သတိထားရမည့် မြန်မာပြည် ဒုတိယမုန်တိုင်း ရာသီ

သတိထားရမည့် မြန်မာပြည် ဒုတိယမုန်တိုင်း ရာသီ
Published 12 October 2015
မင်းချစ်နိုင်

မြန်မာပြည်သူတွေနဲ့ မုန်တိုင်း
၂၀၀၈ ခုနှစ်မှာ မြန်မာပြည်ကို ဝင်ရောက်ပြီး နောက်ပိုင်းမှ ပြည်သူတွေဟာ မုန်တိုင်းကို သတိထားရ ကောင်းမှန်း သိလာကြတာပါ။ အရင်ကဆို မုန်တိုင်းဆိုတာ ရခိုင်ကို ဝင်ရင်ဝင်၊ မဝင်ရင် အိန္ဒိယနဲ့ ဘင်္ဂလား ဒေ့ရှ်ကို ဝင်ရောက်နေကျ ဆိုတော့ မုန်တိုင်းကို ဘယ်သူကမှ ကြောက်စရာကောင်းတယ်လို့ မထင်ခဲ့ကြပါဘူး။ နာဂစ်မုန်တိုင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ မုန်တိုင်းဆိုတာ ကြောက်စရာကောင်းမှန်း သိလာပြီး မိုးဦးလေဦးရောက်လို့ မိုးကလေး တအုံ့အုံ့၊ လေကလေး တလှုပ်လှုပ်၊ လှိုင်းကလေး တငြိမ့်ငြိမ့် ဖြစ်လာပြီဆို တာနဲ့ ပြည်သူအများစုဟာ စိုးရိမ် ထိတ်လန့် နေတော့တယ်။ အထူးသဖြင့် တစ်ခါသေဖူးလို့ ပျဉ်ဖိုး နားလည် သွားကြတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွေက အဆိုးဆုံးပေါ့။
မုန်တိုင်းလို့တောင် မပြောရသေးဘူး။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပြီဆိုတာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြပြီ။ လေဖိအားနည်း ရပ်ဝန်းကနေ မုန်တိုင်းငယ်အဖြစ် စတင် ကူးပြောင်း သွားတယ်ဆိုတာနဲ့ ငါးဖမ်း မထွက်ကြတော့ဘူး။ ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့ဖို့ ကြံရွယ်နေကြပြီ။ သူတို့ တွေအဖြစ်က သတိထားတာထက် စိုးရိမ်စိတ် လွန်ကဲနေသလိုပါပဲ။ သတိထားတာ ကောင်းတယ် ဆိုပေမယ့် စိုးရိမ်မှု လွန်ကဲတာတော့ မကောင်းပါဘူး။ လူတွေက မုန်တိုင်းသတင်းကြောင့် ငါးဖမ်း မထွက်ကြတော့သလို တခြား အလုပ်ခွင်တွေဆီ မသွား ဖြစ်ကြတော့တဲ့အတွက် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစု ဘဝတွေရဲ့ စားရေးသောက်ရေး အခက်အခဲ ကြုံတွေ့သွားရနိုင်ပါတယ်။ တချို့က ပြောင်းဖို့ရွှေ့ဖို့ ပြင်ဆင်တာတွေ၊ ပြောင်းရွှေ့ကြတာတွေကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဖြစ်ကြရပါတယ်။
ဒါ့အပြင် နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ မုန်တိုင်းနဲ့ ပတ်သက်တဲ့ ကောလဟလတွေ အမျိုး စုံကိုလည်း ကြားလာရပြီး ပြည်သူတွေဟာ ကျီးလန့်စာစား နေရတဲ့အဖြစ်မျိုး ဖြစ်နေခဲ့ရပါတယ်။ ဥပမာ- ည ၁၂ နာရီမှာ နာဂစ်ထက် ပြင်းတဲ့မုန်တိုင်းကြီး ရန်ကုန်ကို ဝင်တော့မယ်။ ရေတွေ တက်တော့မယ်စသဖြင့် ထိတ်ထိတ်ပျာပျာ ဖြစ်စေတဲ့ ကောလဟလတွေကြောင့် ပြည်သူတွေ အအိပ်ပျက် အစားပျက် ဖြစ်ခဲ့ရတယ်။  အဲဒီအချိန်မှာ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသလို