စေတနာသာလျှင် ကံ

စေတနာသာလျှင် ကံ
Published 29 September 2015
ဘစံကောက်

စေတနာကို ‘ကံ’ လို့ ဘုရားက ဟောပါတယ်။ ဒီနေရာမှာ ဘုရားပြောတဲ့ စေတနာက ကိုယ်ပြုတဲ့ အမှုကြောင့် သူတစ်ပါးတွေ ချမ်းသာပါစေတော့လို့ ဉာဏ်နဲ့ဦးစီးပြီး ဆောင်ရွက်တဲ့အလုပ်ပါပဲ။ ဒါကြောင့် စေတနာ ကောင်းလျှင် ကံကောင်းတယ်၊ စေတနာ ဆိုးလျှင်လည်း ကံဆိုးတယ်လို့ ဆိုကြပေတာပေါ့။ ဒါပေမဲ့ စေတနာမှာလည်း အမျိုးမျိုး ကွဲပါသေးတယ်။ တချို့က တစ်ကြိမ်တစ်ခါမှ မမြင်ဘူး မတွေ့ဘူး။ နောင်လဲ ကိုယ်နဲ့ အကြောင်းဆုံစည်းဖို့ မရှိခဲ့သူတွေအပေါ်မှာ ဘယ်လို တုံ့ပြန်မှုမျိုးကိုမှ မမျှော်ကိုးဘဲ စိတ်ထဲက ဖြူဖြူစင်စင်နဲ့ ပေးတဲ့ အကူအညီ စေတနာမျိုးပါ။ တချို့လဲ ကိုယ်နဲ့ နှီးနွှယ် ပတ်သက်နေတဲ့ သူတွေအပေါ်မှာ ဒီလို စိတ်မျိုးထားပြီး ပြုတတ်ကြပါတယ်။ အင်မတန်မှ သန့်ရှင်းစင်ကြယ်တဲ့ စေတနာမျိုးပါ။ အဖြူ စေတနာ မျိုးပေါ့။
နောက် စေတနာ တစ်မျိုးကတော့ ပြုတုန်းကတော့ ဖြူစင်ပါတယ်။ ဒါပေမဲ့ နောင် ကိုယ်နဲ့ သူနဲ့ အခန့်မသင့်တဲ့အခါ ငါတော့ဖြင့် ဘယ်တုန်းက သူ့ကို ဘယ်လို ကျေးဇူး ပြုဖူးပါလျက်နဲ့ သူ့အလှည့်ကျတော့ ငါ့ကို ပြန်မကြည့်ဘူး စသဖြင့် တွေးပြီး စေတနာ ပျက်သွားတတ်တာမျိုးပါ။ ဒါကတော့ အဖြူအမည်း ရောတဲ့ စေတနာမျိုးလို့ ဆိုရမှာပါပဲ။ ဒီလိုပဲ စဦး ပထမ ကူညီတုန်းကတော့ အကြောင်းအမျိုးမျိုးအရ စေတနာ မပါသော်လည်း ကူညီလိုက်တာပါပဲ။ ဒါပေမဲ့ နောင်အလျဉ်းသင့်လို့ ပြန်ပြီး ဆင်ခြင်တဲ့အခါ ငါ့စေတနာကြောင့် သူ့မှာ အတော် ချမ်းသာသွားတာပဲလို့ တွေးပြီး ရင်ထဲမှာ ကိုယ်ပြုတဲ့ အမှုကြောင့် ကျေနပ် နှစ်သက် ပီတိ ဖြစ်နေရတာမျိုးကတော့ အမည်း၊ အဖြူရောတဲ့ စေတနာလို့ ဆိုနိုင်ပါတယ်။
နောက်ဆုံးပြောရမယ့် စေတနာကတော့ ပြုတုန်းကလည်း စေတနာ ရှိလို့မဟုတ်ပါဘူး။ ကိုယ့် အကျိုးစီးပွားအတွက် စေတနာ တကယ်မရှိသော်လည်း စေတနာ ရှိချင်ယောင်ဆောင်ပြီး ပေးခဲ့တဲ့ အကူအညီပါ။ နောင်လဲ ကိုယ်လိုချင်တဲ့ အကျိုးစီးပွားသည် လူတွေက ပြန်ပြီး မငဲ့ကွက်ဘူးဆိုရင် စိတ်ထဲ မှာတွေးပြီး တမြည့်မြည့်နဲ့ နာကြည်းနေတဲ့ သို့တည်းမဟုတ် ငါပြုမိတာ မှားပြီလို့ တွေးပြီး နောင်တရတတ်တဲ့ စေတနာမျိုးပါ။ အမည်းရောင် စေတနာလို့ ခေါ်ပါတယ်။
