မညစ်ပတ်ကြပါနဲ့တော့လေ

မညစ်ပတ်ကြပါနဲ့တော့လေ
Published 24 September 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ညစ်ပတ်ခြင်း ဒဏ္ဍာရီ (၁)
သူ့ဘွဲ့အမည်က ကိုရင်စန္ဒဝံသ၊ ဒါပေမဲ့ မျက်လုံးပြူးလို့ သူ့ကို ကိုရင် ပြူးကျယ်လို့လည်း ခေါ်ကြတယ်။ အသံကျယ်လို့ ကိုရင် ဃောသကလို့လည်း ခေါ်ကြတယ်။ နည်းနည်းဆိုးလို့ ကိုရင်ဆိုးပေလို့လည်း ခေါ်ကြတယ်။ ကိုရင် ကိုးပါးထဲမှာ သူအငယ်ဆုံး၊ သူ့အသက်က ခုမှ ခုနစ်နှစ်၊ ဒါပေမဲ့ သူ လူလည်အကျဆုံး၊ တစ်ကျောင်းလုံးမှာ သူ့အသံပဲ ကြားရတယ်၊ စာကျက်သံလည်း ကြားရတယ်။ ငိုသံလည်း ကြားရတယ်။ ဆဲသံလည်း ကြားရတယ်။ သံစုံ ကိရိယာလေးလို့ ဆိုရမလားပဲ။
တကယ်တော့ သူက ကျောင်းရဲ့ ဆည်းလည်းလေးတစ်လုံး၊ သူမှ အသံမထွက်ရင် ကျောင်းက တိတ်ဆိတ်လို့၊ တစ်ခါတစ်ခါ ကျီးသံ၊ ငှက်သံ၊ ချိုးကူသံ သဲ့သဲ့ပဲ ကြားရတယ်။ ကိုရင်ဆိုးပေဟာ အရွယ်နဲ့မလိုက် စကားလုံး အကြီးကြီးတွေကို ပြောတတ်တယ်။
အတွေးအခေါ်ကလည်း ကျန်တဲ့ ကိုရင်တွေထက် သာတယ်။ ဒါပေမဲ့ ကလေးဆိုတော့ တော်တော်ညစ်ပတ်တယ်၊ သူ့သင်္ကန်းက အမြဲလိုလို နံစော်နေလို့ သူ့ကို ဘယ်သူမှ အနားကို အကပ်မခံချင်ကြဘူး။ သူ့ကို မကြာ မကြာ ရေခေါ်ခေါ်ချိုးပေးတယ်။ ဆပ်ပြာခဲနဲ့ မရလို့ ဆပ်ပြာမှုန့်နဲ့ကို ပွတ်သပ်ကြေးတိုက် ရေချိုးပေးတယ်၊ ဒါပေမဲ့ ကလေးဆိုတော့လည်း ညစ်ပတ်မြဲ၊ ညစ်ပတ်မြဲပါပဲ၊ နံစော်မြဲ၊ နံစော်မြဲပါပဲ။ ကိုရင် ညစ်ပတ်တူးလေး ဆိုပါစို့။
ညစ်ပတ်ခြင်းဒဏ္ဍာရီ (၂)
တစ်ခါတစ်ခါ ကလေးဘဝတုန်းက ပုံရိပ်တွေ ပြန်ပေါ်လာတတ်တယ်။ ကလေးဘ၀ ခိဍ္ဍပသုတ - မြူးတူး ပျော်ပါးမှုကိုသာ အားသန်တဲ့ အရွယ်ဆိုတော့ ကလေးဘ၀ ရွာဦးရွာထိပ်မှာ ကစားခဲ့ရတာတွေဟာ တော်တော် ပျော်စရာကောင်းတာပဲ။ ဂေါ်လီ ရိုက်တမ်းကစား၊ ကျည်းသား ရိုက်တမ်းကစား၊ ဘောလုံး ကန်ကစား၊ ကစားနည်းမျိုးစုံနဲ့ ကစားခဲ့တဲ့ ကလေးဘ၀ တော်တော်တော့ လွမ်းမောစရာပဲ။ ဒီလို ကစားတဲ့အခါ ညစ်ပတ်တဲ့သူတွေလည်း ရှိတာပဲ။ သရေကွင်းကို မိမိတို့ဒေသမှာတော့ ကြက်ပေါင်ကွင်းလို့ ခေါ်တယ်။ ကြက်ပေါင်းကွင်း ပစ်တာကျ လောင်းကစား ဆန်လာတယ်။
ပိုက်ဆံ ဆယ်ပြားစေ့၊ မတ်စေ့လေးတွေထောင် ကြက်ပေါင်ကွင်းနဲ့ ပစ်တဲ့ ကစားနည်းကလည်း လောင်းကစားဆန်လာတယ်။ အဲဒီ အကြွေစေ့တွေဟာ ဒန်နဲ့လုပ်တဲ့ အပေါ့စေ့၊ သတ္တုနဲ့ လုပ်တဲ့ အလေးစေ့ ဆိုတာရှိတယ်။
