ပဉ္ဖလက်ကကြိုး၊ ကြက်ဥအရောင်တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၂)

ပဉ္ဖလက်ကကြိုး၊ ကြက်ဥအရောင်တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၂)
Published 10 October 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

စစ်အေးတိုက်ပွဲအတွင်း ကမ္ဘာ့နိုင်ငံကြီးများ၏ ရပ်တည်ချက်က အာရှ အာဖရိက လက်တင် အမေရိကတိုက်၊ ထွန်းသစ်စနိုင်ငံများ၊ ကိုလိုနီ နိုင်ငံငယ်များ၏ ကံကြမ္မာကို ပြဋ္ဌာန်း ခဲ့ကြပေသည်။
၁၉၇၀ စုလွန်နှစ်များတွင် အမေရိကန် ပြည်ထောင်စုက အာရှတစ်လွှား၌ ကွန်မြူနစ် ဆန့်ကျင်ရေး၊ စစ်အစိုးရများ၊ အာဏာရှင်များကို နန်းတင်သည်။ တရုတ်ပြည်က အဆိုပါ အစိုးရများကို ပုန်ကန် ခြားနားနေသူများကို လက်နက်တပ်ဆင်သည်။ “တော်လှန်ရေး ဗဟိုချက်မ” (Core of the Revolution)သဘောတရား ထုတ်ဖော်၍ တော်လှန်ရေးများကို သဘောတရားအရ ရုပ်ဝတ္ထုပစ္စည်းအရ ထောက်ပံ့သည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် လှုပ်ရှားနေသော လက်နက်ကိုင် အင်အားစုများသည် တရုတ်ထံမှ လက်နက်များ ရခဲ့သည်။ တစ်ချိန်တည်းတွင် နေတိုးက ဗိုလ်နေဝင်း အစိုးရကို ဂျီသရီး လက်နက်စက်ရုံ တည်ထောင်ပေးသည်။ ခြောက်လမ်းသွား လမ်းမကြီး ဖောက်လုပ်ရန် ကမ်းလှမ်းခဲ့သည်။ တရုတ်ပြည်၌ မော်စီတုံးနှင့် ချူအင်လိုင်းတို့ ကွယ်လွန်ပြီးနောက် ၁၉၈၀ ခုနှစ်များအတွင်း တိန့်ရှောင်ဖိန် ခေါင်းဆောင်မှု ပြန်လည် ရရှိလာသည့်အခါ ရပ်တည်ချက် ပြောင်းသွားသည်။
မဟာပစ္စည်းမဲ့ ယဉ်ကျေးမှု တော်လှန်ရေးကြီး ပြီးဆုံးကြောင်း ဟွကိုဖုံး လက်ထက်တွင် ကြေညာသည်။ တိန့်ရှောင်ဖိန်က မော်စီတုံးသည် ရာခိုင်နှုန်း ၆၀ မှန်၍ ရာခိုင်နှုန်း ၄၀ မှားသည်ဟု သုံးသပ်ခဲ့သည်။ သို့ဖြင့် တိန့်ရှောင်ဖိန်က ၎င်း၏ “ကြောင်ဖြူ ကြောင်မည်း ဝါဒ” (ကြောင်ဖြူခုပ်ခုပ်၊ ကြောင်မည်းခုပ်ခုပ် ကြွက်သေတာ အဓိက ဝါဒ) ဟူသော အယူအဆကို အကောင်အထည် ဖော်သည်။ မြန်မာနိုင်ငံမှ ရေဘူးပေါက်တာ မလိုချင်၊ ရေပါတာ လိုချင်သည်ဟူသည့် အတွေးအခေါ် အမျိုးအစား ဖြစ်သည်။ “လောပန်းဝါဒ” ငွေရလျှင် ဘာမဆို လုပ်မည်ဟူသော အတွေးအခေါ် အောင်ပွဲ ခံခဲ့သည်။ မော်စီတုံးက “ပစ္စည်းမဲ့ နိုင်ငံတကာဝါဒ” (Proletarian Internationalism) အရ ထောက်ခံ ကူညီခဲ့သော တော်လှန်ရေး ပါတီများကို ကပ်ပါးများ အဖြစ် ခါချသည်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးတွင် တရုတ်ပြည်သည် အဆက်ဆက်သော မြန်မာ စစ်အစိုးရများကို အခိုင်အမာ ထောက်ခံ ကာကွယ်သူ ဖြစ်လာသည်။ ကုလသမဂ္ဂ ဒဏ်ခတ်မှုများကို ဗီတိုသုံး၍ ထီးရိပ်မိုးပေးသည့် အကျိုးဆက်အဖြစ် မြန်မာ့ သယံဇာတများကို မြိုးမြိုးမြက်မြက် လက်ဝါးကြီး အုပ်ခွင့်ရခဲ့သည်။
