ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်ဘုံကျေးရွာသည် ရွာပြောင်းရွှေ့ရမည် ဆိုသော်လည်း ယနေ့အချိန်အထိ ရွှေ့ပြောင်းရမည့် မြေနေရာကို ကျေးရွာသားများ တိတိကျကျ သိရှိခြင်း မရှိသေးဟု သိရသည်။
“လိုင်ဘုံကျေးရွာက ရွှေ့ပြောင်းရပါမယ်။ ရွာရဲ့ဝန်းကျင်မှာ မြေတွေ ပြိုလာတော့ ကျေးရွာမှာ ဆက်နေဖို့ဆိုတာ မဖြစ်တော့ဘူး။ ခုဆိုရင်တောင် သွားတဲ့လမ်းက ဆိုင်ကယ်စီးဖြစ်ရုံလမ်းနဲ့ ခြေလျင်လမ်းပဲရှိတယ်။ ကျွန်တော်တို့ရွာကို အားလွယ်မှာ တချို့ပြောင်းကြမယ်။ ခိုင်ကမ်း (ကလေးမြို့နှင့် ချင်းပြည်နယ်အစပ်) ရွာမှာ တချို့ပြောင်းကြမယ်။ အနည်းခြင်းသော အိမ်ထောင်စုတွေက တီးတိန်မြို့ပေါ် ပြောင်းကြမယ်ပေါ့။ ကျွန်တော်တို့ရွာက ပြောင်းမယ် ဆိုပေမယ့် အခုအချိန်အထိ မြေနေရာက ဘယ်နားလေးလဲဆိုတာ ကျေးရွာသားတွေက တိတိကျကျ မသိကြသေးဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ဘာမှမပြောကြဘူး။ ဒီကနေ့တော့ ခိုင်ကမ်းကျေးရွာဘက်က မြေနေရာတွေကို သွားကြည့်မယ်လို့ လာခဲ့တာပါ” ဟု အောက်တိုဘာ ၁ ရက်တွင် မြေနေရာ ကြည့်ရန်အတွက် လာရောက်သော လိုင်ဘုံကျေးရွာသား တစ်ဦးက ပြောကြားသည်။
လိုင်ဘုံကျေးရွာသည် တီးတိန်မြို့နယ် အတွင်းတွင် တည်ရှိပြီး တီးတိန် - ကလေးမြို့ ကားလမ်းနံဘေးမှ ကနေဒီတောင်အောက်သို့ ဆင်းသွားရပြီး ကနေဒီ တောင်ခြေတွင်ရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်ဟု သိရှိရပါသည်။
“ကျွန်တော်တို့ အနေနဲ့က ရွာပြောင်းမယ်ဆိုရင် လွယ်လွယ်ပြောင်းလို့ ရတာမှ မဟုတ်တာ။ ပထမဆုံး လိုင်ဘုံကို ကားလမ်းပေါက်မှ ဖြစ်မယ်။ အိမ်တွေကိုဖျက်ပြီး ဘယ်လိုသယ်မလဲ။ ရွာမှာ ကျန်ရှိနေသေးတဲ့ စိုက်ခင်းတွေ၊ နွားနောက်တွေကို ဘယ်လိုလုပ်ထား ခဲ့ရမလဲ။ လနဲ့ချီပြီး လုပ်ရမယ့် လုပ်ငန်းတွေ။ အခုအချိန်အထိ ဘယ်နားပြောင်းရမယ်ဆိုတာ နေရာအတည်တကျ မရှိတော့ စိုးရိမ်တာပေါ့” ဟု လိုင်ဘုံကျေးရွာသား ဇမွမ်ကျင်းက ပြောကြားသည်။
ဒေသဆိုင်ရာ အာဏာပိုင်များကလည်း တီးတိန်မြို့နယ် ခိုင်ကမ်းကျေးရွာတွင် အိမ်ကွက်များ ချထားပေးရန် အတွက် မြေနေရာ ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်ဘုံကျေးရွာမှာ ရွှေ့ပြောင်းရမည် ဆိုသော်လည်း ယနေ့အထိ ရွှေ့ပြောင်းရမည့် မြေနေရာကို ရွာသားများ မသိရှိသေး