ဒါ့အပြင် ကိုယ်ပြုလုပ်တဲ့ စေတနာက အချိန်ကာလ သုံးမျိုးနဲ့ ဆက်နွှယ်ပြီး နေတတ်တာလဲ တွေ့ရပါတယ်။ ပုဗ္ဗ-မုဉ္ဇပရစေတနာရယ်လို့ မပြုမီ ရှေးဦး ကတည်းကပင် ကြိုတင် စိတ်ကူးပြီး ဝမ်းမြောက်နေတဲ့ စေတနာမျိုး ကိုတော့ ‘ပုဗ္ဗ’ စေတနာရယ်လို့ ခေါ်ပါတယ်။ ‘မုဉ္ဇ’ စေတနာကတော့ ပြုစဲ ပြုနေတုန်းမှာ ဝမ်းမြောက်ဝမ်းသာ ပီတိ ဖြစ်နေတာပါပဲ။ ‘အပရ’ စေတနာကတော့ ပြုပြီးသွားသော်လည်း ပြန်တွေးတိုင်း စိတ်ထဲမှာ ကျေနပ် ဝမ်းသာ ဖြစ်နေတဲ့ စေတနာမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီစေတနာ သုံးမျိုးနဲ့ ပြည့်စုံနေမှလည်း စေတနာဟာ ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ ဒီသုံးမျိုးအနက် တစ်မျိုးမျိုး ချို့ယွင်းနေမယ် ဆိုရင်တော့ စေတနာ ဆိုသော်ငြားလည်း အကျိုးပေးတဲ့အခါ အပြည့်အ၀ အကျိုးခံစားခွင့် မရနိုင်တော့ပါဘူး။
အမှန်တော့ စေတနာက စေ့ဆော်ခြင်း သဘောပါပဲ။ ဘယ်သူမဆို အမှုကိစ္စတစ်ခုကို ပြုတဲ့အခါ စိတ်ရဲ့ စေ့ဆော်မှု သဘောမပါဘဲနဲ့ ပြုလေ့မရှိပါဘူး။ စေ့ဆော်မှု အားကောင်း ပြင်းထန်တဲ့အခါ ပြုတဲ့ အမှုကိစ္စဟာ လည်း ထက်ထက်သန်သန်နဲ့ အကျိုးပြီးတဲ့ သဘောရှိသလို စေ့ဆော်မှုက အားနည်းပြီး နုံ့နဲ့ နေမယ် ဆိုရင်တော့လည်း ပြုသမျှ အမှုကိစ္စတွေဟာ အားနည်းတဲ့ သဘော အကျိုးစေ့စုံအောင် မပြီးတဲ့ သဘောရှိပါတယ်။
ကျွန်တော်ငယ်စဉ်က ဘုန်းကြီးကျောင်းမှာ အတော်ကြာကြာ နေခဲ့ရပါတယ်။ ကျောင်းမှာနေတဲ့ ကျောင်းသားတွေ ကိုရင်တွေထဲမှာ တချို့က စေတနာပါပြီး တချို့ ကိုရင်ကျောင်းသားတွေက စေတနာ မပါတာလဲ မကြာခဏလိုလို တွေ့ရတတ်ပါတယ်။ စေတနာပါတဲ့ ကိုရင်တွေ ကျောင်းသားတွေ တံမြက်လှည်း တဲ့အခါ အိုးခွက်ပန်းကန် ဆေးကြောတဲ့အခါ သူတို့ တံမြက်လှည်းခဲ့တဲ့ နေရာလေးတွေဟာ ပြောင်စင်ပြီး သပ်သပ်ရပ်ရပ်နဲ့ အင်မတန်မှ စိတ်ကြည်နူးစရာ ကောင်းပါတယ်။ သောက်ရေအိုးတွေ ဆိုလည်း ရေအပြည့်နဲ့ ပြောင်လက် သန့်ရှင်းပြီးနေတာပဲ။ ပန်းကန်ခွက်ယောက်တွေ သပိတ်တွေဆိုလည်း ဒီအတိုင်းပဲ။ အဲဒီ စေတနာမပါဘဲ တာဝန်အရ မလုပ်မဖြစ် လုပ်ရတယ်လု့ိ သဘောထားပြီး စိတ်မပါ့တပါနဲ့ လုပ်တဲ့ ကိုရင်တွေ ကျောင်းသားတွေ ဆိုရင်တော့ သူတို့ တံမြက်လှည်းတာလည်း မပြောင်ဘူး။ အမှိုက်တွေကလည်း ဟိုနားတစ်စ ဒီနားတစ်စနဲ့ ကြည့်မကောင်းဘူး။ ရေအိုးတွေထဲလည်း ရေက ပြည့်တဲ့အိုးက ပြည့် မပြည့်တဲ့အိုးက မပြည့်။ အဖုံးတွေ သောက်ရေခွက်တွေမှာလည်း ပြောင်ပြောင်စင်စင် မရှိလှဘူး။ အိုးဆေးရတယ်။ အဲဒီမှာ သတိထားမိတာ တစ်ခုက စေတနာနဲ့ အမြဲ သပ်သပ်ရပ်ရပ် လုပ်တတ်တဲ့ ကျောင်းသား ကိုရင်တွေက ရုပ်တွေလည်း ကြည်တယ်။ ကိုယ်အနေလည်း သန့်ကြတယ်။ သူတို့တွေက ဘဝမှာ သူတို့ထားတဲ့ စေတနာရဲ့ အကျိုးကြောင့် သူတို့ကို ကူညီချင်သူ ပေါတယ်။ လာဘ်လာဘလည်း ရွှင်ကြတယ်။ ဘယ်အရာကိုမှ စေတနာ မထားဘဲ ပြီးပြီးရော လုပ်တတ်တဲ့ ကိုရင်တွေ ကျောင်းသားတွေမှာတော့ သူတို့ရဲ့ အတွင်းစိတ်က ရုပ်မှာ ဖြစ်ပေါ်ပြီး ရုပ်တွေလည်း ကြည်ကြည်လင်လင် မရှိလှဘူး။ ကိုယ်အနေကတော့ ပြောမနေတဲ့တော့ သူတို့တွေဟာ လူတကာနဲ့ အမြဲ ပြဿနာ ဖြစ်နေတတ်တာမို့ ကူညီမယ့်လူလည်း ရှားတယ်။ လာဘ်လာဘကတော့ ရတဲ့အခါရ၊ မရတဲ့အခါမရ တာကများပါတယ်။
ဒါတွေကို မြင်ခဲ့တော့ ကိုယ်က ဘယ်နေရာမှာပဲ ရောက်ရောက် ဘယ်အလုပ်ကိုပဲ လုပ်လုပ်၊ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ၊ ကိုယ်က ရှောင်လွှဲလို့ မရတဲ့အခါ မဖြစ်မနေ လုပ်ရတော့မယ် ဆိုရင် စိတ်ကို ပြင်ရတယ်။ ငါကတော့ အမှန် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ လုပ်ကိုလုပ်ရတော့မယ်။ ရှောင်လို့ မရတော့ဘူး။ ဒီတော့ လုပ်ရတာချင်း အတူတူ စေတနာထားပြီး အကောင်းဆုံး ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ပြီး စိတ်ပါလက်ပါနဲ့ လုပ်ရတယ်။ အဲဒီလို လုပ်တော့ စိတ်လဲ ကြည်သွားတယ်။ လုပ်ရတာလည်း ပင်ပန်းသည် ဆိုစေဦးတော့ သိပ်ပြီး အပန်းကြီးလှတယ် မထင်တော့ဘူး။ အကောင်းဆုံးကတော့ ကိုယ့်ကိုလူတွေက အထင်မသေး ကြတော့ဘူး။ ဒီ့အရင်တုန်းကတော့ ကိုယ်မလုပ်ချင်ဘဲ မနေသာလို့ လုပ်ရရင် မျက်နှာကြီးက စူပုပ်နေတာပဲ။ စိတ်ကလည်း မရွှင်လန်းတော့ အလုပ်က လုပ်တောင် မလုပ်ရသေးဘူး ပင်ပန်းတယ်လို့ ထင်ပြီး လူက ယိုင်နေပြီး အဆိုးဆုံးကတော့ လုပ်လည်းလုပ်ရသေး မျက်နှာကောင်းလည်း မရဘူး။ ကြာတော့ စိတ်ကပုပ်ပြီး လူက ယုတ်ချင် လာတော့တာပဲ။
