ပုဂံဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွား ဝင်ရောက်မှု ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ မြင့်တက်လာ

ပုဂံဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွား ဝင်ရောက်မှု ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ မြင့်တက်လာ
Published 27 September 2015
မို့မို့၊ မြတ်စုနိုင်

ပုဂံယဉ်ကျေးမှု နယ်မြေဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ပုဂံဒေသသို့ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၃၀၀၀၀ ကျော်နှင့် ပြည်တွင်း ခရီးသွားဧည့်သည် ၁၃၀၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ စုစုပေါင်း ဧည့်သည် လေးသိန်းနီးပါးခန့် ရှိခဲ့ပြီး ယခုနှစ် သြဂုတ်လကုန်အထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ငါးသိန်း နီးပါးခန့် ဝင်ရောက်ခဲ့သောကြောင့် ယခုနှစ်တွင် ရာခိုင်နှုန်း ၂၀ ခန့် ပိုမို တိုးတက်လာကြောင်း သိရသည်။ထို့ပြင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုမှာ တိုးတက်လာသည်နှင့်အမျှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် အကျိုးဖြစ်ထွန်းသည် သာမက ဒေသခံများ၏ လူမှုစီးပွား ဘဝများလည်းတိုးတက်လာမည် ဖြစ်ပြီး ပုဂံယဉ်ကျေးမှု နယ်မြေဒေသကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ယင်းနောက် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာလည်း ၂၀၁၅ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းကြောင်းမှ နိုင်ငံခြားသား ဧည့်သည် သုံးသန်း ဝင်ရောက်ခဲ့ပြီး လာမည့် ပွင့်လင်းရာသီတွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက် လာနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ထို့ပြင် ယခုနှစ်တွင် ပြင်ဦးလွင် ဒေသသို့လည်း ဧည့်သည်လာရောက်မှုမှာ ယခင်နှစ်ထက် ၂၈ ရာခိုင်နှုန်းခန့် တိုးတက် လာခဲ့ကြောင်းလည်း သိရသည်။ကမ္ဘာလှည့် ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာသည်နှင့်အမျှ ဟိုတယ်လုပ်ငန်းများလည်း တိုးတက်လာသည်ကို တွေ့ရှိရပြီး ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုကို အခြေခံသော လုပ်ငန်းဖြစ်၍ဝန်ထမ်းများ အနေဖြင့် ဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်ရန်နှင့် ဧည့်သည်များ ရရှိစေရေးအတွက် ဧည့်ဝတ်ကျေရန် လိုအပ်ကြောင်း သိရသည်။ထို့ပြင် ပြင်ဦးလွင် ဝန်းကျင်ဒေသတွင်လည်း ပြည်တွင်းပြည်ပ ဧည့်သည်များအား ဆွဲဆောင်မှုရှိသည့် လည်ပတ်ရန် ဒေသသစ်များ ရှာဖွေ ဖော်ထုတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

Most Read

Most Recent