နေပြည်တော် ကောင်စီနယ်မြေ သံတမန်ဇုန်တွင် ခင်ပွန်းဖြစ်သူကိုသတ်ပြီး ဇနီးသည်အား သားမယား ပြုကျင့်မှု ဖြစ်စဉ်မှ ကျူးလွန်သူအားလုံး ဖမ်းဆီးရမိ

နေပြည်တော် ကောင်စီနယ်မြေ သံတမန်ဇုန်တွင် ခင်ပွန်းဖြစ်သူကိုသတ်ပြီး ဇနီးသည်အား သားမယား ပြုကျင့်မှု ဖြစ်စဉ်မှ ကျူးလွန်သူအားလုံး ဖမ်းဆီးရမိ
Published 8 October 2015
နေရိုင်း၊ ဇေယျာထွန်း

နေပြည်တော် ကောင်စီနယ်မြေတွင် ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုးသတ်ပြီး ဇနီးဖြစ်သူအား သားမယား ပြုကျင့်မှု ဖြစ်စဉ်တွင် အမှုကျူးလွန်သူ တရားခံလေးဦးအား အောက်တိုဘာ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အမှုကျူးလွန်သူ လေးဦးအနက် အောက်တိုဘာ ၆ ရက်တွင် ကျူးလွန်သူ နှစ်ဦးဖြစ်သည့် အောင်ပိုင် (ခ) တင်အောင်မျိုး အသက် ၂၁ နှစ်နှင့်  ကျော်မောင် (ခ) ဇော်ဇော်အောင် အသက် ၁၉ နှစ်တို့အား ဖမ်းဆီးရမိ ခဲ့ပြီးနောက် နှစ်ရက်အကြာ အောက်တိုဘာ ၈ ရက်တွင် ထွက်ပြေး တိမ်းရှောင်နေသည့် မျိုးဇော်ဝင်း (ခ) ကိုမျိုး အသက် (၁၆) နှစ်နှင့် ဇော်လေး (ခ) ဇော်မျိုးသူတို့အား ၎င်းတို့၏ မိဘနှင့် ဦးလေးဖြစ်သူတို့က သက်ဆိုင်ရာ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အမှုကျူးလွန်တဲ့ တရားခံတွေကို ဒီနေ့မှာ အကုန်ဖမ်းဆီး ရမိပါပြီ” ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ဦးကိုကိုအောင်က ပြောကြားသည်။
စက်တင်ဘာ ၂၉ ရက် ည ၁၂ နာရီကျော် အချိန်တွင် အသက် ၁၆ နှစ် အရွယ်လင်မယား စုံတွဲမှာ လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာမှ နေပြည်တော်သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် Junction Centre အကျော်၌ လာလမ်းအတိုင်း ဆိုင်ကယ်ပြန်ကွေ့ရာ အမည်မသိ ဆိုင်ကယ်နှစ်စီး မောင်းနှင်သည့် လူလေးဦးနှင့် တွေ့ရှိပြီး ၎င်းတို့မှ ခြိမ်းခြောက်ပြောဆိုကာ လင်မယားစုံတွဲ စီးလာသည့် ဆိုင်ကယ်အား ဆိုင်ကယ် နှစ်စီးဖြင့်ညှပ်၍ ခေါ်ဆောင်သွားခဲ့ရာ Junction Centre နောက်ကျော် သံတမန်ဇုန် (B) လမ်း၊ လမ်းသွယ်အရောက်တွင် ဆိုင်ကယ်အား တွန်းလှဲခဲ့ပြီး ခင်ပွန်းဖြစ်သူအား အမည်မသိ လူနှစ်ဦးမှ ဆွဲခေါ်ကာ ဓားဖြင့်ထိုးခဲ့ကြပြီး ကျန်နှစ်ဦးမှ အမျိုးသမီး ဖြစ်သူအား သားမယား ပြုကျင့်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် တရားခံလေးဦးအား (ပ)၉၈/၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၇၆ ဖြင့် ဒက္ခိဏသီရိမြို့နယ် ပေါက်တောရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။