ဝိသမ လောဘသား စီးပွားရေး သမားတွေက ကုန်ပစ္စည်းတွေကို ပါးစပ်ထဲ ရှိတဲ့ဈေးနဲ့  ရောင်းတာတွေ လုပ်လာကြတယ်။ ပြည်သူတွေကလည်း မုန်တိုင်း ဝင်မယ်ဆိုတော့ ရိက္ခာစုထားတဲ့အနေနဲ့ ဘာမှ ကွန်ပလိန်း မတက်ဘဲ ရောင်းတဲ့ဈေးနဲ့ ဝယ်တာတွေကို တွေ့နေရပါတယ်။ အဲဒါတွေ မြင်နေ ကြားနေရတော့ ကျွန်တော် တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမဲ့လည်း ပြည်သူကို အပြစ် မတင်ရက်ပါဘူး။ ဘာကြောင့်လဲဆိုရင် နာဂစ် မုန်တိုင်းတုန်းက သူတို့ မျက်စိအောက်မှာတင် ပြည်သူ တစ်သိန်းကျော်နဲ့ ဘဝပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရတာ မဟုတ်လား။ နာဂစ်ဖြစ်ပြီး နောက်ပိုင်း ပြည်သူတွေဟာ မိုးလေဝသ သတင်းတွေကို ပိုမိုဂရုစိုက် နားထောင်လာကြပေမယ့် စိုးရိမ်မှု တော်တော် လွန်ကဲနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်က မုန်တိုင်းနဲ့ပတ်သက်ပြီး ပြည်သူတွေ အသေးစိတ် သိရအောင် ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေးဝမြို့နယ် ကျီကုန်းအုပ်စု ဖောင်ကူးကျေးရွာတွင်  တောင်ကျချောင်း ရေကျဆင်းကာ နေအိမ်များ ပြောင်းရွှေ့နေသည်ကို အောက်တိုဘာလ ဒုတိယအပတ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
မုန်တိုင်းဆိုတာ ဘာလဲ
မုန်တိုင်းဆိုတာ ကမ္ဘာ့ မြောက်ခြမ်း ဒေသတွေမှာ ဖြစ်ပေါ်တဲ့ လေဖိအားနည်း ရပ်ဝန်းအတွင်း နာရီလက်တံ ပြောင်းပြန် လည်ပတ်ပြီး ပြင်းပြင်းထန်ထန် ဝေ့ဝိုက် တိုက်ခတ်နေတဲ့ လေစိုင်ဝဲကြီး တစ်ခုဖြစ်ပါတယ်။ အဲဒီ လေစိုင်ဝဲကြီးက မိုးတိမ်တိုက်ကြီးတွေ စုစည်းပြီး အချင်းဝက် မိုင် ၅၀ ကနေ မိုင် ၅၀၀ထိ ကျယ်ဝန်း တတ်သလို ရေမျက်နှာပြင် အမြင့်ပေ ၄၀၀၀၀ ခန့်ထိ ထုထည် ကြီးမားနိုင်ပါတယ်။ ဒါကြောင့် မုန်တိုင်းဆိုတာကို ဖျက်အား အလွန်ကြီးမားတဲ့ သဘာဝဘေး တစ်ခုလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။
မုန်တိုင်းဖြစ်ပေါ်ဖို့ ဘာတွေ လိုအပ်သလဲ
မုန်တိုင်းတစ်ခု ဖြစ်ပေါ်ဖို့ဆိုရင် ကြီးမားကျယ်ပြန့်တဲ့ ရေပြင်ကျယ်ရှိပြီး အဲဒီရေပြင်ရဲ့ မျက်နှာပြင် အပူချိန်ဟာ တဖြည်းဖြည်း မြင့်တက်နေဖို့လိုပါတယ်။ ရေမျက်နှာပြင် အပူချိန်ဟာ ၂၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထက် မြင့်တက်လာတဲ့အခါ လေဖိအားနည်းရပ်ဝန်းက အင်အားမြင့်တက်လာပြီး မုန်တိုင်းငယ် ဖြစ်သွားပါတယ်။ မုန်တိုင်းငယ်ကနေ ဆိုင်ကလုံးမုန်တိုင်း၊ ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်ပေါ်ပြီး အဲဒီကတစ်ဆင့် အင်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို စိစိညက်ညက်ကျေအောင် ဝင်ရောက် ရမ်းကားသွားတဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဟာ တောင်မြောက် အချင်းမိုင် ၂၂၅ မိုင်၊ အရှေ့အနောက် အချင်းမိုင် ၂၉၀ မိုင် အင်အားနဲ့ ဟိုင်းကြီးကျွန်းကနေ စတင် ဝင်ရောက်ခဲ့တာပါ။ လေတိုက်နှုန်း တစ်နာရီမိုင် ၁၅၀ နှုန်းရှိတဲ့အတွက် မုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ရသလို ပျက်စီးဆုံးရှုံးမှု တန်ဖိုးကလည်း ထရီလျံအထိ ရှိခဲ့ပါတယ်။
မုန်တိုင်းဖြစ်ရင် ဘာတွေ ဖြစ်ပေါ်တတ်သလဲ
မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီဆိုရင် လေတိုက်နှုန်းက တစ်နာရီ မိုင် ၃၀ ကနေ မိုင် ၁၅၀ ထိ တိုက်ခတ် တတ်ပါတယ်။ ထူထပ်တဲ့ တိမ်တိုက်ကြီးတွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းတတ်သလို မုန်တိုင်းဒီရေဟာလည်း မုန်တိုင်းနဲ့အတူ ဖြစ်ပေါ်ပြီး အမြင့်၂၅ ပေထိ မြင့်တက် နိုင်ပါတယ်။ အဲဒီ မုန်တိုင်းဒီရေဟာ ပင်လယ် ကမ်းစပ်ကနေ မြစ်ချောင်းတွေအတွင်းကို အရှိန်ပြင်းပြင်းနဲ့ ဝင်လာတတ်ပြီး ကမ်းစပ်ကနေ မိုင် ၃၀ လောက် ဝေးတဲ့နေရာထိ ရောက်ရှိနိုင်ပါတယ်။ လှိုင်းလုံးကြီးတွေကို ဖြစ်ပေါ်စေတဲ့ မုန်တိုင်းဒီရေဟာ မျှခြေစနစ်ကြောင့် ၃ နာရီကျော် အချိန်အတွင်း ပင်လယ်ပြင်ဆီကို ပြန်ဆင်းတဲ့အခါ လူ၊ တိရစ္ဆာန်၊ သစ်ပင်၊ အဆောက်အအုံတွေကိုပါ ဆွဲယူ ခေါ်ဆောင် သွားလေ့ရှိပါတယ်။ နာဂစ် မုန်တိုင်း ဖြစ်တုန်းကလည်း မုန်တိုင်း ဒီရေကြောင့်သာ ပင်လယ်ပြင်ဟာ လူသေ အလောင်းတွေနဲ့ ရုပ်ဆိုး အကျည်းတန်ခဲ့ရတာပါ။ ရိုးရိုးမုန်တိုင်းပဲ တိုက်မယ်ဆိုရင် နေအိမ်အဆောက်အအုံတွေ ပြိုပျက် သွားစေ နိုင်တာကလွဲပြီး လူတွေ၊ တိရစ္ဆာန်တွေ ဒီလောက်ထိ ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ မုန်တိုင်း ဒီရေကြောင့်သာ ထိခိုက် ပျက်စီးမှုတွေ များပြားခဲ့ရတာပါ။ ဒါကြောင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်ပြီဆိုရင် မုန်တိုင်းဒီရေကို အထူး သတိထားရပါမယ်။ မုန်တိုင်းဒီရေဟာ မုန်တိုင်း ဦးတည်ရွေ့လျားရာ အရပ်ရဲ့ လက်ယာဘက်မှာ ဖြစ်ပေါ် လေ့ရှိတဲ့အတွက် မုန်တိုင်း ဦးတည်ရာအရပ်မှာ နေထိုင်တဲ့သူတွေဟာ အချိန်မီ ကြိုတင်ကာကွယ်မှုတွေ၊ မုန်တိုင်းရှောင်တာတွေကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်သင့်ပါတယ်။
မုန်တိုင်းတွေရဲ့ ရာဇဝင်
