(၁)
အနုပညာရပ် တစ်ခုဖြစ်သည့် ကဗျာ စာပေ အရေးအသားများထဲတွင် ရိုးရိုးစင်းစင်း သာမန်လောက်သာ ရေးသားခြင်းထက် အမှန်တကယ် လိုအပ်သည်မှာ ရသ ပါရှိရေးပင် ဖြစ်သည်။ ဖန်တီးမှု ပါဝင်မှသာ လေးနက်မှု ရှိမည် ဖြစ်သောကြောင့် ဖန်တီးမှု ဟူသော တကယ့် ခံစားမှု ဝေဒနာကို ယင်းကဗျာ စာပေထဲ၌ ထည့်သွင်း ရေးဖွဲ့ပါမှ အတွေးများဖြင့် ထုံမွမ်းသည့် တန်ဖိုးရှိ ကဗျာစာပေများ ဖြစ်လာမည် ဖြစ်သည်။
အများသိပြီး ဖြစ်သည့်အတိုင်း ကဗျာစာပေတွင် ရသ ကိုးပါး ရှိသည်ကို အထူးပြောရန် လိုမည်မထင်ပါ။ အသေးစိတ်ရမည်ဆိုလျှင် (၁) သိင်္ဂါရ ရသ - ချစ်ခင်ခြင်း၊ (၂) ဟဿ ရသ - ရယ်ရွှင်ခြင်း၊ (၃) ကရုဏာ ရသ - သနားကြင်နာခြင်း၊ (၄) ရုဒ္ဒ ရသ - ကြမ်းကြုတ် ခက်ထန်ခြင်း၊ (၅) ဝီရ ရသ - ရဲရင့်ခြင်း၊ (၆) ဘယာနက ရသ - ကြောက်ရွံ့ခြင်း၊ (၇) ဝိဘစ္ဆ ရသ - စက်ဆုပ်ခြင်း၊ (၈) အဗ္ဘုတ ရသ - အံ့သြခြင်း၊ (၉) သန္တ ရသ -ငြိမ်းအေးခြင်း စသော ရသ ကိုးပါးသည် စာပေထဲ၌ ရှိသည်ဟု ဆိုသော်လည်း စာပေကို လူက ဖန်တီးရေးသား ခြင်းဖြစ်သောကြောင့် လူ၏ အတွင်းစိတ်သန္တာန်ထဲတွင်လည်း မွေးကတည်းက ယင်းရသတို့ ကိန်းအောင်းနေခဲ့သည်ဟု ဆိုနိုင်သည်။ ထိုမှတစ်ဆင့်တက်၍ လူ့လောကလူ့ အသိုက်အမြုံ အသီးသီးမှ ဆင့်ကဲဆင့်ကဲ ပေါ်ထွန်းလာသော လူမှု ဘဝ၊ စီးပွားရေး ဘဝ၊ နိုင်ငံရေး ဘဝတို့၌လည်း ရသဟု ခေါ်နိုင်မည့် တွေးခေါ်ခံစားမှုများ ပေါက်ဖွားလာသည်ကို တွေ့ရမည် ဖြစ်သည်။
ရသ ကိုးပါးအနက် မည်သည့်ထောင့် တစ်နေရာမှ ပါဝင်နိုင်မည်ဟု မဆုံးဖြတ်တတ်သော “ရသအခါး” ဟူသောရသကို ဖော်ကျူးထားသည့် ၁၉၈၉ ခုနှစ် သြဂုတ်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းတွင် ပါခဲ့သော စာရေးသူ၏ “ခွဲခွာခြင်း ရသခါး” ကဗျာကို ဦးစွာ တင်ပြလိုပေသည်။ (ထိုစဉ်က စာရေးသူ၏ အိမ်သူသည် အင်္ဂလန်နိုင်ငံသို့ ပညာသင်အဖြစ် ကာလရှည် သွားရောက်နေချိန်၊ မည်သည့် အဆက်အသွယ်မှလည်းမရ၊ အားလုံးသော ဆက်သွယ်ရေး ပြတ်တောက်နေသည့်အပြင် တိုင်းပြည်သည်လည်း ပြည်သူအများ လမ်းပေါ်ထွက် နေကြသည့် ကမောက်ကမ ကာလမျိုး ဖြစ်သည်)။
ခွဲခွာခြင်းရသခါး
လူခြေလည်းတိတ်၊ ညလည်းဆိတ်ပြီ
