NCA လက်မှတ် ရေးထိုးရန် ပြင်ဆင်နေချိန်တွင် မတရားအသင်း ဥပဒေပုဒ်မဖြင့် ဖမ်းဆီးထားသော တိုင်းရင်းသားများ ရှိနေသေးသည့်အတွက် တိုင်းရင်းသားအချို့ ဆန္ဒပြ

NCA လက်မှတ် ရေးထိုးရန် ပြင်ဆင်နေချိန်တွင် မတရားအသင်း ဥပဒေပုဒ်မဖြင့် ဖမ်းဆီးထားသော တိုင်းရင်းသားများ ရှိနေသေးသည့်အတွက် တိုင်းရင်းသားအချို့ ဆန္ဒပြ
Published 7 October 2015
သက်မင်း၊ ပြည့်ဖြိုးအောင်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးရန် ပြင်ဆင်နေသည့် အချိန်တွင် မတရားအသင်း ဥပဒေပုဒ်မဖြင့် ဖမ်းဆီးထားသော တိုင်းရင်းသားများ ရှိနေသေးသည့်အတွက် တိုင်းရင်းသားများက အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။ မူလက မြန်မာငြိမ်းချမ်းရေး စင်တာရှေ့တွင် ဆန္ဒပြရန် ရည်ရွယ်ထားသော်လည်း သက်ဆိုင်ရာမှ ခွင့်မပြုသဖြင့် တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ ဟစ်တိုင်နေရာတွင်သာ တိုင်းရင်းသား ၁၀ ဦးခန့်မှာ ဆန္ဒပြခဲ့ရကြောင်း သိရသည်။ပြည်သူ့အကျိုးစီးပွားကို မဖော်ဆောင်နိုင်သော အစိုးရသည် ပြည်သူ့အစိုးရ မဟုတ်၊ ပြည်သူ့အကျိုးစီးပွားကို မကာကွယ် မစောင့်ရှောက်သော ဥပဒေပုဒ်မ ဟူသမျှ ဆန့်ကျင်ကြ၊ ငြိမ်းချမ်းရေးကို လိုလားတာ တိုင်းရင်းသားတွေပါ၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ နိုင်ငံရေး အကျဉ်းသားမှန်သမျှ ချက်ချင်းလွှတ်ဟု ရေးသားထားသော ဗွီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။“ဒီနေ့လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်မတို့ တိုင်းရင်းသားတွေကို စိန်ခေါ်ခြိမ်းခြောက်နေတဲ့ ပုဒ်မ ၁၇ (၁) ကို ပယ်ဖျက်ပေးဖို့ကို ဆန္ဒထုတ်ဖော်တာပါ။ အခုချိန်ကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အချိန်ဖြစ်တယ်။ NCA လက်မှတ်ထိုးမဲ့ကာလ ဖြစ်တဲ့အတွက် အနှစ် ၁၀၀ လောက် ရှိနေပြီးဖြစ်တဲ့ ပုဒ်မ ၁၇ (၁) က မရှိသင့်တော့ပါဘူး။ ကျွန်မတို့ ပြည်နယ်တွေမှာက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့က အလိုက်သင့်သလို ပေါင်းသင်းဆက်ဆံရတာတွေ ရှိတာပေါ့။ သူတို့ ရေတစ်ခွက်လောက် တောင်းသောက်ရင် ကျွန်မတို့ ရေတစ်ခွက် တိုက်ရပါတယ်။ ထမင်းတစ်နပ်လောက် စားမယ်ပြောရင် ထမင်းတစ်နပ်လောက် ကျွေးရပါတယ်။ သူတို့ ဈေးဝယ်ချင်တဲ့ဟာရှိရင် ဈေးရောင်းရပါတယ်။ ဒါကို အစိုးရက ကျွန်မတို့ တိုင်းရင်းသားတွေကို ပုဒ်မ ၁၇ (၁) မတရားအသင်း ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတာတွေ ရှိပါတယ်။ အဲလို ဖမ်းဆီးတဲ့အခါ တချို့ သေသွားတာတွေလည်း ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ကိုပါကြီးလို အဖြစ်မျိုးပေါ့။ ကိုပါကြီးကတော့ မီဒီယာလောကသား ဖြစ်တဲ့အတွက် ကမ္ဘာကပါ သိသွားတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေကတော့ မီဒီယာနဲ့ အဆက်အသွယ်လည်း ဘာလည်း မရှိတော့ ဒီအတိုင်း သေသွားကြရတဲ့ သူတွေလည်း ရှိပါတယ်” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ကချင်အမျိုးသမီး ဒေါ်နန်းမူခမ်းက ပြောကြားသည်။“အခုလက်ရှိ ကရင်ပြည်နယ် ဘားအံ တောင်ကလေး အကျဉ်းထောင်ထဲမှာလည်း ၈၈ ကရင်လူငယ်မျိုးဆက် ကျောင်းသားအစည်းအရုံးက ဥက္ကဋ္ဌ ဦးစောမောင်ကြီးနဲ့ တခြားရှစ်ဦးကိုလည်း ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခံထားပါတယ်။ ဒါကတော့ ရှမ်းမှာလည်း ရှိတယ်။ ရခိုင်မှာလည်း ရှိနေတယ်။ ဒီနေ့ အစိုးရကတော့ ပြောတယ်။ မတရားအသင်း ဆက်သွယ်တဲ့ ပုဒ်မနဲ့ စွဲထားတာ တစ်ယောက်မှ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တိုင်းရင်းသား ဒေသတွေမှာက ပုဒ်မ-၁၇(၁)နဲ့ အမှန်တိုင်း ဖြစ်နေတာပါ။ အဲဒီတော့ ကျွန်မ ပြောချင်တယ်။ ဒီအစိုးရ လိမ်နေတာလား။ မသိတာလား။ အောက်က သတင်းအမှန် မပေးတာလား။ ဒါတော့ မသိဘူး။ အဲဒီတော့ ကျွန်မတို့ အနေနဲ့ တိုင်းရင်းသား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ ဒီပုဒ်မ-၁၇(၁)ကို ဖြုတ်ပေးဖို့တောင်း ဆိုချင်ပါတယ်။ ဘားအံမှာဆိုရင် ၈၈ ကရင်မျိုးဆက်က ဥက္ကဋ္ဌ ဦးစောမောင်ကြီးနဲ့ အခြားရှစ်ဦးလည်း ဖမ်းဆီးခံထားရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ပြီး လတ်တလောတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့သာ လက်မှတ်ရေးထိုးမည်ဟု သိရသည်။

Most Read