ကမ္ဘာပေါ်မှာ နှစ်စဉ် အပူပိုင်း မုန်တိုင်းတွေ အကြိမ် ၈၀ ကျော် ဖြစ်ပေါ်လေ့ ရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အရေအတွက်ကတော့ ဘင်္ဂလား ပင်လယ်အော်မှာ ပျှမ်းမျှ တစ်နှစ် ၁၀ ကြိမ်နဲ့ တောင်တရုတ် ပင်လယ်မှာ တစ်နှစ် ၂၉ ကြိမ်နှုန်း ဖြစ်ပေါ်တဲ့တွက် တစ်ကမ္ဘာလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ၁၈၇၇ ခုနှစ်ကစပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အထိ ၁၃၇ နှစ်အတွင်း ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းပေါင်း ၁၃၁၀ လုံး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီမုန်တိုင်းတွေထဲက မြန်မာပြည်ကို ၈၅ လုံး ဝင်ရောက်ခဲ့တဲ့အတွက် ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် ခြောက်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်ဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိ ယတို့ထက်စာရင် မုန်တိုင်းအန္တရာယ် တော်တော် နည်းပါးပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲလာမှုကြောင့် မုန်တိုင်းတွေဟာ ၂၀၀၆ ခုနှစ်ကစပြီး နှစ်စဉ် မြန်မာပြည်ထဲကို ဝင်ရောက် နေခဲ့ပါတယ်။
မုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော်မှာ စတင် ဖြစ်ပေါ်လေ့ရှိပြီး ဧပြီ၊ မေ (မိုးကြိုကာလ) နဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာ (မိုးလွန်ကာလ) တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ များသောအားဖြင့် မုန်တိုင်း ဖြစ်ပေါ်ပြီဆိုရင် မြောက်အရပ်၊ အနောက်မြောက်အရပ်တွေဆီ ဦးတည် ရွေ့လျားတတ်ပါတယ်။ တစ်ခါတလေ အရှေ့မြောက်အရပ်ဆီကို ဦးတည် ရွေ့လျားတတ်ပြီး အဲဒီရွေ့လျားမှုက မြန်မာနိုင်ငံအတွက် မုန်တိုင်း ဝင်ရောက်မှု ဖြစ်စေတတ်ပါတယ်။ မုန်တိုင်းတွေဟာ မြန်မာပြည်ထဲကို မိုးကြိုကာလမှာ ၄၉ ရာ ခိုင်နှုန်း၊ မိုးလွန်ကာလမှာ ၄၇ ရာခိုင်နှုန်း ဝင်ရောက်လေ့ ရှိပါတယ်။ ဘင်္ဂလား ပင်လယ်အော်မှာ အရင်က မုန်တိုင်း ၁၀လုံး ဖြစ်ပေါ်လေ့ ရှိပေမယ့် အခုနောက်ပိုင်း ခြောက်လုံးပဲ ဖြစ်ပေါ်တော့တယ်။ နောက်ပြီး ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်း ခြောက်ရာခိုင်နှုန်း မြန်မာပြည်ကို ဝင်တဲ့အတွက် ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နေတဲ့ ကာလဟာ မိုးကြိုနဲ့ မိုးလွန်ကာလ ဖြစ်နေရင်တော့ မြန်မာပြည် အနေနဲ့ သတိထားရပါမယ်။ 
နောက်သတိထားစရာတစ်ခုက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပေါ်နေလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတင်းကို ထုတ်ပြန် ကြေညာတဲ့အခါ မြန်မာပြည်အတွက် အန္တရာယ် မရှိနိုင်တဲ့ မုန်တိုင်းတွေဆိုရင် မုန်တိုင်းသတင်းလို့ အမည်တပ် ကြေညာပြီး မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိနိုင်တဲ့ မုန်တိုင်းတွေဆိုရင် မုန်တိုင်းသတိပေးချက်လို့ အမည်တပ် ကြေညာပါတယ်။ ဒါကြောင့် ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နေလို့ မိုးလေဝသဌာနက မုန်တိုင်း သတင်းလို့ ကြေညာရင် သိပ်ဂရုစိုက်စရာ မလိုပါဘူး။ မုန်တိုင်း သတိပေးချက်လို့ ကြေညာရင်တော့ မဖြစ်မနေ ဂရုစိုက်ရပါမယ်။ မုန်တိုင်း သတိပေးချက်တွေကို စဉ်ဆက်မပြတ် နားထောင်ပြီး ကြိုတင်ပြင်ဆင် ထားစရာရှိတာတွေကို ကြိုတင် ပြင်ဆင်ထားရပါမယ်။ နောက်ပြီး မုန်တိုင်းသတိပေးချက်တွေအပေါ် သံသယဝင်ခြင်း၊ မယုံမကြည် ဖြစ်ခြင်းတွေမရှိဘဲ မိုးလေဝသဌာနက ထုတ်ပြန်တဲ့ သတိပေးချက်တွေအပေါ် ဒေသခံအာဏာပိုင်တွေရဲ့ လမ်းညွှန်မှုနဲ့အတူ တိတိကျကျ လိုက်နာဆောင်ရွက်ကြရမယ်။
မြန်မာပြည်ရဲ့ ဒုတိယမုန်တိုင်းရာသီ
အခုကာလဟာ မြန်မာပြည်ရဲ့ ဒုတိယ မုန်တိုင်းရာသီ ဖြစ်ပါတယ်။ ဒုတိယမုန်တိုင်း ရာသီတွေထဲမှာမှ  အခုအောက်တိုဘာလဟာ မုန်တိုင်းအန္တရာယ် အရှိဆုံးလို့ မုန်တိုင်းမှတ်တမ်းတွေအရ ပြောနိုင်ပါတယ်။ ဒါကြောင့် မုန်တိုင်းအန္တရာယ်ကို သတိထားဖို့ လိုပါတယ်။ လက်ရှိ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်ခုလည်း ဖြစ်ပေါ်နေတာကြောင့် အထူးသတိထားရပါမယ်။ ဒါ့ကြောင့် အခုကာလမှာ မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်း ထုတ်ပြန်ချက်တွေကို စဉ်ဆက်မပြတ် ဂရုတစိုက် နားထောင်ပြီး သက်ဆိုင်ရာဌာနတွေရဲ့ လမ်းညွှန်မှုတွေအတိုင်း လိုက်နာ ဆောင်ရွက်ရပါမယ်။ မုန်တိုင်းနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေအတွက်လည်း မုန်တိုင်းနဲ့ပတ်သက်တဲ့ အသိတွေရှိဖို့ လိုပါမယ်။ အသိရှိမှ သတိ ထားနိုင်ကြမှာ ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာ မြန်မာပြည်ထဲကို မဝင်ရင်တောင် မုန်တိုင်းအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတတ်ပါတယ်။ မုန်တိုင်း ဒုတိယရာသီဟာ မြန်မာပြည်တောင်သူတွေရဲ့ စပါးတွေ ရင့်မှည့်ချိန် ရိတ်သိမ်းချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ နောက်တစ်ခုက အောက်တိုဘာ၊ နိုဝင်ဘာလတွေဟာ မြန်မာပြည်ရဲ့ ဒုတိယရေကြီး ရာသီလည်းဖြစ် တဲ့အတွက် မုန်တိုင်း မိုးတွေကြောင့် ရေကြီးမှု အန္တရာယ်ကို ပိုမို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့ကြောင့် အခုမိုးလွန် ကာလ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)မှာ မုန်တိုင်းအန္တရာယ်အပြင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ ရေကြီးခြင်းတွေကို ရင်ဆိုင်ကြုံတွေ့ ရနိုင်တဲ့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ အစီအမံကောင်းတွေကို ကြိုတင်စီမံ ဆောင်ရွက် ထားသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

Most Read

Most Recent