ဆယ်ပြားစေ့၊ မတ်စေ့၊ ငါးမူးစေ့၊ ကျပ်စေ့ အလေးစေ့တွေနဲ့ မြောက်ပန်းနှီးတာ၊ မြောက်ပန်းလှန်တာဆိုတာ ရှိတယ်။ တကယ်တော့ ခေါင်းပန်းလှန်တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းပိုင်းပါတဲ့ဘက်က ခေါင်းပေါ့။ ခြင်္သေ့နဲ့ စပါးနှံပါတဲ့ဘက်က ပန်းပေါ့။ အကြွေစေ့ကိုလှည့် လက်နဲ့အုပ်ပြီးတော့ ခေါင်း ပန်းထိုးတာလည်း ရှိတယ်။ ကြက်ပေါင်ကွင်း ထိုးတာ ရှိတယ်၊ ပိုက်ဆံ ထိုးတာ ရှိတယ်။
မှန်ရင် လျော်၊ မှားရင် စားပေါ့။ ငယ်ငယ်က ရိုးရိုးသားသား ကစားရင်တော့ ကိုယ်ပဲနိုင်တာ များတာပါပဲ။ ဒါပေမဲ့ ညစ်ပတ်တဲ့ကောင်တွေနဲ့ တွေ့တဲ့အခါကျတော့ ရှုံးတာလည်း ရှိတယ်။ငယ်ငယ်က အဲဒီလို ကစားဖော် ကစားဖက် ဆယ်ယောက်၊ ဆယ့်ငါးယောက်ထဲမှာ ညစ်ပတ်တဲ့ကောင်က နှစ်ယောက် လောက်ပါပဲ။ တစ်ယောက်က ဌေးစိုးတဲ့။ အဲဒီကောင်က ၈၈ နောက်ပိုင်းကတည်းက ရွာမှာ ရဝတ ဥက္ကဋ္ဌ လုပ်လိုက်၊ အဖွဲ့ဝင်ဖြစ်လိုက်၊ အခုလည်း အုပ်ချုပ်ရေးမှုး အဖွဲ့ဝင်ပဲ ထင်တယ်။ နောက်တစ်ယောက်က ဖိုးတွတ်ဆိုတဲ့ကောင်၊ သူကတော့ အငှားကား မောင်းနေတယ်၊ သူတို့ နှစ်ယောက်က ညီအစ်ကို တစ်ဝမ်းကွဲ။ ဖိုးတွတ်က ပိုညစ်ပတ်တယ်။ သူကတော့ ဘယ်တော့ကစားကစား ဘယ်လိုညစ်ပတ်ရမလဲ ဆိုတာပဲ စဉ်းစားနေတဲ့သူ။
အဲဒီ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က ရွာက ပါတီကောင်စီ လူကြီးတွေလည်း တော်တော် ညစ်ပတ်ကြပါတယ်။ ပညာလည်း ကောင်းကောင်း တတ်ကြတာမဟုတ်၊ သူတို့ တတ်တာက ရွာပေါ် ဘယ်လို ညစ်ပတ်မလဲ ဆိုတာပါပဲ။ ကောင်စီဥက္ကဋ္ဌ သားမောင်စိုးဆိုတာ တစ်ယောက်ရှိသေးတယ်။ ဆွေမျိုး အရင်းကြီးပါ။ အဲဒီခေတ်က ရွာမှာ ဘွဲ့ရဆိုလို့ သူတစ်ယောက်ပဲရှိတာ။ သူက ပညာလည်း တော်တယ်။ ဘောလုံးအားကစားလည်း တော်တယ်၊ ဝက်လက်မြို့နယ် လက်ရွေးစင်ပဲ။ သူ့ ခြေက စစ်ကိုင်းတိုင်း အဆင့်ထိ ရှိတယ်။ ဒါပေမဲ့ သူက ဘောလုံးကစားရင် လူလုပ်ချင်တယ်၊ ညစ်ပတ်တယ်၊ ညစ်ပတ်လို့ တိုင်းအဆင့် မရောက်တာ။ သူက ၁၉၉၀ ခုနှစ်မှာ တစည ပါတီက အရွေးခံတယ်၊ ရှုံးတာပါပဲ၊ အခုလည်း တစညက အရွေးခံမယ်ထင်တယ်။
ညစ်ပတ်တယ်ဆိုတာလည်း အကျင့်ပဲ။ ညစ်ပတ်တဲ့ အကျင့်ပါနေရင် ညစ်ပတ်ရမှကို သူက နေသာထိုင်သာ ရှိတာ။ ညစ်ပတ်တယ် ဆိုတာဟာ  ပညာတတ် မတတ်နဲ့ မဆိုင်ဘူး၊ ဥစ္စာရှိ မရှိနဲ့ မဆိုင်ဘူး၊ အာဏာရှိ မရှိနဲ့ မဆိုင်ဘူး၊ ညစ်ပတ်တဲ့သူက ညစ်ပတ်ကို ညစ်ပတ်တာ။ ဒါက သူ့ဘဝအထုံပေါ့။
