NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တိုက်ကြီး၊ မှော်ဘီနှင့် လှည်းကူးမြို့နယ်များသို့ မဲဆွယ်စည်းရုံးရေးခရီးစဉ် သွားရောက်မည်

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တိုက်ကြီး၊ မှော်ဘီနှင့် လှည်းကူးမြို့နယ်များသို့ မဲဆွယ်စည်းရုံးရေးခရီးစဉ် သွားရောက်မည်
Published 8 October 2015
ငြိမ်းကို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုက်ကြီး၊ မှော်ဘီနှင့် လှည်းကူးမြို့နယ်များသို့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ခရီးစဉ်သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မှော်ဘီမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၀ ရက်တွင် တိုက်ကြီး၊ မှော်ဘီမြို့များသို့ လာရောက်၍ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်ဟောပြောပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။
“ဟုတ်ပါတယ်။ ၁၀ ရက်နေ့ နံနက်ပိုင်း တိုက်ကြီးမှာ ဟောပြောပွဲ တစ်ပွဲပြောမယ်။ ပြီးရင် ခဏနားပြီး မှော်ဘီမှာ တစ်ပွဲထပ်ပြောမှာပါ။ တိုက်ကြီးမှာက ကုလားကုန်းရွာ ဆောက်လုပ်ရေးကွင်းမှာ ဟောပြောပွဲလုပ်မှာပါ” ဟု  ဦးအောင်ဝင်းက ပြောကြားသည်။
ထို့ပြင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၁ ရက်တွင်လည်း လှည်းကူးမြို့နယ်သို့ သွားရောက်၍  ဖောင်ကြီး၊ ရဲမွန်၊ လှည်းကူးမြို့များတွင် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ဟောပြောပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် NLD တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“၁၁ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီမှာ ဖောင်ကြီးမှာ ဟောပြောပွဲလုပ်မယ်။ ပြီးရင် ရဲမွန်မှာ နေ့လယ် ၁ နာရီခွဲမှာ ဟောပြောပွဲလုပ်မယ်။ ညနေပိုင်း ၃ နာရီမှာ လှည်းကူးမှာ နှုတ်ဆက်ပြီး ပြန်မယ်။ နှုတ်ဆက်ရင်းနဲ့ နည်းနည်းလေးတော့ ဟောပြောသွားမှာပါ” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်များသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက်တွင်လည်း ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အချို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
 

Most Read