ရန်ကင်း တောင်တက် လမ်းတွင် လာရောက် စွန့်ပစ်ထားသော အမျိုးသား အလောင်းမှာ ၇၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရ

ရန်ကင်း တောင်တက် လမ်းတွင် လာရောက် စွန့်ပစ်ထားသော အမျိုးသား အလောင်းမှာ ၇၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရ
Published 8 October 2015
ယဉ်မျိုးသွယ်

အောက်တိုဘာ ၆ ရက် နံနက်က  ပုသိမ်ကြီးမြို့နယ် ရန်ကင်း တောင်တက်လမ်းတွင် လာရောက် စွန့်ပစ်ထားသော အမျိုးသား အလောင်းမှာ ၇၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား မဟာအောင်မြေ မြို့နယ်တွင် နေထိုင်သည့် ဦးအောင်စိုး (ခ) အေးမင်းထွန်း ၃၉ နှစ် ဖြစ်ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
လာရောက် စွန့်ပစ်ထားသည့် အမျိုးသား အလောင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပုသိမ်ကြီး မြို့မရဲစခန်း အပါအဝင်ရပ်ကွက်၊ ကျေးရွာများတွင် ဓာတ်ပုံ ကပ်ဖြန့်ဝေခြင်းနှင့် အင်တာနက် စာမျက်နှာများတွင် ဖော်ပြခြင်း တို့ဖြင့် သေဆုံးသူကို စုံစမ်းနိုင်ရန် ပြုလုပ်ခဲ့ရာ ထိုနေ့ ည ၇ နာရီခန့်က သေဆုံးသူ၏ အစ်ကို ဖြစ်သူ ဦးညီညီအောင်မှ လာရောက်ကာ သူ၏ညီဖြစ်ကြောင်း ပုသိမ်ကြီး ရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့သည်ဟု သိရသည်။
သေဆုံးသူ ဦးအောင်စိုး(ခ) အေးမင်းထွန်းသည် ၇၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား မဟာအောင်မြေမြို့နယ်တွင် နေထိုင်ပြီး ဆိုင်ကယ် တက္ကစီ မောင်းသူ ဖြစ်ကြောင်း သေဆုံးသည့် နံနက်မတိုင်ခင် ညနေပိုင်းက ခရီးသည်တစ်ဦးကို တက္ကစီ လိုက်ပို့ပေးရာမှ အဆက်အသွယ် မရတော့ကြောင်း၊ ကိုင်ဆောင်သည့် ဖုန်းမှာလည်း စက်ပိတ်ထားကြောင်း၊ တရားခံ ဖမ်းမိနိုင်ရန် စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ညနေဘက် ခရီးသည် လိုက်ပို့ပြီးထဲက မနက်မှ သေတာ သိရတာလို့ သူ့အိမ်က ပြောတယ်။ သူစီးလာတဲ့ ဆိုင်ကယ်ကလည်း ပျောက်နေတယ်။ နောက်ပြီး သေဆုံးဒဏ်ရာတွေမှာ လည်ပင်းရိုး ကျိုးပြီး ခေါင်းဒဏ်ရာတွေအရ တစ်ဦးထက် ပိုတဲ့သူတွေက သတ်တယ်လို့ လောလောဆယ် ယူဆရတယ်။ သူဟာ ပြစ်မှုကျူးလွန်ဖူးခြင်း ရှိတဲ့သူမဟုတ်ပါဘူး”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီ ဝန်းကျင်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် အတက်လမ်း နံဘေး လမ်းဝဲဘက်တွင် Nanxiaing တံဆိပ်ပါ အလျား ၂ပေ၊ အနံ ၁ ပေ ၆ လက်မ၊ အမြင့် ၁၀ လက်မ ရှိသော အနက်ရောင် ဘီးတပ် ခရီးဆောင် အိတ်တစ်လုံးအတွင်း၌ အရပ်ငါးပေ၊ ခြောက်လက်မရှိ အသက် ၄၀ အရွယ်ခန့် သေဆုံးနေ သော အမျိုးသား တစ်ဦးအား တွေ့ရှိခဲ့သည်။ အဆိုပါ အလောင်းအား စစ်ဆေးခဲ့ရာ ဝဲချို စောင်းပေါက်ပြဲ၊ ဦးခေါင်းထိပ်/နှုတ်ခမ်းဖူးရောင် ဒဏ်ရာများ တွေ့ရှိရပြီး ခန္ဓာကိုယ်တွင် ဆေးမှင်ကြောင်များ ရေးထိုးထားကာ အဖြူနှင့် အနက် အဆင်းပါ ရှပ်အင်္ကျီလက်တို၊ အပြာနှင့် အဖြူရောင် အကွက်ကျဲ ပုဆိုးတို့ကို ဝတ်ဆင်ထားပြီး ဦးခေါင်း ဒဏ်ရာ မထွက်စေရန် ပုဆိုးတစ်ထည်ဖြင့် ပတ်ထားသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။