ခုနောက်ဆို ကိုယ်နဲ့ အနီးအနား ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက် အချင်းချင်းပဲ ဖြစ်စေ၊ ကိုယ့်ထက်ငယ်တဲ့ လူငယ်တွေကိုပဲ ဖြစ်စေ၊ ဘယ်အလုပ်ကိုပဲ ဖြစ်ဖြစ် စေတနာထားပြီး လုပ်ကြည့်ကြပါလို့ တိုက်တွန်းရတယ်။ လုပ်ရမယ့် အတူတူ စေတနာ ထားလိုက်တော့လဲ ကုသိုလ်ရတာပါပဲ။ ဒါနဲ့ပတ်သက်လို့ တစ်ခါက အင်မတန် ရင်းနှီးတဲ့ ဆရာတော်တစ်ပါးနဲ့ ထွေရာလေးပါး စကားပြောရင် ဆရာတော်က သူကြုံဖူးတဲ့ အဖြစ်အပျက်ကလေး တစ်ခု ပြောပြတာ နားထောင် ခဲ့ရသေးတယ်။
ဆရာတော်က ကျောင်းထိုင် ဆရာတော် တစ်ပါးပါ။ တစ်နေ့ သူ့ကျောင်းမှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝပြီး လူဝင်ဆံ့တဲ့ ဒကာတစ်ယောက်က အလှူတစ်ခု လာပြီး လုပ်တယ်။ မျက်နှာကြီးအလှူ ဆိုတော့ ကျွေးတာမွေးတာကလည်း အလျှံပယ်၊ လာလိုက်တဲ့ လူတွေဆိုတာကလည်း ဝုန်းခပ်နေတာပဲ။ များသောအားဖြင့် အထက်တန်းလွှာတွေ လာကြတာ များပါတယ်။ အလှူ့ဒကာ ဆိုတာလည်း ယောက်ယက်ခပ်နေတာပဲ။ ဟိုပြေးစီစဉ်လိုက် ဒီကိုပြန်လာပြီး စီမံလိုက်နဲ့ အငြိမ်ကို မနေရဘူး။ တရားနာတဲ့ တစ်ချိန်ပဲ ငြိမ်ငြိမ်သက်သက် တွေ့ရတယ်။ အလှူက အတော်လည်း အကုန်အကျခံပြီး လှူတာပါ။ ဒါနဲ့ အလှူပြီးတဲ့အခါ အဲဒီ ဒကာက ဆရာတော်ကို စကားလာပြောတယ်။ သူ့မျက်နှာက ပြုံးပြုံး ပြုံးပြုံးနဲ့ပါ ”ဆရာတော် ဘုရားတပည့်တော်ရဲ့ အလှူဟာ အကျိုးတရား ဘယ်လောက်များများ ရလိမ့်မယ်လို့ ဆရာတော် ထင်ပါသလဲ၊ ဘုရား” ဆိုပြီး လျှောက်တယ် ဆရာတော်ကလည်း ခပ်အေးအေးပဲ ပြန်ဖြေလိုက်ပါသတဲ့။ ဒကာကြီး စေတနာ ထားနိုင်သလောက် အကျိုးပေးပါလိမ့်မယ်” ဆိုတော့ ဒကာကြီးမျက်နှာက အပြုံးက ပျောက်ကွယ်သွားတယ်။ သူ့စိတ်ထင် “ဒါ လောက် အကုန်အကျခံထားတဲ့ အလှူကြီးပဲဥစ္စာ အကျိုးပေးကတော့ ပြောလို့တောင် ကုန်မှာမဟုတ်ပါဘူး။ ဒကာကြီးရယ်လို့” များ ဖြေစေချင်နေသလား မဆိုနိုင်ဘူးပေါ့လေ။