ညစ်ပတ်ခြင်း ဒဏ္ဍာရီ (၃)
လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က အာရှရဲ့ စံပြစာရင်းဝင် မြို့တော်ရန်ကုန်၊ အကောင်းဆုံး လေယာဉ်ကွင်း၊ အကောင်းဆုံး ဆေးရုံ၊ အကောင်းဆုံး တက္ကသိုလ်၊ အကောင်းဆုံး ပညာရေး စနစ်ရှိခဲ့ဖူးတဲ့ မြို့တော်ရန်ကုန်။ အခြား အာဆီယံနိုင်ငံတွေရဲ့ ရှောပင်းထွက်ရာ မြို့တော်ရန်ကုန်၊ အသန့်ရှင်းဆုံး၊ အလှပဆုံး မြို့တော်ရန်ကုန်။ စင်ကာပူတို့၊ မလေးတို့ ရင်သပ်ရှုမော အထင်ကြီး အားကျ မော်ကြည့် ခဲ့ကြရတဲ့ မြို့တော်ရန်ကုန်။ ယခုတော့၊ ယခုတော့လား ... အာရှရဲ့ အညစ်ပတ်ဆုံးစာရင်း ထဲမှာပါနေတဲ့ မြို့တော် ရန်ကုန်။
ရန်ကုန်မြို့ အပေါဆုံးအရာကို ပြပါဆိုရင် လမ်းဘေးက အမှိုက်တွေပဲ။ ဒီအစိုးရ တက်လာစက ဆင်ဖမ်းမယ်ဟဲ့၊ ကျားဖမ်းမယ်ဟဲနဲ့၊ အကြီးအကဲ တစ်ဦးက စင်ကာပူလိုဖြစ်အောင် လုပ်မတဲ့၊ မြို့တော်ဝန်က တိုကျိုလိုဖြစ်အောင် လုပ်မတဲ့။ နောက်ဆုံးတော့ ညစ်ပတ်မြဲ၊ ညစ်ပတ်မြဲ။ ရေဆိုးမြောင်းတွေ ကောင်းဖို့ အတွက် နှစ်စဉ် ဘဏ္ဍာငွေကျပ် ဘီလျံများစွာ သုံးစွဲပါသော်လည်း ဆီးသီးဗန်းကြီး မှောက်ကျတာ ပဲလားမသိ။ ထူးမခြားနား ပတ်ပျိုးက အသက်ဝင် နေဆဲ။ မိုးတွင်းဆိုရင် လမ်းတွေက နှစ်စဉ်ရေ မြုပ်မြဲ၊ ရေကျသွားတော့ မြောင်းထဲက အမှိုက်တွေ၊ အညစ်အကြေးတွေက လမ်းမပေါ်တင် ကျန်ရစ်ပြီး ညစ်ပတ်မြဲ ညစ်ပတ်မြဲ။
တကယ်တော့ အမှိုက်ပေါတာ၊ ညစ်ပတ်တာ ရန်ကုန်တွင် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အနှံ့ပေါများတာက ပစ္စည်းအမှိုက်၊ လူအမှိုက်၊ အမှိုက်ညစ်ပတ်၊  လူညစ်ပတ်တွေပါပဲ။ နေ့စဉ် လမ်းပေါ်မှာပဲ ကျင်လည်သွားလာ ကျက်စားနေကြတဲ့ လူအများစုရဲ့ စိတ်ဓာတ် စရိုက်တွေ ဟာလည်း ယုတ်ညံ့ ယုတ်ညံ့လာကြတယ်၊ ညစ်ပတ် ညစ်ပတ်လာကြတယ်။
မညစ်ပတ်ကြပါနဲ့တော့လေ
တကယ်တော့ ပုထုဇဉ်ဆိုတာကိုက ညစ်ပတ်တဲ့သူကို ခေါ်တာကိုး။ (ပုထု- ညစ်ပတ်တဲ့ စိတ်တွေများစွာ၊ ဇန = ဇဉ် - ဖြစ်သူ)မဟာနိဒ္ဒေသပါဠိတော်၊ တိဿမေတ္တေယျ သုတ္တနိဒ္ဒေသ ပုထုဇဉ် အဓိပ္ပာယ်ကို ဖွင့်ပြရာတွင် ကိလေသာ အဖြစ်များသောကြောင့် ပုထုဇဉ်၊ သက္ကာယဒိဋ္ဌိကို မပယ်နိုင်သေးသောကြောင့် ပုထုဇဉ်၊ ဆရာအမျိုးမျိုးတို့၏ မျက်နှာကို