တစ်ဖက်တွင် ဒီမိုကရေစီ အင်အားစုများကို “ဖောက်ပြန်သော အင်အားစု” (Reactionary Forces) အဖြစ် တံဆိပ်ကပ်ပြီး အနောက်အုပ်စု တပည့်များအဖြစ် သဘောထားခဲ့သည်။  မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုမှန်သမျှကို ပြည်တွင်းရေးအဖြစ် ကြေညာပြီး ဗြောင်မျက်ကွယ် ပြုခဲ့သည်။ ကုလသမဂ္ဂတွင် ဗီတိုအာဏာသုံး၍ စစ်အစိုးရကို အကာအကွယ် ပေးခဲ့သည်။ ပြည်သူလူထုအတွင်း စစ်အာဏာရှင် စနစ်နှင့်အတူ တရုတ် ဆန့်ကျင်ရေး ဒီရေကြီး မြင့်တက်လာခဲ့သည်။
၂၀၁၁ ခုနှစ် သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်တွင်လည်း တရုတ် မြန်မာ ဆက်ဆံရေး ပူနွေးနီးကပ်ဆဲ အစိုးရသစ်က တရုတ်ပြည်သို့ “မျက်နှာပြ”သွားသည်။ ထိုစဉ်က တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏ တရုတ်ပြည် လျှို့ဝှက်ခရီးစဉ် များသည်လည်း နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးပါခဲ့သည်။ ဗျူဟာမြောက် မဟာမိတ် ဆက်ဆံရေးဟု အမွှမ်းတင်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေး ပေါ်လစီပြောင်းသည်။ မြန်မာနိုင်ငံ စစ်အစိုးရကို ဒဏ်ခတ် ပိတ်ဆို့မှုအစား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မည်ဟူသည့် အာဆီယံ၏ "Constructive Engagement" အယူအဆကို အိုးသစ်၌ ပန်းဟောင်း စိုက်လိုက်ခြင်းပင် ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဆိုသည်များကို အားပေးသည်။ အနီးကပ် ဆက်ဆံရေး ထူထောင်သည်။ မြန်မာနိုင်ငံ စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် စတင်သုံးစွဲခဲ့သည့် “ဖြေလျှော့မှု” ဟူသည့် အသုံးကို သတိပြုပြီး အမေရိကန် ပြည်ထောင်စု ဘက်မှလည်း ဆုပေး ဒဏ်ပေး စနစ် (Carrot and stick Policy) ကျင့်သုံးမည်ဖြစ်ကြောင်း၊ ပိတ်ဆို့မှုများ အဆင့်ဆင့် လျှော့ချမည်ဖြစ်ကြောင်း နှစ်ခွ မျက်နှာပေါ်လစီ (Dual Faces Policy) မီးစိမ်းပြခဲ့သည်။
ဤအခြေအနေတွင် ဦးသိန်းစိန်အစိုးရက တရုတ်-မြန်မာ ဆက်ဆံရေး အရှိန် တုံ့ခနဲ ရပ်လိုက်ပြီး လှပစွာ လမ်းကြောင်း ကွေ့ချိုးလိုက်သည်။ မြစ်ဆုံစီမံကိန်းကို မိမိသက်တမ်းအတွင်း ရပ်ဆိုင်းမည်ဟု ထုတ်ပြန်ကြေညာ၍ တရုတ်ပြည် သြဇာကို အာခံပြလိုက်သည်။ နိုင်ငံတကာ မျက်နှာစာတွင် သမ္မတကြီးဦးသိန်းစိန်သည် ပြုပြင် ပြောင်းလဲရေးသမား၊ လစ်ဘရယ် ဒီမိုကရေစီ လိုလားသူ၊ စစ်အုပ်ချုပ်ရေး ဆုံးခန်းတိုင်ပေးသူအဖြစ် သြဘာ လက်ခုပ်သံများ တစ်ခဲနက် ပေါ်ပေါက်လာသည်။
ပြည်တွင်းတွင်လည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နောက်ပိုင်း၊ ဗိုလ်မှူးချုပ် ကျော်ဇောနှင့် ကာကွယ်ရေးဦးစီးချုပ် (ဟောင်း) ဗိုလ်ချုပ်ကြီး တင်ဦးမှအပ မည်သည့် စစ်ဗိုလ်ချုပ်မှ မရခဲ့ဖူးသည့် လူထု ထောက်ခံမှုနှင့် လေးလေးစားစား ချစ်ခင်မှုများ ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တိုင်းပြည်ကို ကယ်တင်မည့်သူဟု ယူဆ ယုံကြည်သူ အများအပြား ရှိလာခဲ့သည်။
အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့နှင့် မြန်မာနိုင်ငံသည် အလွန်နီးကပ်စွာ ဆက်ဆံမှုများ ရှိလာပြီး နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ အပြန်အလှန် လည်ပတ်သည့် ခရီးစဉ်များ ပေါ်ပေါက်လာသည်။ နောက်ပိုင်းတွင် နိုင်ငံတကာ မိသားစုက ဒေါ် အောင်ဆန်းစုကြည်ကိုပင် ကြားမခံတော့ဘဲ ဦးသိန်းစိန်အစိုးရနှင့် တိုက်ရိုက် အနီးကပ် ဆက်ဆံလာသည်။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ပြည်တွင်းဖြစ်ရပ်များ (လက်ပံတောင်း ကြေးနီစီမံကိန်း၊ ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ-ကူမင်း မီးရထားလမ်း) က တရုတ်ပြည်၏ စီးပွားရေးပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ မြန်မာ့သဘာ၀ ပတ်ဝန်းကျင်နှင့် သယံဇာတများကို ဖျက်ဆီးဖြုန်းတီးသူများ၊ ကုပ်သွေးစုပ်သူများအဖြစ် တရုတ်ကုမ္ပဏီများ၏ အတွင်းသရုပ် ပွင့်ကျလာခဲ့သည်။
အခြား တစ်ဖက်တွင်လည်း ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေသည့် တိုက်ပွဲကြီးများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။ ကေအိုင်အေ ဌာနချုပ် လိုင်ဇာနှင့် ခံစစ်ကြောင်း အချို့မှာ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် တည်ရှိခြင်း ဖြစ်သည်။ တရုတ် နယ်စပ်မျဉ်းတစ်လျှောက် တိုက်ပွဲများနှင့် ကချင်စစ်ရှောင် ဒုက္ခသည်များ ပြဿနာသည် တရုတ်အစိုးရကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ရှမ်းပြည်နယ် အတွင်းတွင်လည်း တပ်မတော်နှင့် အပစ်ရပ်အဖွဲ့များ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်လာသည်။ မြန်မာနိုင်ငံအစိုးရက ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂဝင် နိုင်ငံများနှင့် တိုးမြှင့် ပူးပေါင်း ဆောင်ရွက်လာသည်။ တရုတ် အရင်းအနှီးထက် သာလွန် ကောင်းမွန်သော “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ”ကို မြန်မာအစိုးရက ပိုမိုလိုလားကြောင်း ပွင့်ပွင့်လင်းလင်း ပြသ ဖိတ်ခေါ်ခဲ့သည်။
ဤအခြေအနေတွင် တရုတ်ပြည်ဘက်ကလည်း တုံ့ပြန်မှုများ ပြုလုပ်လာသည်။ ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များ၏ ခေါင်းဆောင်ဖြစ်သူ ဖုန်ကြားရှင်မှာ ၂၀၀၉ ခုနှစ်  “ဖုန်-ရန်-မုံ”  အရေးအခင်းအပြီး တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ မြန်မာစစ်အစိုးရက ၎င်းကို ဖမ်းဝရမ်း ထုတ်ထား၏။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဖုန်ကြားရှင်က တရုတ်နိုင်ငံပိုင် သတင်းဌာန (CCTV) နှင့် တွေ့ဆုံရာတွင် လက်လွတ် ဆုံးရှုံးခဲ့ရသော ကိုးကန့်ဒေသကို ပြန်တိုက်ယူမည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ ထို့နောက်တွင် ဖုန်ကြားရှင်က ၎င်းကြေညာခဲ့သည့်  အတိုင်း ၂၀၁၅ နှစ်ဆန်းတွင်  လောက်ကိုင် ဒေသ တိုက်ပွဲကြီးများ စတင်သည်။ ၂၀၁၅ ဖေဖော်ဝါရီတွင် အစိုးရတပ်များက လေကြောင်း ပစ်ကူများပါ အသုံးပြုပြီး လောက်ကိုင်ဒေသကို အရင်းအနှီး အကျအဆုံးများစွာ ပေးဆပ် တိုက်ခိုက်ခဲ့ရသည်။ အင်အား ၂၀၀၀ ကျော်သာရှိသော ကိုးကန့်သူပုန်များက ၎င်းတို့ထက် အဆမတန် အင်အားများပြားသော မြန်မာအစိုးရ ကြည်းကြောင်း၊ လေကြောင်း တပ်များကို ခုခံ ထားနိုင်သည်ဆိုခြင်းမှာ လက်ခံ ယုံကြည်ဖွယ် မရှိပါ။ မူးယစ်ဆေး ရောင်းချ ဖောက်ကားသူများ ဖြစ်သည်ဆိုသော ကိုးကန့်သူပုန်များသည် နေ့ချင်းညချင်း တိုက်ရည်ခိုက်ရည်နှင့် လက်နက်အင်အား အလွန် ကောင်းမွန်လာခြင်းမှာ သံသယဖြစ်ဖွယ် ကောင်းလှပါသည်။ နယ်စပ်ကိုကျော်၍ ကျည်ကျမှုများ အတွက်လည်း တရုတ်အစိုးရက အကြိမ်ကြိမ် ကန့်ကွက်ပြီး တင်းတင်းမာမာ သတိပေးမှုများ ရှိခဲ့သည်။
၂၀၁၅ နှစ်ဦးပိုင်၌ တရုတ်ပြည် ကွန်မြူနစ်ပါတီ၊ ဗဟို နိုင်ငံခြား ဆက်ဆံရေးဌာနက ထုတ်ဝေသည့် “ခေတ်ပြိုင်ကမ္ဘာ” (Contemporary world) မဂ္ဂဇင်း အတွဲ-၁၂ တွင် Guo Jiquang ၏ စာတမ်းငယ်ကို ဖော်ပြခဲ့ သည်။ Guo သည် လူမှုရေး သိပ္ပံကောလိပ်၊ အာရှပစိဖိတ်ဒေသနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာ သုတေသနရုံး (Asia, Pacific and Global Strategic Research Bureau)မှ သြဇာကြီးမားသည့် ပညာရှင် ဖြစ်သည်။ ယင်းစာတမ်းတွင် မြန်မာနိုင်ငံရေး အဓိက အင်အားစု (၃) ရပ်အဖြစ် စစ်တပ်၊ NLDနှင့် လူမျိုးစု လက်နက်ကိုင် အင်အားစုများကို ဖော်ပြခဲ့သည်။ ယခင်က စစ်တပ်ကို မဏ္ဍိုင်ပြု၍ ဗမာပြည် နိုင်ငံရေးကို စဉ်းစားခဲ့မှုမှ ခွဲထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လူမျိုးစု လက်နက်ကိုင်များကို ဂျိုကာ နှစ်ကောင် အဖြစ်  ပွဲထုတ်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါလှသည့် အခန်းကဏ္ဍကို အသိအမှတ်ပြု အမွှမ်းတင် ဖော်ပြခြင်းမှာ တရုတ်ပြည် နိုင်ငံခြားရေး ပေါ်လစီတွင် ထင်ရှားသည့် အလှည့်အပြောင်း ဖြစ်သည်။ လူမျိုးစု လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းရေး၊ သယံဇာတများ ညီညီမျှမျှ ခွဲဝေရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုသည် အမျိုးသား ရင်ကြားစေ့ရေး၏ အဓိက ဆက်ထုံးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းသည်ပင်လျှင် စစ်တပ် အကျိုးစီးပွားများနှင့် ထိပ်တိုက် တွေ့လျက်ရှိကြောင်း သုံးသပ် ပြထားသည်။ ထို့အပြင် ၂၀၁၅ ခုနှစ် မတ်လတွင် တရုတ်ပြည် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ အာဘော်ဖြစ်သော Global Times စာစောင်တွင် ဗမာပြည်နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ အခန်းကဏ္ဍ အလွန် အရေးကြီးကြောင်း၊ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးမှ တဖြည်းဖြည်း ဆုတ်ခွာပေးရမည် ဖြစ်ကြောင်း အတိအလင်း ရေးသားခဲ့သည်။
