၂၀၁၅ အလွန်

၂၀၁၅ အလွန်
Published 11 October 2015
ဒေါက်တာခင်မောင်ညို

ခုအပတ် စာနယ်ဇင်းနဲ့ ပတ်သက်ပြီး ပြောသွားပါမယ်။
“ဒီဆောင်းပါး အဆုံးသတ်လေးမှာ အတော်ဆော်လိုက်တာပဲ”
“ဒီဂျာနယ်ကတော့ တကယ် ဆော်တာ ဗျာ” စတာတွေကို ကြားနေရတယ်။
အချို့ကလည်း “ခင်ဗျားတို့ လွတ်လွတ်လပ်လပ် ရေးခွင့်ရတာ ဒီအစိုးရကို ကျေးဇူးတင်ဖို့ ကောင်းတယ်။ တကယ်တော့ အရင်ခေတ်က ဒီလိုရေးလို့ မရဘူး”
သူတို့ပြောတာတွေကို ခင်ဗျားတို့လည်း ကြားဖူးမှာပါ။ ဒီလိုပြောတာတွေကို မှန်တယ်လို့ပဲ ယူဆနေကြမှာပါ။ ကျေးဇူးတင်ထိုက်ရဲ့လား။ တစ်ခါတစ်ခါလည်း အပြင်ဘက် ထွက်ကာ တွေးကြည့်ရအောင်။ (Think outside the box) ဆိုတာမျိုးပါ။ ကျွန်တော်တို့ဟာ အတွင်းကာ Mindset တွေနဲ့ မွှန်းကျပ် ခံစားနေရတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို ပြင်ပ လူတစ်ယောက်အနေနဲ့ ကြည့်ဖို့ပါပဲ။

ပထမအချက်ကတော့ ကျွန်တော်တို့ဟာ အုပ်ချုပ်သူတွေ မတော်မတရား လုပ်နေတာတွေကို ပြည်သူသိအောင် ဖော်ပြတာပါ။ ဒါဟာလည်း အုပ်ချုပ်သူတွေ နစ်နာသွားစေချင်တဲ့ စေတနာတွေ မပါဘူး။ စာရေးတဲ့ လူတွေဟာ နှလုံးသား လှကြပါတယ်။ စာရေးတဲ့ သူတွေဟာ ဉာဏ်အတော်အသင့် ကောင်းပါတယ်။ စီးပွားရေး မလုပ်တတ်လို့ စာရေးတာ မဟုတ်ဘူး။ ပိုက်ဆံလိုချင်လို့ စာရေးတာ မဟုတ်ပါဘူး။ တိုင်းပြည်မှာ မှန်မှန်ကန်ကန် လုပ်ကြဖို့ ရေးကြတာပါ။ အခွင့်အာဏာကို သုံးပြီး မမှန်မကန် လုပ်တာကို မလိုလားလို့ပါ။ သူတို့ မမှန်တာတွေ လုပ်လာတာကို ရေးရတာပါ။ ဒီလိုရေးနိုင်ဖို့ သတင်း အချက် အလက်တွေကို အာဏာမရှိဘဲ ရှာဖွေရတာ အင်မတန် ခက်တယ်။ သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး အဖမ်းခံ ထောင်ချခံရတဲ့ ယူနတီ ဂျာနယ် ဂျာနယ်လစ် အဖွဲ့သားများကို ကိုယ်ချင်းစာမိလို့ပါ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စာနယ်ဇင်းကောင်စီ အစည်းအဝေးတစ်ခုကို ဆီဒိုးနား ဟိုတယ်မှာ သွားတက်ပါတယ်။ အဲဒီမှာ သူတို့က စာနယ်ဇင်းဆရာတွေရဲ့ ကျင့်ဝတ် (Ethic)နဲ့ပတ်သက်ပြီး အဓိကထား ပြောသွားပါတယ်။ ဒါလည်း ကောင်းပါတယ်။ အတွင်းရေးမှူးလုပ်သူက ကျွန်တော်တို့ငယ်ငယ်က ကျောင်းမှာ သင်ရတဲ့ ‘ကျောင်း၌ ယဉ်ကျေးခြင်း၊ အစားစားရာ၌ ယဉ်ကျေးခြင်း’လို လိုမျိုးကို ပြောခဲ့ပါတယ်။
