ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တန်ဖိုးသင့် အိမ်ရာနှင့် အငှားအိမ်ရာများ ဖော်ထုတ်ရန် ကျပ် ၄၆ ဘီလျံ ချထားကာ ဆောင်ရွက်နေ

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တန်ဖိုးသင့် အိမ်ရာနှင့် အငှားအိမ်ရာများ ဖော်ထုတ်ရန် ကျပ် ၄၆ ဘီလျံ ချထားကာ ဆောင်ရွက်နေ
Published 25 September 2015
နီလာ

မြန်မာနိုင်ငံတွင် လူဦးရေ တိုးတက် များပြားလာသည်နှင့်အမျှ  မြင့်တက်နေသည့် အိမ်ရာ လိုအပ်ချက်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တန်ဖိုးသင့် အိမ်ရာများနှင့် အငှားအိမ်ရာများ ဖော်ထုတ်ရန် ငွေကျပ် ၄၆ ဘီလျံ ချထားပေးကာ ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတ  ဦးသိန်းစိန်က နေပြည်တော်၌ ကျင်းပသည့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။“အခု တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အစိုးရ ဘတ်ဂျက်နဲ့ အငှားအိမ်ရာတွေ ဆောက်တယ်။ အိမ်ရာစီမံကိန်းနဲ့ ပတ်သက်ရင် အစိုးရက ဘတ်ဂျက်ချပေးတာ နှစ်နေရာပဲရှိတယ်။ တိုင်းဒေသကြီးကို ပေးတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို ပေးတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနကိုတော့ လှည့်ပတ်ရန်ပုံငွေ ဆိုပြီးတော့ အိမ်ရာစီမံကိန်းတွေ ဆောက်ဖို့ပေးတယ်။  တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုတော့ အငှားအိမ်ရာတွေ လုပ်ဖို့ဆိုပြီး ၂၀၁၅-၂၀၁၆ ဘတ်ဂျက်မှာ ချပေးလိုက်တယ်” ဟု မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အလားတူ မြို့ရွာများ စနစ်တကျ တိုးတက်စေရန် Township Development Plan များ ရေးဆွဲပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြောင်း၊ တစ်နိုင်ငံလုံးရှိ မြို့ကြီးများအနက် လူဦးရေ တစ်သိန်းအထက်ရှိသည့်  မြို့များအတွက် စီမံကိန်းများ ရေးဆွဲပြီးဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အိမ်ရာစီမံကိန်းများနှင့် ပြည်သူများ၏ အိမ်ရာလိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်မှုမှာ အင်မတန် နည်းပါးနေသေးကြောင်း မြို့ရွာနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်၊ ပုသိမ် နှင့် မော်လမြိုင်မြို့များတွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၂၀၀၀၀ နီးပါး ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည့် အဆိုပါ အိမ်ခန်းများမှာ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း ၁၀ ခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်း ၁၀ ခုအတွင်း အဆောက်အအုံ ၂၈၄ လုံးမှ အိမ်ခန်း ၁၈၃၆၀ ခန်း ဆောက်လုပ်သွားမည်ဟု သိရသည်။အဆိုပါ တန်ဖိုးနည်း အိမ်ရာစီမံကိန်း ၁၀ ခုမှ ရန်ကုန်တိုင်း ဒေသကြီးတွင် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နှစ်ခု၊ ဒဂုံတောင်၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံမြို့နယ်တွင် နှစ်ခု၊  သန်လျင်နှင့် လှိုင်သာယာမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့များတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent