ပဲခူးတိုင်း သုံးဆယ်မြို့နယ်မှ ပျောက်ဆုံးကျောင်းသူ လေးဦးအား တိုက်ကြီးမြို့နယ်အတွင်း ပြန်လည်တွေ့ရှိ

ပဲခူးတိုင်း သုံးဆယ်မြို့နယ်မှ ပျောက်ဆုံးကျောင်းသူ လေးဦးအား တိုက်ကြီးမြို့နယ်အတွင်း ပြန်လည်တွေ့ရှိ
Published 10 October 2015
မြင့်သူ

ပဲခူးတိုင်းဒေသကြီး၊ သုံးဆယ်မြို့နယ်မှ ပျောက်ဆုံးနေကြောင်း တိုင်ချက် ဖွင့်ထားသည့် ကျောင်းသူ လေးဦးအား တိုက်ကြီးမြို့နယ်အတွင်း ပြန်လည် တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၉ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး၊ သုံးဆယ်မြို့၊ အနောက်ရိုးကြီး ရပ်ကွက်တွင် နေထိုင်သည့် နဝမတန်း ကျောင်းသူများဖြစ်သည့် မယမုံကိုကို၊ မဖြိုးသက်ပိုင်၊ မသိင်္ဂီမျိုးနှင့် ဆဋ္ဌမတန်း ကျောင်းသူ  မရွှန်းလဲ့ငြိမ်း တို့သည် ကျူရှင်တက်ရောက်ရန် စက်ဘီးဖြင့် ထွက်သွားရာမှ ပြန်လည် မရောက်လာကြောင်း၊ ထိုကြောင့် ၎င်းတို့၏ မိဘများက သုံးဆယ် ရဲစခန်းတွင် လူပျောက် လာရောက် တိုင်တန်းခဲ့သဖြင့် သုံးဆယ်နယ်မြေ ရဲစခန်းမှ လူပျောက် အမှတ်စဉ်(၂/၂၀၁၅) (၃/၂၀၁၅) (၄/၂၀၁၅) (၅/၂၀၁၅) တို့ဖြင့် အမှုဖွင့်လှစ်ကာ ရှာဖွေခဲ့ကြောင်း သိရသည်။ထို့သို့ ရှာဖွေရာမှ အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ စလူဝိုင်း ကျေးရွာအနီးရှိ ရာဘာစိုက်ခင်း ခြံစောင့်တစ်ဦးမှ တိုင်ချက်ဖွင့်ထားသည့် ကျောင်းသူလေးဦးကို ၎င်း၏ နေအိမ်၌ စောင့်ရှောက်ထားကြောင်း သုံးဆယ်ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။အဆိုပါ ကျောင်းသူ လေးဦးမှာ ကျူရှင်သို့ သွားရာမှ ကျူရှင်ပိတ်ထားသဖြင့် မြို့အတွင်း စက်ဘီးလှည့်လည် စီးနင်းခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ စလူဝိုင်း ကျေးရွာ၊ ရွှေဂူ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ မြရွှေဂူဘုရားသို့ ဘုရားသွားဖူးခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသူများ၏ ပြန်လည် ပြောကြားချက်များအရ သိရသည်။ယင်းသို့ စက်ဘီးဖြင့် မြရွှေဂူဘုရားသို့ သွားဖူးသည့် ကျောင်းသူလေးဦးသည် အိမ်ပြန်ချိန် နောက်ကျနေသဖြင့် ရွှေဂူကျောင်းထိုင် ဆရာတော်အား ညအိပ် တည်းခိုခွင့်ပြုရန် လျှောက်ထားခဲ့ရာ ဆရာတော်မှ ရာဘာခြံစောင့် ဇနီးမောင်နှံထံတွင် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခုနှစ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ဆယ်ကျော်သက် ကလေးငယ်များ ပျောက်ဆုံးမှု ပိုမိုများပြားလာလျက်ရှိကြောင်း ထိုသို့ ပျောက်ဆုံး နေသူများတွင် အသက် ၁၂ နှစ်မှ ၁ နှစ်အထိ ပါဝင်ကြပြီး ကျောင်းပညာ သင်ကြားနေသူများ ပါဝင်နေကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။မြောက်ဒဂုံ မြို့နယ်တွင် စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဆယ်တန်းကျောင်းသူ နှစ်ဦးဖြစ်သည့် မြောက်ဒဂုံမြို့ နယ်၊ (၄၅) ရပ်ကွက်၊ ဇော်ဂျီလမ်းနေ မနေခြည်လင်း (၁၅) နှစ်နှင့် မြောက်ဒဂုံမြို့နယ်၊ (၃၈) ရပ်ကွက်၊ အင်ကြင်းလမ်းနေ မနှင်းသဇင် (၁၇) နှစ်တို့ နှစ်ဦးသည် ကျူရှင်တက်ရောက်ရန် အတူထွက်သွားရာမှ ပြန်ရောက်လာခြင်း မရှိခဲ့သဖြင့် ရဲစခန်းတွင် လူပျောက်တိုင်တန်းကာ စုံစမ်းရှာဖွေ နေသော်လည်း ယနေ့ အချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း မြောက်ဒဂုံ မြို့မရဲစခန်းမှ သိရသည်။အလားတူ ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် စခန်းကြီး ကျေးရွာရှိ ဖားအောက်တောရကျောင်းရှိ ကိုရင် ခြောက်ပါးနှင့် ကျောင်းသား သုံးဦး စုစုပေါင်း ကိုးဦး စက်တင်ဘာ ၁၄ ရက်က ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ရာ ကိုရင် နှစ်ပါးကိုသာ စက်တင်ဘာ ၁၈ ရက်က ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက် တစ်ခု၌ ပြန်လည် တွေ့ရှိပြီး ကျန်သူများမှာ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်သဖြင့် လှည်းကူး မြို့မရဲစခန်းမှ လူပျောက် အမှတ်စဉ် ၁၃/၂၀၁၅ ဖြင့် အမှုဖွင့် စုံစမ်း ရှာဖွေလျှက်ရှိကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။စက်တင်ဘာ ၁၂ ရက်ကလည်း ဟဲဟိုးမြို့၊ ပုန်အင်း ကျေးရွာနေ ဟဲဟိုး အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက် ၁၇ နှစ်အရွယ် ဆယ်တန်း ကျောင်းသူ မအိဒုံနှင့် အသက် ၁၅ နှစ်အရွယ် ၉ တန်း ကျောင်းသူ မနှင်းမုံတို့မှာ ဘုန်းကြီးကျောင်း သွားမည်ဆိုကာ ထွက်သွားရာမှ ယနေ့အချိန်ထိ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ထိုသို့ ပျောက်ဆုံးနေသည့် ဆယ်ကျော်သက်အရွယ် ကလေးများအား တွေ့ရှိပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၀၁- ၂၁၇၅၀၂/၀၁-၂၁၇ ၅၀၃ သို့ ဆက်သွယ် ကူညီ အကြောင်းကြားပေးရန် ဖော်ပြထားပြီး ရန်ကုန်တွင် ဆယ်ကျော်သက် ကလေးငယ် စုစုပေါင်း ကိုးဦး ပျောက်ဆုံးလျှက် ရှိကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။