သူပြောတာက ‘ကျွန်တော် ခုလို အစည်း အဝေးလာတာ တိုက်ပုံအင်္ကျီ ဝတ်လာတယ်၊ ဒါက အရေးကြီးတယ်ဗျ’တဲ့။ သူပြောစဉ်မှာပဲ ဝင်ရောက်လာတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် တစ်ဦးက တိုက်ပုံမဝတ်ဘဲ ခန်းမထဲကို ဝင်လာတာကို တွေ့ရတယ်။ ဒါ အရေးမပါပါဘူး။ ဒါပေမဲ့ ဦးဆောင်သူတွေ ရှေ့နောက်ညီအောင် ပြောဆို လုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။ကျွန်တော့်စကား ဆက်ရပါဦးမယ်။ ဆွေးနွေးတဲ့ ကဏ္ဍရောက်တော့ ကျွန်တော်က သတင်းရယူမှု လွတ်လပ်ခွင့် (Freedom for the right of information) ကို တင်ပြပါတယ်။ အမေရိကန်လို နိုင်ငံမှာ သမ္မတက လက်မှတ်ထိုး အတည်ပြုပေးတာကို ပြောပြပါတယ်။ ဒါပေမဲ့ ဒါကို သူတို့ အရေးယူ လုပ်ဆောင်တာကို မတွေ့ရဘူး။ Agenda ထဲမှာ ထည့်ထားတာတောင် မတွေ့ခဲ့ရဘူး။ (သူတို့လုပ်ချင်တာ သူတို့လုပ်တာပါပဲ)
သူတို့က သတင်းစာ၊ ဂျာနယ် အစောင်စောင်ထဲမှာ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)ဆိုပြီး ကြေညာချက်တွေ ထည့်တယ်။ သုံးချက်ပါတယ်။
■       သင်ဖတ်နေသော သတင်းများသည် မှားယွင်းသော ဖော်ပြချက်တွေလား
■      သင်ဖတ်နေသော သတင်းများသည် မခိုင်မာသော ကိုးကားချက်တွေ ထည့်သွင်းထားသလား
■      မီဒီယာမှာ ဖော်ပြမှုကြောင့် သင်၏ သိက္ခာ ထိခိုက်နေပါသလား
ဆိုပြီးနောက်ကနေ Question Mark(?)တွေ ထည့်ထားတယ်။ အမှန်တော့ Question Mark(?) တွေဟာ မြန်မာစာမှာ မသုံးပါ။ သုံးလို့ ရတော့လည်း ရပါတယ်။ သို့သော် မြန်မာစာရဲ့သိက္ခာကိုတော့ ထိခိုက်တာ အမှန် ပါပဲ။ သူတို့ လုပ်သင့်တာကတော့ (မလုပ်လည်း ရပါတယ်) စာနယ်ဇင်းများ၏ အခက် အခဲများကို ဖြေရှင်းပေးရေး၊ အစိုးရနှင့် စာနယ်ဇင်း အကြား နာလည်မှု ကွဲလွဲခြင်း ပဋိပက္ခများ ဖြစ်ခြင်း စသော ပြဿနာများကို ညှိနှိုင်းပေးရေး၊ စာနယ်ဇင်း အချင်းချင်း ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းပေးရေး၊ စာနယ်ဇင်းနှင့် ပြည်သူအကြား နာလည်မှု ကွဲလွဲခြင်း သိက္ခာ ထိခိုက်စေသော အရေးအသား စသည့် ပြဿနာများကို ညှိနှိုင်းပေးရေးတို့ ဖြစ်တယ်။
တကယ်တော့ စာနယ်ဇင်း ကောင်စီဟာ စာနယ်ဇင်းများကို ကူညီရေးအတွက် အဓိကကျတဲ့ အဖွဲ့အစည်းလို့ ယုံကြည်တယ်။ ဒီတော့ သတင်းအမှန်တွေကို ဌာနဆိုင်ရာတွေက ရယူခွင့် (Freedom fot the right of information)တို့ကို လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းအဖြစ်  နေရာမှန်တွင် ရှိစေချင်ပါတယ်။
■  
လွတ်လွတ်လပ်လပ် ရေးခွင့်ရတာကို ကျေးဇူးတင်ဖို့ ကောင်းတာကို လက်ခံပါတယ်။ ကျွန်တော်တို့ဟာ အခြေခံဥပဒေပုဒ်မ ၃၅၄ (က)အရ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်ရှိပါတယ်။ ဒါကိုဖောက်ဖျက်ရင်တော့ အခြေခံ ဥပဒေကို ဖောက်ဖျက်တာပါပဲ။
