင်သည့် ပါတီများ အများအပြား ရှိနေ၍ ဖြစ်ပါသည်။
(ခ) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခြင်း
၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်များကို တွက်ဆသုံးသပ်ပါက ယခုရွေးကောက်ပွဲတွင် အောင်ပွဲခံမည့်သူမှာ NLD ဖြစ်ကြောင်း ယုံမှားဖွယ် မရှိပါ။ ဘာသာရေး မှိုင်းတိုက် အပုပ်ချမှုများ၊ ဒီမိုကရေစီ အင်အားစုများနှင့် သဘောထား ကွဲပြားမှုများ ရှိလင့်ကစား ယင်းအချက်များက ဒေါ်အောင်ဆန်းစုကြည်၏ လူထုထောက်ခံမှုကို ဖျက်သိမ်းနိုင်သည်အထိ အင်အားမကြီးပါ။ ထို့ပြင် ပြည်သူများတွင် ရွေးချယ်စရာ မရှိပါ။
သို့ရာတွင် ၇၅ ရာခိုင်နှုန်း လွှတ်တော်နေရာများတွင် ၅၁ ရာခိုင်နှုန်း အနိုင်ရဖို့ဆိုသည်က ခက်ခဲလှပါသည်။ ရာခိုင်နှုန်း ၄၀ ကျော် အနိုင်ရဖွယ်က ဖြစ်နိုင်ခြေနှင့် အနီးစပ်ဆုံးဟု ယူဆရပါသည်။ အမှန်တကယ်အားဖြင့် NLD အနေဖြင့် အင်အားကြီးလှသည့် စစ်အာဏာရှင် စနစ်ကို တိုက်ရာတွင် ‘တပ်ပေါင်းစု’ လမ်းစဉ်ဖြင့် သွားသင့်ကြောင်း၊ သမိုင်းက ခါးခါးသီးသီး ပြသပြီး ဖြစ်သည်။ လူမျိုးစု တိုင်းရင်းသားများ၊ ဒီမိုကရေစီ အင်အားစုများနှင့် အခိုင်အမာ မဟာမိတ်ဖွဲ့၍ တပ်ပေါင်းစုကြီး အသွင်ဖြင့် ရွေးကောက်ပွဲ ဝင်သင့်သည်။ အချိန် မနှောင်းသေးပါ။ လွှတ်တော်တွင်း လွှတ်တော်ပ ခိုင်ခိုင်မြဲမြဲ လက်တွဲကြရပေဦးမည်။ အခြားတစ်ဖက်တွင်လည်း  NLD အနိုင်ရပါက ဘာဖြစ်မည်၊ ညာဖြစ်မည်စသည့် ခြိမ်းခြောက်မှုများနှင့် ၁၉၉၀ ချောက်အိပ်မက်ဆိုးကြီးက အရိပ်မိုးနေဆဲ ဖြစ်သည်။ ပြည်သူ အများအပြား ရွေးကောက်ပွဲကို စိတ်မဝင်စားကြခြင်းမှာလည်း ဤအချက်အပေါ် အခြေခံသည်။ ရွေးကောက်ပွဲမှာ ညစ်မှာပါပဲ။ ညစ်မရလို့ အနိုင်ပေးရလည်း ၁၉၉၀ တုန်းကလို အာဏာမလွှဲဘဲ ထားမှာပဲဟူသော စိုးရိမ်စိတ် အစိုင်အခဲကလည်း ထုထည်ကြီးမားလှပါသည်။ မည်သို့ဆိုစေ အတိတ်မှတ်တမ်းများနှင့် မျက်မှောက်ဖြစ်ရပ်များအရ ရွေးကောက်ပွဲတွင် အနိုင်ရမည့်သူမှာ NLD သာ ဖြစ်လိမ့်မည်ဟု အနီးစပ်ဆုံး ယူဆဖွယ်ရှိပါသည်။
(ဂ) ဘယ်သူမှ အနိုင်မရ၊ ညွန့်ပေါင်းအစိုးရ
NLD က ရွေးကောက်ပွဲတွင် ၅၁ ရာခိုင်နှုန်း အနိုင်မရ၊ ပြည်ခိုင်ဖြိုးပါတီက ၅၁ ရာခိုင်နှုန်း အနိုင်မရ သို့မဟုတ် မျှော်လင့်ထားသလို ၂၆ ရာခိုင်နှုန်း အနိုင်မရ၊ အနိုင်ရသော်လည်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းက လက်ကမ်းမကြိုခဲ့လျှင် လူမျိုးစု တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍ အရေးပါလာပေလိမ့်မည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၂ ရက်အထိ မှတ်ပုံတင် နိုင်ငံရေးပါတီ ၈၆ ပါတီရှိသည်။ ထိုအထဲတွင် တိုင်းရင်းသားပါတီ ၅၂ ပါတီ ပါဝင်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်များက ၃၉၂ နေရာတွင် အနိုင်ရပြီး ဒုတိယ အများဆုံး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၁ နေရာ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၁ နေရာ အနိုင်ရခဲ့သည်။ ယခုအခြေအနေ ပေါ်ပေါက်ပါက လူမျိုးစု တိုင်းရင်းသားပါတီများက အဆုံးအဖြတ် ဖြစ်လာနိုင်သည်။
NLD ပါတီက ၅၁ ရာခိုင်နှုန်း အနိုင်ရမှ ဖြစ်မည်ဆိုခြင်းမှာ အလိုအလျောက် ပါဝင်ခွင့်ရသော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မပါဝင်သည့် ၇၅ ရာခိုင်နှုန်း ရွေးချယ်ခံ ကိုယ်စားလှယ်များထဲမှ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၄၀ နေရာ၊ အမျိုးသား လွှတ်တော် ၂၂၄ နေရာ၊ စုစုပေါင်း ၆၆၄ နေရာတွင် ၃၃၉ နေရာ အနိုင်ရရမည်ဖြစ်သည်။ အကယ်၍ NLD က ယင်းနေရာ အလုံအလောက် မရခဲ့ပါက သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ပေါင်း၍ပင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၅၁ ရာနှုန်း မရရှိပါက လူမျိုးစု တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ၏ မဲမှာ အဆုံးအဖြတ် ဖြစ်လာမည် ဖြစ်သည်။ တိုင်းရင်းသားများ အနေဖြင့် မိမိ ဘဝ၊ မိမိပြည်သူများ၏ ဘဝနှင့်ရင်း၍ ခါးသီးလှသော သမိုင်းသင်ခန်းစာများ ကိုယ်တွေ့ရရှိ ပြီးဖြစ်ရာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရန်အတွက် မည်သူနှင့် ပူးပေါင်းရမည်ကို လွယ်လင့်တကူ ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။

Most Read

Most Recent