ယခုနှစ် ဇွန်လ ၁၀ ရက်တွင် ငါးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်ပြည်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို တရုတ် ကွန်မြူနစ် ခေါင်းဆောင်များက ကော်ဇောနီ ခင်း၍ ကြိုဆိုခဲ့ကြသည်။ တရုတ်ပြည်က အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှင်ကျီးပင်၊ ဝန်ကြီးချုပ် လီခဲ့ချန်း ယခင် နိုင်ငံခြားရေးဝန်ကြီးနှင့် ယခု နိုင်ငံတော်ကောင်စီဝင် ယန်ကျဲချီ၊ တရုတ်ပြည် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ ဝမ်ကျားရွှေ စသည့် ပါတီနှင့် အစိုးရထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် တရုတ်ပြည်က ခင်းကျင်းလေ့ရှိသည့် ကြယ်စင်စု ပွဲထွက် လူစာရင်းပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်ကို မြန်မာအစိုးရပိုင် သတင်းစာများက လုံးဝမဖော်ပြ အောင့်သက်သက် ဖြစ်နေဟန်ရှိသည်။ နိုင်ငံတကာ အကဲဖြတ် ပုဂ္ဂိုလ်များက ဤအခင်းအကျင်းမှာ တရုတ်ပြည်က မြန်မာစစ်အစိုးရကို အမေရိကန် ပြည်ထောင်စုနှင့် လိုသည်ထက် ပိုအနီးကပ် မဆက်ဆံရန် သတိပေးချက် ဖြစ်သည်ဟု ယူဆကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၄ ရက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဝန်ကြီးချုပ်တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးကာ မြန်မာ-တရုတ် အကျိုးစီးပွားများ ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ရန် နှစ်နိုင်ငံ ပူးတွဲ သတင်း ထုတ်ပြန်ချက် ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃ ရက်က  ကျင်းပခဲ့သည့် ကမ္ဘာ့ ဖက်ဆစ်စနစ် ဆန့်ကျင်မှု အောင်မြင်သည့် နှစ် (၇၀) ပြည့် အခမ်းအနားတွင် တွေ့ဆုံခဲ့ ကြခြင်းဖြစ်သည်။ သမ္မတ ရှင်ကြီးဖင်နှင့် သမ္မတဦးသိန်းစိန်တို့သည် နှစ်နိုင်ငံ အမြင်ချင်း ဖလှယ်ခဲ့ပြီး တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး၊ ပိုမို တိုးတက်ရေး၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကဏ္ဍပေါင်းစုံနှင့် ခင်မင်ရင်းနှီးစွာ အပြန်အလှန် ဖလှယ်ရေးတို့ အတွက် ဆွေးနွေးခဲ့ကြသည်။ တရုတ်သမ္မတနှင့် ဝန်ကြီးချုပ်တို့က တရုတ်-မြန်မာဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးကို ချီးကျူးခဲ့ကြပြီး၊ နှစ်နိုင်ငံစလုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်ကူညီမှုနှင့် အေးအတူပူအမျှ ရပ်တည်မှု အစဉ်အလာကို ဆက်လက် ကိုင်စွဲသွားရန် သမ္မတကြီး ဦးသိန်းစိန်နှင့် သဘောတူညီခဲ့ကြသည်။
 
ပဉ္ဖလက်ကကြိုး၊ ကြက်ဥအရောင်တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၁) ကို ဖတ်ရှူရန် >>>>>>>

Most Read

Most Recent