အမှန်တော့ ဆရာတော်ဖြေတဲ့ အဖြေက တရား နည်းလမ်းအတိုင်း ဖြေတဲ့ အဖြေပါပဲ။ ကိုယ်က အလှူအပေါ်မှာ အာရုံစိုက်ပြီး မမြဲတဲ့ ခန္ဓာအပေါ်မှာ သစ္စာဉာဏ် တင်လို့ နိဗ္ဗာန်ကို ရည်မှန်းမယ် ဆိုရင်တော့ ဒီအလှူ နိဗ္ဗာန် ချမ်းသာကို ပေးမှာပါ။ ဒီလိုမှမဟုတ်ဘဲ ဒီလင် ဒီမယား ဒီသား ဒီသမီးတွေနဲ့ လူ့ စည်းစိမ် နတ်စည်းစိမ် အကြိမ်ကြိမ် ခံစားချင်တယ်လို့ အာရုံပြုရင်လည်း လူစည်းစိမ် နတ်စည်းစိမ် ခံစားပြီး အဖန်ဖန် သေရပေဦးမယ် ပေါ့။ ဒီလိုမဟုတ်ပြန်လို့ အလှူထဲလည်း စိတ်က အာရုံမရှိ တောင်ပြေး ငါးရာနဲ့ ဗျာများပြီး ငါ့အလှူကို ဟိုလူမလာဘူး။ ဒီလူမလာဘူး။ လာပြန်တော့်လည်း ဟိုလူက စားရုံမစားဘဲ အိမ်သို့ သယ်သေးတယ်။ အကုန်အကျကလည်း များလိုက်တာ ဘယ့်နှယ် ညာ့နှယ် တွေးနေရင်တော့ မျက်လုံးမှိတ်ပြီး ခဲပေါက်သလို ဒီခဲက ရေထဲလည်း ကျချင်ကျမယ် ကုန်းပေါ်လဲ တင်ချင်တင်မယ်။ ခေါင်မိုးပေါ်လည်း ရောက်ချင်ရောက်မယ်။ ချောက်ထဲလည်း လိမ့်ချင်လိမ့်သွားမယ်။ ပရမ်းပတာ ဖြစ်ချင်ရာ ဖြစ်ပေတော့မှာပေါ့။
ဒါကြောင့် လှူတယ်၊ လှူတယ် ဆိုတိုင်းလည်း ဟုတ်လှပြီ ထင်လို့မရဘူး။ တချို့က ကိုယ့်အကျိုးစီးပွားကို မျှော်ပြီး လှူတာလည်း ရှိတယ်။ ကိုယ်က ဒီလိုလှူလိုက်ရင် ကိုယ့်အပေါ် လူတွေက အကောင်းမြင်လာမယ်။ ဒါဆို ကိုယ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ခုတော့ သူတို့က ပြန်ပြီး ပေးမှာပဲလို့ မျှော်ပြီး လှူတာမျိုးကတော့ စေတနာ သဘောကို ညံ့နေတာမို့ အကျိုးပေးတာလည်း ညံ့တတ်ပါတယ်။ ဒါကြောင့် ပစ္စည်းလည်း ကုန်သေး အကျိုးကလည်း နည်းသေးဆိုသလို ဖြစ်တာမျိုး အင်မတန်မှ နှမြောစရာ ကောင်းပါတယ်။
“စေတနာကို ကံလို့ ဘုရားက ဟောပါတယ်။ ဒါကြောင့် ပစ္စည်း တန်ဖိုးရှိတာ မရှိတာထက် စေတနာ တန်ဖိုးကြီးတာ မကြီးတာကို အဓိကထားပြီး ဖြစ်နိုင်ရင် တကယ့်ရင်ထဲက ဖြူစင်သန့်ရှင်းတဲ့ စေတနာကိုပဲ ဂရုစိုက်ပြီး ပေးကြစေချင်ပါတယ်။ စေတနာကောင်းရင် ကံကောင်းတတ်ပါတယ်။ စေတနာ ညံ့ရင်လည်း ကံလည်း ညံ့တတ်ပါတယ်။

Most Read

Most Recent