၂၀၁၅-၂၀၂၀ အတွင်း အိမ်ထောင်စုပေါင်း ၁ ဒသမ ၇ သန်းကို ပင်မလျှပ်စစ် ဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်ပေးနိုင်ရန် ဒေါ်လာ သန်း ၇၀၀ လိုအပ်မည်ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

၂၀၁၅-၂၀၂၀ အတွင်း အိမ်ထောင်စုပေါင်း ၁ ဒသမ ၇ သန်းကို ပင်မလျှပ်စစ် ဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်ပေးနိုင်ရန် ဒေါ်လာ သန်း ၇၀၀ လိုအပ်မည်ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်
Published 24 September 2015
နီလာ

အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်း (NEP) အရ ၂၀၁၅-၂၀၂၀ ပထမ ငါးနှစ်အတွင်း အိမ်ထောင်စုပေါင်း ၁ ဒသမ ၇ သန်းကို ပင်မလျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ အကူအညီအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ လိုအပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ အစိုးရသည် ၂၀၃၀ မတိုင်မီ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့ဘဏ်အုပ်စု၏ နည်းပညာ အကူအညီဖြင့် အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်း (National Electrification Plan) ကို ၂၀၁၄ ခုနှစ်တွင် ပြုစုရေးဆွဲခဲ့သည်။
ကမ္ဘာ့ဘဏ်အနေဖြင့် ပင်မဓာတ်အားလိုင်းကို ရည်မှန်းချက်ကြီးစွာ တိုးချဲ့ဆောင်ရွက်သည့် နည်းလမ်းနှင့် လူဦးရေနည်းပါးသည့် ဒေသများတွင် ပင်မဓာတ်အားလိုင်း ကွန်ရက်မှ လျှပ်စစ်မီးရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန် မလိုအပ်ဘဲ ပင်မဓာတ်အားလိုင်း ပြင်ပအစီအမံများကို အသုံးပြုကာ ဆောင်ရွက်ရန် အကြံပြုထားသည်။
အဆိုပါစီမံကိန်းအရ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအတွက် ကုန်ကျစရိတ် မပါဝင်ဘဲ လျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက် တိုးချဲ့ရန်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ခြောက်သန်း လိုအပ်မည်ဟု သိရသည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပင်မလျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်မှတစ်ဆင့် လျှပ်စစ်မီး မရရှိသည့် လူဦးရေမှာ ရာခိုင်နှုန်း ၇၀ ခန့်ရှိကာ ယင်းတို့အနက် ကျေးလက်ဒေသရှိ အိမ်ထောင်စုများ၏ ၈၄ ရာခိုင်နှုန်း ပါဝင်သည်။ ၂၀၃၀ ပြည့်နှစ်မတိုင်မီ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရာ၌ လာမည့် ၁၅ နှစ်အတွင်း အိမ်ထောင်စု ၇ ဒသမ ၂ သန်းအတွက် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းကို နှစ်ဆတိုး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်း (NEP) အရ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိမှု နှုန်းထားများကို ၂၀၂၀ ပြည့်နှစ်တွင် ရာခိုင်နှုန်း ၅၀၊ ၂၀၂၅ တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ တွင် ၁၀၀ ရာခိုင်နှုန်း ရရှိရန် အကောင်အထည် ဖော်မည်ဖြစ်သည်။ သို့ရာတွင် ယင်းသို့ အကောင်အထည်ဖော်ရာ၌ ရေတိုကာလတွင် လူသားအရင်းအမြစ်၊ ကိရိယာ တန်ဆာပလာများ ရရှိနိုင်မှုနှင့် ငွေကြေးရရှိနိုင်မှု စသည်တို့တွင် အခက်အခဲအချို့ ကြုံ တွေ့နိုင်ဖွယ် ရှိကြောင်း သိရသည်။
ပင်မဓာတ်အား ကွန်ရက်ကို တိုးချဲ့သွားမည် ဖြစ်သော်လည်း အိမ်ထောင်စုပေါင်း တစ်သန်းခန့်သည် လျှပ်စစ်မီး ရရှိရန် ၁၀ နှစ်ခန့် စောင့်ဆိုင်းရဖွယ် ရှိနေသည်။ ထိုအိမ်ထောင်စု အများစုမှာ ရှမ်း၊ ချင်းနှင့် ကချင်ပြည်နယ်များရှိ လူဦးရေ နည်းပါးသည့် ဒေသများ တွင် နေထိုင်ကြပြီး တစ်အိမ်ချင်းစီသို့ လျှပ်စစ်မီး သွယ်တန်းရန် ကုန်ကျစရိတ် မြင့်မားမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ် အနေဖြင့် ယင်းကဲ့သို့ အကောင်အထည် ဖော်နေမှုကို အထောက်အကူ ပြုနိုင်ရန်အတွက် ပစ္စည်းများ၊ နည်းပညာ အကူအညီနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့ ဆောင်ရွက်ရန် မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကူညီသွားမည် ဖြစ်သည်။                              

Most Read

Most Recent