ဒီအချက်တွေဟာ ကျွန်တော်တို့ကို မှန်မှန်ကန်ကန်နဲ့ ရေးသားစေတဲ့ အချက်တွေပဲပေါ့။ ပြီးခဲ့တဲ့ရက်တွေက ဆရာ မာန်သူရှိန် ရေးတဲ့ ‘တစ်ပြည်လုံး စုံးစုံးမြုပ်အောင် နှစ်နေ ကြသလား’ဆိုတဲ့ဆောင်းပါးဆိုရင် သတင်းအချက်အလက်တွေချည်း သက်သက်လို့ ပြောရမယ်။ ဒါပေမဲ့ မိတ်ဆွေဖြစ်သူ ကိုဘသစ်ကတောင် ‘အတော်ဆော်တာပဲ’လို့ ပြောပါတယ်။
“ကိုဘသစ်ရေ၊ ဒါဟာ ‘ဆော်’ တာမဟုတ်ပါဘူး။ ဒီဆောင်းပါး ရေးတဲ့ အကြောင်းအရာတွေကို ဖတ်ကြည့်ရုံနဲ့ သူရဲ့ရည်ရွယ်ချက်ကို  သိနိုင်ပါတယ်”
“ခင်ဗျား ယူဆချက်ကို ပြောပါဦး”
“ဒီအချက်အလက်တွေဟာ တစ်စုံတစ်ယောက်ကို နစ်နာစေချင်တဲ့ စေတနာနဲ့ ရေးတာ မဟုတ်ဘူး။ လက်ရှိဖြစ်နေတာကို Data အပြည့်အစုံနဲ့ တင်ပြတာပဲ၊ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတာကို ခင်ဗျားလည်း သိပါတယ်”
“တစ်ကမ္ဘာလုံး ဖြစ်နေတာပဲလေ”
“တစ်ကမ္ဘာလုံးက သူ့ကိစ္စပေါ့ဗျာ၊ ကျွန်တော်တို့မှာ ဖြစ်တာကို ခင်ဗျားလည်း သိမှာပါပဲ။ ဒီနှစ် ဇွန်လကနေ သြဂုတ်လအထိ ရေကြီးရေလျှံမှုတွေ ဖြစ်တယ်။  တိုင်းဒေသကြီးနဲ့ ပြည်နယ်လေးခုမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ရတယ်။ တကယ်လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခု၊ ၁၂ ခုလောက်မှာ အတော်လေး ထိခိုက်ခဲ့တယ်”
“မြစ်ရေကြီးတာကတော့ မြစ်ရှိရင် ရေကြီးတာပဲပေါ့”
“မှန်ပါတယ်။ ဒီတစ်ခေါက်က မြစ်ရေကြီးတာ အတော်ဆိုးတယ်။ ကလေးလိုဆိုရင် မြစ်နဲ့ဝေးတာပဲ၊ ဆည်တွေက ရေလျှံတာလို့ ပြောတယ်။ စေတုတ္တရာ တစ်ဝိုက်ဆိုလည်း မြစ်နဲ့ အဝေးကြီးပဲ။ ထားပါတော့ ဒါတွေကို ကျွန်တော် ပြောလိုတာ မဟုတ်ဘူး။မြစ်ရေတွေဟာ နောက်ကျိပြီး ရွှံ့တွေ ညွှန်တွေ နုန်းတွေပါတယ်။ အင်မတန်များတဲ့ နုန်းတွေ ညွန်တွေဟာ လယ်တွေမှာ တင်ကျန်ခဲ့တယ်”
“မှန်ပါတယ်၊ ကျွန်တော်လည်း ရေလွှမ်းခဲ့တယ်။ လယ်တွေ တော်တော်များများ ရောက်တယ်။ လယ်ဧက သန်းချီ ပျက်စီးတယ်လို့ ဖတ်ရတယ်”
“ဒါဟာ သစ်ခုတ်တာနဲ့ ဆက်စပ်နေတယ်”
“ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ သစ်တော ဖုံးလွှမ်းတဲ့ဧရိယာဟာ ၂၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်လို့ ရေးထားတာကို ဖတ်လိုက်ရတယ်”
“သစ်တောဌာနကတော့ ရွက်ပွင့်တော အပါအဝင် ရာခိုင်နှုန်း ၄၀ လောက်တော့ ကျန်သေးတယ် ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံဟာ စာရင်းဇယား အင်မတန် မသေချာတဲ့ နိုင်ငံမဟုတ်လား”
“ခင်ဗျား မဲစာရင်းကို စောင်းပြော နေတာလား”
“စောင်းပြောစရာ မလိုပါဘူး။ တိုက်ဆိုင်မှုရှိလည်း ခွင့်လွှတ်ပါဗျာ။ လူဆိုတာ ကိုယ်မဟုတ်တာ တစ်ခုခု လုပ်ထားမိရင် ဘာပြောပြော ကိုယ့်ကို စောင်းပြောနေတယ် ထင်တာပဲ”
