စမ်းချောင်းမြို့မ ရဲစခန်းရှေ့တွင် ညစ်ညမ်းစွာ ပြောဆိုပြုမူခြင်း၊ ဘာသာရေးဆိုင်ရာ ထိခိုက်ပြုမူခြင်းများ ပြုလုပ်ခဲ့သော အမျိုးသားတစ်ဦးအား ဘာသာ၊ သာသနာ ညှိုးနွမ်းစေမှု အပါအဝင် ပုဒ်မ ၄ ခုဖြင့် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက စမ်းချောင်းမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ ၎င်းအနေဖြင့် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို မမှတ်မိကြောင်း တရားခွင်၌ ထွက်ဆိုခဲ့သည်ဟု သိရသည်။
“ရှေ့နေမေးသမျှကို ဘာမှမသိဘူးလို့ပဲ ငြင်းနေတာ။ ခု ဘယ်ကိုရောက်နေလဲ ဆိုတော့လည်း လဝကရုံး ရောက်နေတာလို့ ဖြေတယ်။ အမှုစွဲခံရတာသိလား ဆိုတော့လည်း မသိဘူးတဲ့။ ကျူးလွန်ထားတဲ့ ပြစ်မှုတွေ သိလား ဆိုတော့လည်း မမှတ်မိဘူးတဲ့။ ဖြစ်စဉ် ဖြစ်တဲ့နေ့က သူကိုရိုက်ထားတဲ့ ဓာတ်ပုံတွေပြပြီး ဒါ ခင်ဗျားလားမေးတော့ ဟုတ်ပါတယ်လို့ ဖြေတယ်” ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ယင်းအမှုတွင် တရားလိုအဖြစ် စမ်းချောင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ်သန်းထိုက်က အမှုစွဲဆိုခြင်းဖြစ်ကာ လိုပြသက်သေ ၁၁ ဦးအထိ တရားရုံးသို့ တင်သွင်းခဲ့ပြီး သက်သေအားလုံး စစ်ဆေးပြီးပြီဖြစ်၍ ပြီးခဲ့သည့် ရုံးချိန်း၌ ပုဒ်မ ၄ ခုဖြင့် စွဲချက်တင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က သန်လျင်မြို့နယ်နေ ကိုခင်မောင်မြင့်သည် စမ်းချောင်းမြို့မ ရဲစခန်းရှေ့၌ ပတ်ဝန်းကျင်အား ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ ဘာသာရေးဆိုင်ရာ တံဆိပ်တစ်ခုအား ရိုင်းစိုင်းစွာ ပြုမူခြင်း၊ ၎င်းအား တားမြစ်သော ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ၊ ယင်းကဲ့သို့ ပြုမူနေခြင်းအတွက် ကိုခင်မောင်မြင့်အား ရဲတပ်ဖွဲ့ဝင်များမှ နံနက် ၉ နာရီခန့်တွင် ရဲစခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာ စိတ်ကျန်းမာရေး ချို့ယွင်းနေသည် ဆိုခြင်းကြောင့် စိတ်ကျန်းမာရေး ဆေးရုံကြီး (ရွာသာကြီး) သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကိုခင်မောင်မြင့်သည် ရဲစခန်းရှေ့တွင်ရှိစဉ် ရဲတပ်ဖွဲ့ဝင်များအား ပုဆိုးလှန်ပြပြီး ဘာသာရေးဆိုင်ရာ တံဆိပ်တစ်ခုအား မြေကြီးပေါ်တွင် ရေးခြစ်၍ ဖနောင့်ဖြင့် ပေါက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း စမ်းချောင်းမြို့မ ရဲစခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကိုခင်မောင်မြင့်အား အများပြည်သူ မကြားဝံ့မနာသာ ဆဲဆိုကြိမ်းမောင်းမှု၊ ဘာသာသာသနာ ညှိုးနွမ်းစေမှုတို့ကြောင့် ပုဒ်မ -၂၉၄၊ ပုဒ်မ - ၂၉၅၊ ပုဒ်မ -၂၉၅-(က)၊ ပုဒ်မ -၃၅၃ နှင့် ပုဒ်မ-၅၀၆ တို့ဖြင့် စမ်းချောင်းမြို့နယ် တရားရုံး၌ တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး စွဲချက်တင် အမိန့်ချရာ၌ ပုဒ်မ-၅၀၆ မှာ မပါတော့ဘဲ ပုဒ်မ ၄ ခုဖြင့်သာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ရဲစခန်းရှေ့တွင် ညစ်ညမ်းစွာ ပြောဆိုခြင်း၊ ဘာသာရေးဆိုင်ရာ ထိခိုက်ပြုမူခြင်းများ ပြုလုပ်ခဲ့သည့် အမျိုးသား တစ်ဦးအား သာသနာ ညှိုးနွမ်းစေမှု အပါအဝင် ပုဒ်မလေးခုဖြင့် ရုံးထုတ်ပြီး ၎င်းအနေဖြင့် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို မမှတ်မိကြောင်း တရားရုံး၌ ထွက်ဆို