အမိန့်ချမည့်နေ့တွင် မိကျောင်းကန် ပြည်သူတစ်ဦး လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့ပြီး ကျန် ၁၃ ဦးက ၎င်းတို့ ကိုယ်တိုင် အာမခံ ရုပ်သိမ်းခွင့်တောင်းကာ အဖမ်းခံ

အမိန့်ချမည့်နေ့တွင် မိကျောင်းကန် ပြည်သူတစ်ဦး လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့ပြီး ကျန် ၁၃ ဦးက ၎င်းတို့ ကိုယ်တိုင် အာမခံ ရုပ်သိမ်းခွင့်တောင်းကာ အဖမ်းခံ
Published 7 October 2015
ရှိုင်းလင်းအောင်

အမိန့်ချမည့်နေ့တွင် တရားစွဲခံထားရသည့် မိကျောင်းကန် ပြည်သူတစ်ဦး လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် တရားရုံးက ဖမ်းဝရမ်း ထုတ်ထားပြီး ကျန် ၁၃ ဦးက ၎င်းတို့ကိုယ်တိုင် ခံဝန်များကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း အောက်တိုဘာ ၇ ရက်က မိကျောင်းကန် ပြည်သူများထံက သိရသည်။
အဆိုပါ တရားစွဲဆိုခံထားရသည့် မိ ကျောင်းကန်ပြည်သူများသည် မူလက အာ မခံရထားခဲ့ပြီး အမိန့်ချမည့်နေ့၌ မိကျောင်း ကန်ပြည်သူတစ်ဦးဖြစ်သည့် ဦးဝင်းရွှေ (ခ)မောင်မောင်သည် တရားရုံးသို့ လာရောက် ခြင်းမရှိသဖြင့် ကျန် ၁၃ ဦးက၎င်းင်းတို့၏ ကိုယ် ပိုင်ခံဝန်များ အား ပြန်လည် ရုပ်သိမ်းပေးရန် ကျောက်တံတားမြို့နယ် တရားသူကြီးကို တင် ပြခဲ့သဖြင့် ခံဝန်ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
“၁၄ ဦးထဲက ဦးဝင်းရွှေခေါ်မောင်မောင်ကို ဖမ်းဝရမ်း ထုတ်တော့မယ်။ သူက သုံးချိန်းရှိပြီ ရုံးချိန်းကို မလာတာ။ တရားခံပြေးအဖြစ် ဖမ်းဝရမ်း ထုတ်ပြီးမှပဲ အမိန့်က ချလို့ရမယ်။ တရားခံ မစုံတဲ့အတွက် အမိန့်က ချလို့မရဘူး။ ကျန်တဲ့သူတွေက ကိုယ်ပိုင် ခံဝန်ကို ပြန်ရုပ်သိမ်း ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ ၁၃ ယောက်ထဲက တစ်ယောက်ယောက်က ရုံးချိန်း ထပ်မလာခဲ့ရင် တရားစီရင်ရေးကို အနှောင့်အယှက် ဖြစ်မှာဆိုးတဲ့အတွက် သူတို့ကိုယ်တိုင် ခံဝန်ကို ရုတ်သိမ်းခဲ့တာ။ တရားသူကြီးကလည်း ခွင့်ပြုတယ်။ အဲဒီတော့ ရမန်ယူတယ်။ အမိန့်ကတော့ မချသေးဘူး။နောက်တစ်ပတ်မှာလည်း ရမန်နဲ့ပဲ ရုံးထွက်လာမယ်။ ဖမ်းဝရမ်းက အပြီးအပြတ် ဖြစ်သွားပြီ ဆိုရင်တော့ အမိန့် ချလို့ရမှာပါ” ဟု မိကျောင်းကန် ပြည်သူများ၏ အကျိုးဆောင် ရှေ့နေဖြစ်သူ ဒေါ်သဇင်အေးက ပြောကြားသည်။
“သူတို့ထဲက တစ်ယောက်က အမိန့်ချမဲ့ ရုံးချိန်ကို မလာတော့ ကျန်တဲ့သူတွေက ကိုယ်တိုင်း အာမခံကို ရုပ်သိမ်းပေးဖို့  တရားသူကြီးကို တောင်းဆိုခဲ့တယ်။ အဲဒီ အတွက်ကြောင်းမို့ ဒီရုံးချိန်းပြီးတာနဲ့ သူတို့ ၁၃ ယောက်လုံးကို အင်းစိန်ထောင်ကို ပို့ရမှာပါ။ နောက် ရုံးချိန်းတွေလည်း အင်းစိန်ထောင် ကနေလာပြီး အမှုကို ရင်ဆိုင်ရမှာ” ဟု ကျောက်တံတား မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ကိုယ်ပိုင် ခံဝန် ပြန်လည် ရုပ်သိမ်းပေးရန်  စာ တင်ထားခဲ့သည့် မိကျောင်းကန် ပြည်သူ ၁၃ ဦးအား ကျောက်တံတား မြို့နယ် တရားသူကြီးက ၎င်းတို့အား ခံဝန် ရုပ်သိမ်းခြင်းကို ၁၃ ဦးစလုံး သဘောတူပါသလားဟု မေးမြန်းရာတွင် သဘောတူပါကြောင်း တရားခွင်အတွင်း ပြန်လည် ဖြေကြားခဲ့သည်။
မိကျောင်းကန် သပိတ်စခန်း ဖွင့် ပြည်သူများ၏ အကျိုးဆောင် ရှေ့နေဖြစ်သူ ဒေါ်သဇင်အေးက လသာမြို့နယ် စည်ပင်သာယာ တရားရုံးသို့သွား၍ မိကျောင်းကန် ပြည်သူများအတွက် ထောင်ထုတ်ဝရမ်းကို တရားသူကြီးထံ စာတင်ထားကြောင်း သိရသည်။
အဆိုပါအမှုအား ကျောက်တံတားမြို့နယ် တရားရုံးနှင့် လသာ စည်ပင်သာယာ တရားရုံးတို့က အောက်တိုဘာ ၁၄ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။