“အေးဗျာ၊ ဒီမှာ စာရင်းဇယားကိုကြည့်ရင် ၂၀၁၅ မှာ ထုတ်တဲ့ သစ်လုံးတန်ချိန် ၇ ဒသမ ၃ သိန်း၊ စုစုပေါင်းငါးနှစ်မှာ တန်ချိန် ၆၄ သိန်းကျော်ဆိုတာ တကယ်လည်း များတယ်လို့ ထင်တာပဲ”
“ဒါက တရားဝင် ထုတ်တာတွေပေါ့။ တရားမဝင်တာတွေ သစ်ခိုးတာတွေ အများကြီး ရှိသေးတယ်”
“ဟုတ်ပါပြီဗျာ၊ဒါကို ရေးပြတာ အစိုးရကို ဆော်တာ မဟုတ်လား”
“မဟုတ်ရပါဘူးဗျာ၊ ကျွန်တော်တို့ ပြည်သူတွေမှာ တာဝန်ရှိတယ်။ အမေရိကန် သမ္မတဟောင်း ရုဇဗဲ့က ပြောတာလိုမျိုးပေါ့။ ပြည်သူတွေဟာ အစိုးရ ဘာလုပ်ပေးတယ်ဆိုတာကို မစောင့်ပဲနဲ့ မိမိက အစိုးရကို ဘာလုပ်ပေးမလဲ ဆိုတာကို လုပ်ပါ ဆိုတာမျိုးလိုပေါ့။ ပြည်သူတွေဟာ အစိုးရကို ကူညီတာပဲလေ။ ဒါတော့ မှားနေတယ်။ ဒါလေးတွေကို ပြုပြင်နိုင်တယ်။ စတာတွေပေါ့၊ သစ်ပင်တွေ မရှိလို့ဖြစ်ရတယ် ဆိုရင် သစ်ပင်တွေ စိုက်ရမှာပေါ့”
“ဒါပေမဲ့ သစ်လုံးတန်ချိန် ၆၄ သိန်းဆိုတော့ ပြုပြင်ဖို့ သစ်ပင်ပေါင်း အနည်ဆုံး သိန်း ၇၀ လောက် စိုက်ရမှာပေါ့”
“ဒါတွေ ရှင်သန်အောင် ပျိုးထောင်ဖို့လည်း လိုသေးတယ်”
“ဆရာညိုရေ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး Development ကိုသွားနေတာ ပြဿနာ ရှိနိုင်သလားလို့ စဉ်းစားနေတယ်”
“ဒီမိုကရေစီ လမ်းကြောင်းကို သွားတဲ့အခါ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး Development ကို ဦးစားပေးတယ်ဆိုပြီး ကားတွေ နင်းကန်သွင်းပြီး လိုရာခရီး မရောက်တာတွေ တွေ့နေရပြီလေ။  စက်ရုံတွေ ဆောက်ဦးမယ်။ ဒါတွေ ကို တိုးတက်မှုလို့ ထင်နေကြတာကိုး၊ တကယ်တော့ တိုးတက်မှုဆိုတာ လူတိုင်း စိတ်ချမ်းသာ ပျော်ရွှင်ရေးပဲ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းပြီး ဝင်ငွေ (GDP) တိုးတက်တာထက် တိုးတက်တာထက် ဘူတန်နိုင်ငံတို့လို ပျော်ရွှင်ချမ်းသာမှု GNH(Gross National Happiness) တိုးတက်အောင် ဆောင်ရွက်ရင် မကောင်းဘူးလား”
“ကိုဘသစ်လည်း မဲဆွယ် တရားဟောနေတာကိုး၊ သမ္မတရုဇဗဲ့ ပြောသလိုပေါ့၊ အစိုးရက မလုပ်လည်း ပြည်သူက လုပ်ကြရမှာပေါ့”
“ရေဘေးဒုက္ခအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးတွေမှာ ပြည်သူတွေ ပါဝင်ကူညီတယ်လေ”
“ဒီတခေါက် ပရဟိတ လုပ်ငန်းတွေမှာ မြန်မာဟာ ကမ္ဘာက သြချလောက်အောင် လုပ်ပြခဲ့တယ်။ ဒီစိတ်ဓာတ်တွေဟာ နာဂစ်တုန်းက ထွက်ပေါ်ခဲ့ပေမယ့် အရိုက်ချိုး ခံခဲ့ရတယ်။ ဒါပေမဲ့ မပျောက်မပျက် သွားပါဘူး။ပရဟိတ မြန်မာ ပထမလို့ စကားတောင် ပေါ်လာတယ်”
“ကျွန်တော်တို့တတွေ ဒီလို အသိစိတ်ဓာတ်နဲ့ သဘာ၀ ပတ်ဝန်းကျင် စောင့်ရှောက်ပြီး ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် တည်ထောင်ရင် မကောင်းပေဘူးလား”
“၂၀၁၅ အလွန်ပေါ့ဗျာ”

Most Read

Most Recent