အိပ်ရာမှထ၊ ပြတင်းဝရပ်
လဆန်းကွယ်ပျောက်၊ တိမ်ဖုံးမှောက်ထား
ခွေးများမဟောင်
ဘယ်ချောင်ခိုနေမသိလေ….။
ညဉ့်မနက်မီ
နေခြည်ယွန်းခ၊ မှုန်မြသည်နှင့်
စိတ်ထင့်နှောင်ငင်၊ တစပြင်ကို
မြင်ထင်စွဲချက်၊ အိပ်မက်လေလား
ပေါင်သားဆိတ်ဆွဲ၊ သွေးရောင်ရဲထိ။
သည်အချိန်မှာ၊ သူဘာလုပ်နေသလဲ
စွဲနင့်ရင်မ၊ သတိရသည်
ဝေးစွမမြင်၊ ပင်လယ်ကာဆီး
ခရီးတစ်နေရာ၊ သူခွဲခွာသွား
စာခွေပါးဖို့ မျိုဝါးကိုက်ဖြတ်၊ အဆက်ပြတ်နေ….။
ဤကဗျာ ရေးချိန်နှင့် တိုက်ဆိုင်ချင် ပြန်တော့လည်း (နောင်တွင်) လူထုခေါင်းဆောင် ဒေါ်စုသည် ထိုအချိန်က ကိစ္စတစ်ခုဖြင့် ရန်ကုန်တွင်ရှိနေရာမှ သွားမရ၊ လာမရ ဖြစ်နေခဲ့ခြင်းကြောင့် ၎င်းကိုစာရေးသူက ရည်ညွှန်း ရေးသားသည်ဟုဆိုကာ ပေဖူးလွှာ မဂ္ဂဇင်း၌ ပုံနှိပ်ပြီး ဖြစ်သည့်ကဗျာကို စာပေ စိစစ်ရေးက ဆုတ်ဖြဲ ဖြတ်တောက်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။ သို့ဖြင့် မိသားစုအရေးကိစ္စ ရေးခြင်းသာ ဖြစ်ကြောင်း မိမိကိုယ်တိုင် စာဖြင့် ရှင်းလင်း ရေးသား တင်ပြတော့မှ ထိုကဗျာကို ဖြတ်တောက်ခြင်း မပြုတော့ဘဲ ခွင့်ပြုခဲ့သည်။ “ခွဲခွာခြင်းရသခါး” ၏ နောက်တစ်ပိုဒ်ကို ဖတ်ရှုခံစား ကြည့်တော်မူကြပါ။
တို့နှစ်ယောက်ကား….
တစ်ယောက်မရှိ၊ တစ်လှည့်စီနေ
တစ်လှေစီစီး၊ အနေနီးကာလ
ပျောက်ရှတိုတောင်း
မျဉ်းကြောင်းလက္ခဏာ၊ လက်ဗွေရှာကြည့်
မသိစိတ်ငြင်းပယ်၊ ယုံမလွယ်ချင်
ဗေဒင်တွက်ကြည့်ရဦးမည်။
(ပေဖူးလွှာ - ၁၉၈၉ သြဂုတ်)
လူမှုဘဝတွင် ရသအခါးကို မြည်းစမ်း ခံစား ရတတ်ကြသကဲ့သို့ ရသ ကိုးပါးထဲတွင် မပါဝင်သော နောက်ရသတစ်မျိုးကို စာရေးသူ အနေဖြင့် ထည့်သွင်းလိုသည်။ စီးပွားရေး၊ နိုင်ငံရေးဘဝတို့၌ ကြုံဆုံသိမြင်နေရတတ်သော “ထုံကျဉ် ရသ” ဟူသောရသမျိုးဖြစ်သည်။
(၂)
သိပ္ပံပညာ၏ တိုးတက် ထွန်းကားပုံမှာ လိုက်၍ မမီအောင် အံ့မခန်းပင် ဖြစ်သည်။ ဆေးဝါးသုံး၍ ဖြစ်စေ၊ ရှူသွင်းသော ဓာတ်ငွေ့ဖြင့် ဖြစ်စေ လူ့ခန္ဓာကိုယ်၏ အာရုံသိမှုအား လုံး၀ ပျက်ပြယ် သွားစေနိုင်သည့်အလျောက် နာကျင်ခြင်း စသော ထိတွေ့မှုအာရုံကို ခံစားချက် မရှိတော့သည့် အခြေအနေသို့ ရောက်ရှိစေရန် “ထုံ” ဆေးက ပြုလုပ်ပေးနိုင်သည်ဟု သိရှိပြီး ဖြစ်ပါလိမ့်မည်။ ယင်းထုံဆေး ပမာဏကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့် လိုက်သည်ရှိသော် ထိုဆေးသည် မေ့ဆေးဖြစ်သွားကာ အသုံးပြုသူအား အခိုက်အတန့် မေ့မြောသွားစေရန် စွမ်းဆောင်နိုင်သည်။ ထုံဆေးကို ဆရာဝန်များသာ အသုံးပြုခွင့် ရှိသည် ဆိုစေကာမူ သာမန်လူတွေပင် အသုံးချနေကြပြီ။ အထူးသဖြင့် နိုင်ငံရေးဘဝတွင် ကျင်လည်လျက်ရှိသော လူတန်းစား အလွှာတစ်လွှာက စဉ်ဆက်မပြတ် အသုံးပြုနေကြသည်။ တစ်ကိုယ်လုံး လိမ်းထားသူများနှင့် ခန္ဓာကိုယ်၏ လိုရာအစိတ်အပိုင်း၌ တို့လိမ်းထားသူများသာ ကွာခြားသည်။ အကြားအာရုံကို တားဆီးသည့် နားထဲသို့လည်း ပွတ်လိမ်းသည်။ အမြင်အာရုံကို ေ၀ဝါးစေသည့် မျက်ခွံပေါ်သို့လည်း တို့လိမ်းသည်။ မကြားချင် မမြင်ချင် အနံ့အသက် မရှူရှိုက်လိုပါက ဤထုံဆေးသည် မည်မျှ အသုံးဝင်ပါသနည်း။ အပြစ်အနာအဆာ ရှိသူတို့သည် ဤထုံဆေးကို လိမ်းထားပါက အနာပေါ် တုတ်ကျလျှင်ပင် နာကျင်မှု မခံစားရတော့။
၂၀၁၅ ရွေးကောက်ပွဲအချိန် နီးကပ်လာပြီဖြစ်၍ ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်ညိုညိုသင်းက မဲဆွယ်ရာတွင် “နိုင်ငံ့တိုးတက်ရေးကို အဟန့်အတားဖြစ်သည့် လာဘ်ပေးလာဘ်ယူကိစ္စ အစွမ်းကုန် တိုက်ဖျက်သွားမည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းပြီး ဥပဒေ ပေါ်ထွက်လာတော့ ပြည်သူအတွက် ဘယ်လို အဂတိ လိုက်စားမှုမျိုးကို ကြီးကြီးမားမား ဖော်ထုတ်ခဲ့တာ ရှိလဲလို့ မေးတော့ မရှိသလောက် ရှားတယ်”ဟု ပြောကြားခဲ့သည်။ အမှန်စင်စစ်၊ ယခုတစ်ကြိမ်တွင်မှမဟုတ် ယင်းကိစ္စကို အရပ်သား အဖွဲ့အစည်းစုံက ဝေဖန် ပြောဆိုခဲ့ပေါင်း များပြီဟု ဆိုသော်လည်း ကိုယ်ခန္ဓာ အနှံ့အပြား ထုံဆေး လိမ်းထား၍ ထုံကျဉ်ခြင်း ရသကို ခံစားကောင်း၍ ခံစားနေသလားမသိ၊ သိသာ ထိရောက် သော တုံ့ပြန်မှု တစ်စုံတစ်ရာကို ယခုတိုင် ကြားသိခြင်း မရှိသေး။