မော်ကြည့်တတ်သောကြောင့် ပုထုဇဉ်၊ ကတိအားလုံးတို့မှ မထမြောက်နိုင် သေးသောကြောင့် ပုထုဇဉ်၊ အမျိုးမျိုးသော ကုသိုလ် အကုသိုလ်စသည်တို့ကို ပြုလုပ်တတ်သောကြောင့် ပုထုဇဉ်၊ အမျိုးမျိုးသော ကိလေသာ ဝဲသြဃတို့၏ နစ်မြုပ်မျှောခြင်းကို ခံနေရသောကြောင့် ပုထုဇဉ်၊ အမျိုးမျိုးသော ကိလေသာ အပူတွေနှင့် ပူပန်နေရသောကြောင့် ပုထုဇဉ်၊ အမျိုးမျိုး သောကိလေသာတို့၏ လောင်မြိုက်မှုကို ခံနေရသောကြောင့် ပုထုဇဉ်၊ ငါးဖြာ အာရုံ ကာမဂုဏ်တို့၌ စွဲမက်တွယ်တာ မူးယစ်မေ့မြော ငြိကပ် မြှေးယှက်နေသောကြောင့် ပုထုဇဉ်၊ နီဝရဏ တရားငါးပါးတို့က ပိတ်ဆို့ ဖုံးလွှမ်းထားသောကြောင့် ပုထုဇဉ်၊ ပုထုဇဉ် အဓိပ္ပာယ်ကို ဒီလိုဖွင့်ထားတယ်။
ဒီတော့ ပုထုဇဉ်ဆိုတာ အဖြစ်နိုင်ဆုံးက အကုသိုလ် အဖြစ်များသူ၊
အကုသိုလ်များသူ၊ ကိလေသာ အဖြစ်များသူ၊ ကိလေသာများသူ။ အကုသိုလ်ကကဏှဓမ္မ- မည်းညစ်သောတရား။ ကိလေသာက ညစ်ပတ်သောတရား။ ပုထုဇဉ်ဆိုတာ မည်းညစ်သော တရားတွေ၊ ညစ်ပတ်သော တရားတွေ အဖြစ်များတဲ့သူ။ ဒါ့ကြောင့် ပုထုဇဉ်ဆိုတာ ညစ်ပတ်သူ။
ပုထုဇဉ်ဘဝက လွတ်တော့ အရိယာ။ အရိယာဆိုတာ သန့်ရှင်းသူ၊ ဖြူစင်သူ။ ဗုဒ္ဓဘာသာတို့ရဲ့လမ်းစဉ်က အရိယာလမ်းစဉ်။ မိမိတို့ ပုထုဇဉ် အနေအထား ညစ်ပတ်နေတာကိုသိပြီး သန့်ရှင်းအောင် လုပ်ရမယ်၊ ဖြူစင်အောင် လုပ်ရမယ်။ စွန့်လွှတ်မှုဒါနနဲ့ လောဘနဲ့ အပေါင်းပါ အမည်းအညစ်တွေကို သန့်ရှင်း ဖြူစင်အောင် လုပ်ရမယ်။ စောင့်ထိန်းမှု သီလနဲ့ ဒေါသနဲ့ အပေါင်းပါ အမည်း အညစ်တွေကို သန့်ရှင်း ဖြူစင်အောင် လုပ်ရမယ်။ ပွားများမှု ဘာဝနာနဲ့ မောဟနဲ့ အပေါင်းပါ အမည်းအညစ်တွေကို သန့်ရှင်း ဖြူစင်အောင် လုပ်ရမယ်။
ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူခဲ့ကြတဲ့ ဗုဒ္ဓအဆူဆူတို့က မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားလို့ မှာခဲ့ကြတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ဘာသာရေး အလုပ်ဆိုတာ စိတ်သန့်ရှင်းဖို့၊ မညစ်ပတ်ဖို့ပါပဲ။
ကံကောင်းထောက်မ ဗုဒ္ဓအဆုံးအမ တွေကို နားလည် ကျင့်သုံးခွင့်ရနေခိုက် မိမိတို့ စိတ်အစဉ်က ကိလေသာ အညစ်အကြေးတွေကို သန့်ရှင်းအောင် လုပ်ကြဖို့ပါပဲ။
၁၉၉၀၊  ၂၀၀၈၊   ၂၀၁၀၊  ညစ်ပတ်တာတွေ များနေပြီ၊ မညစ်ပတ်ကြပါနဲ့တော့လေ။

Most Read

Most Recent