အက်ရှင် သရုပ်ဆောင် အာနိုးကို ဇူးရစ် ရုပ်ရှင်ပွဲတော်တွင် တစ်သက်တာ အောင်မြင်ဆု ချီးမြှင့်

အက်ရှင် သရုပ်ဆောင် အာနိုးကို ဇူးရစ် ရုပ်ရှင်ပွဲတော်တွင် တစ်သက်တာ အောင်မြင်ဆု ချီးမြှင့်
Published 3 October 2015

အက်ရှင် သရုပ်ဆောင် အာနိုးရှာဝါဇန်နက်ဂါသည် ရုပ်ရှင်နှင့် နိုင်ငံရေး နယ်ပယ်တွင် ဆယ်စုနှစ် လေးခုနီးပါး အကျိုးပြုခဲ့မှုများအတွက် ဆွစ်ဇာလန် နိုင်ငံတွင် ကျင်းပသည့် ဇူးရစ် ရုပ်ရှင်ပွဲတော်၌ အမြင့်ဆုံးဆုဖြစ်သည့် Golden Icon ဆုဖြင့် ဂုဏ်ပြုခံခဲ့သည်။အသက် ၂၀ အရွယ်တွင် မောင်စကြဝဋ္ဌာဘွဲ့ ရခဲ့သည့် ကာယဗလမောင်အဖြစ် လူသိများခဲ့သည့် အာနိုးသည် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ရိုက်ကူးခဲ့သည့်The Terminator ၊ Conan the Barbarian စသည့် ဇာတ်ကားများဖြင့် အက်ရှင်သရုပ်ဆောင် တစ်ဦးအဖြစ် အောင်မြင်ခဲ့သည်။ အာနိုးသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကို သက်တမ်း နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဇာတ်ကား ရိုက်ကူးမှုများကို ပြန်လည် စတင်ခဲ့သည်။“အနုပညာ လောကကို တစ်ကျော့ပြန် ဝင်လာရလို့ ပျော်ပါတယ်။ ဒီလိုပဲ အများပြည်သူတွေအတွက် အကျိုးပြု အလုပ်တွေ လုပ်ခဲ့ရတုန်းကလည်း ပျော်ပါတယ်” ဟု အသက် ၆၈ နှစ်အရွယ်ရှိ အာနိုးက ယင်းရုပ်ရှင်ပွဲတော်တွင် ပြောကြားခဲ့သည်။စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည့် (၁၁) ကြိမ်မြောက် ဇူးရစ် ရုပ်ရှင်ပွဲတော်တွင် အာနိုးက သူ၏ဇာတ်ကားသစ် Maggie ကို မိတ်ဆက်ပြသမည် ဖြစ်သည်။ အာနိုးသည် ယင်းဇာတ်ကားတွင် သေအံ့ဆဲဆဲ သမီးဖြစ်သူကို ပြုစု စောင့်ရှောက်ရန်အတွက် ရုန်းကန် လှုပ်ရှားနေရသည့် လယ်သမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။ရုပ်ရှင်မင်းသား၊ မင်းသမီးများ၏ တစ်သက်တာ အောင်မြင်မှုများအတွက် ပေးအပ်သည့် Golden Icon ဆုကို သရုပ်ဆောင် ဒိုင်အန်ကီတန်နှင့် မော်ဂန်ဖရီမန်းတို့လည်း ရရှိခဲ့ဖူးသည်။

Most Read

Most Recent