ပြီးတော့ ရွေးကောက်ပွဲအတွက် ပြည်သူအများ၏ ဆန္ဒမဲစာရင်း အများအပြား မှားယွင်းမှုအပေါ် ရက်ပေါင်း မြောက်မြားစွာ ကနဦး အစကတည်းကပင် ဝေဖန်မှုများ ရှိခဲ့၊ ရှိနေဆဲ ဖြစ်သော်လည်း မှန်ကန်မှု ရှိလာအောင် မည်သို့ ဆောင်ရွက်ပေးမည်၊ မည်သို့ အပြည့်အ၀ တာဝန်ယူ ပြုပြင်ပေးမည်ကို မကြားရ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် တစ်ရပ်တွင် စစ်မှန်သည့် ဒီမိုကရေစီစနစ်၌ ပြည်သူများ မဲစာရင်းတွင် ပါဝင်ရေးသည် အုပ်ချုပ်သူ အစိုးရ၏ တာဝန်ဖြစ်သည်ဟု မှော်ဘီနှင့် တိုက်ကြီး မြို့နယ်တို့၌ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲများ ပြုလုပ်ရာတွင် ပြောကြားသွားသည်။ (The Daily Eleven - ၁၁-၁၀-၂၀၁၅ နေ့ထုတ်)။
ထို့ပြင် မြန်မာနိုင်ငံ၌ အစိုးရက တာဝန်ယူ မလုပ်ဆောင်ခြင်းသည် ဒီမိုကရေစီ နိုင်ငံတစ်ခု မဟုတ်ခြင်းကြောင့်ဟုသာ ပြောကြားလိုသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည် ဆိုသည်။ မည်သို့ပင် ဝေဖန် သုံးသပ်နေစေဦး မကြာသေးမီကဘဲ လှိုင်မြို့နယ် ၁၃ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက ပြည်သူအတွက် အဆင်ပြေစေသည့် မဲစာရင်း တစ်ခုဖြစ်စေရန် သက်ဆိုင်ရာကော်မရှင်က ဆောင်ရွက်ပေးရ မည်ဟုပြောသည့်ပြင် မဲဆန္ဒရှင်များအား မဲမပေးချင်အောင် မလုပ်သင့်ကြောင်းလည်း ပြောသွားခဲ့သည်။(The Daily Eleven ၁၆-၉-၂၀၁၅ နေ့ထုတ်)။
နေပြည်တော်ရှိ ခရိုင်တစ်ခုတွင် တရားသူကြီးတစ်ဦး မမှန်မကန် တရားစီရင်ကာ လာဘ်စားမှု ဖြစ်ပေါ်သဖြင့် နှစ်ကြိမ်အထိ ဆန္ဒထုတ်ဖော် တိုင်ကြားသော်လည်း မည်သို့မျှ အကြောင်းမထူးသည့် ဖြစ်စဉ်တစ်ရပ်လည်း ရှိခဲ့သည်။
ချုပ်ရလျှင် ထုံကျဉ်ရသသည် အခြား ရသများနှင့် မတူဘဲ ဥပဒေဘောင် ကျော်လွန်ပြီး မတရားသဖြင့် ပြုလုပ်ခဲ့သမျှ၊ ကျူးလွန်ခဲ့သမျှသော အမှားများအတွက် အကာအကွယ်ပေးသည့် ထုံဆေး၏ ရသတစ်မျိုး ဖြစ်သည်ဟု ဆိုရပေမည်။ ဘဝတစ်ခုလုံး၊ မိသားစု တစ်ခုလုံးအား တိုင်းပြည်အတွက် အနစ်နာခံ ပေးဆပ်လာခဲ့ကာ သန္တရသ ငြိမ်းအေးခြင်း ရသကိုပင် ခံစားရန် အခွင့်အရေး မရှိသူတစ်ယောက်ကို ၁၀ ဘဝစာ ကိုယ်ကျိုးစီးပွားသာ ပြုလုပ်ပြီး ပြည်သူ့ဆန္ဒအား လျစ်လျူရှုကာ ထုံကျဉ်ရသကို မသိကျိုးကျွန် ခံစားနေသူ လူတစ်စုနှင့် နှိုင်းယှဉ်ရန် ဆိုသည်မှာ မနှိုင်းအပ်သည့် ကိစ္စတစ်ခုပင် ဖြစ်နေပါတော့သည်။










