မောတောင်နယ်စပ်မှ တစ်ဦးချင်း ကုန်သွယ်မှုကတ် ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ အထိ ကုန်သွယ်ခွင့် ပြုထားပြီး ထိုင်းနိုင်ငံမှ နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်လာမှုကို ကုန်သည်များ စောင့်ကြည့်လျက်ရှိ

မောတောင်နယ်စပ်မှ တစ်ဦးချင်း ကုန်သွယ်မှုကတ် ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ အထိ ကုန်သွယ်ခွင့် ပြုထားပြီး ထိုင်းနိုင်ငံမှ နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်လာမှုကို ကုန်သည်များ စောင့်ကြည့်လျက်ရှိ
Published 24 September 2015
ဇော်မိုးဦး (မြိတ်)

မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင် နယ်စပ်ဂိတ်မှ တစ်ဦးချင်း ကုန်သွယ်မှုကတ် (TTC) ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ အထိ ကုန်သွယ်ခွင့် ပြုထားပြီး ထိုင်းနိုင်ငံမှ ဆင်းခွန် နယ်စပ်ဂိတ်အား အထူး ယာယီ နယ်စပ်ဂိတ်မှ နယ်စပ်ဂိတ် အဖြစ် တရားဝင် ဖွင့်လှစ်လာမှုကို ကုန်သည်များက စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
တစ်ဦးချင်း ကုန်သွယ်မှုကတ် (Individual Trade Card) ဖြင့် ကုန်သွယ်သူများ အနေဖြင့် ခုနစ်ရက် တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့် ကုန်သွယ်ခွင့် ပြုထားခြင်း ဖြစ်ပြီး ယခင်က တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိသာ ကုန်သွယ်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစပြီး တစ်ဦးချင်း ကုန်သွယ်မှုကတ် တစ်ခုကို ကျပ်သိန်း ၁၀၀ အထိ ကုန်သွယ်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။ မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်း ကနေလက်ရှိ TTC ကတ် ၄၃ ကတ် ပြုလုပ် ပေးထားပြီးပါပြီ။ တစ်ဦးချင်း ကုန်သွယ်ကတ် ကိုင်ဆောင်ထားတဲ့ သူတွေအနေနှင့် သစ်သီးဝလံတွေ၊ အိမ်အသုံးအဆောင် ပလတ်စတစ် ပစ္စည်းလေးတွေ တင်သွင်းကြပါတယ်။ မော်တော်ကား၊ ဒီဇယ်ဆီ၊ ဘိလပ်မြေ၊ လယ်ထွန်စက်နှင့် အမိုးပြားတွေကိုတော့ ကုမ္ပဏီတွေက တင်သွင်းကြပါတယ်” ဟု မောတောင် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဦးစီးအရာရှိ ဦးသန်းထွေးက ပြောကြားသည်။
တစ်ဦးချင်း ကုန်သွယ်မှုကတ်ဖြင့် အမှန်တကယ် ဆောင်ရွက်နေသူများမှာ လက်ရှိ အနေအထားတွင် ၁၂ ကတ်သာ ရှိသေးပြီး တစ်ဖက် ထိုင်းနိုင်ငံမှ တရားဝင် နယ်စပ်ဂိတ် ဖွင့်လှစ်လာမှုကို ကုန်သည်များက စောင့်ကြည့် နေကြကြောင်း သိရသည်။
“မောတောင် နယ်စပ်ကနေ ကုန်သွယ်မှု ဖွံ့ဖြိုးဖို့အတွက် လမ်းပန်း ဆက်သွယ်ရေးကောင်းဖို့ လိုနေပါတယ်။ ဆက်သွယ်ရေး ပိုင်းတွေကလည်း ခက်ခဲတော့ ဒါတွေကို ဆောင်ရွက် ပေးစေချင်ပါတယ်။ နောက်ပြီး တစ်ဖက် နိုင်ငံကလည်း တရားဝင် နယ်စပ်ဂိတ် ဖွင့်လှစ်ပေးဖို့ လိုအပ်နေပါတယ် ကုန်သည်တွေက စမ်းသပ်လုပ်ကိုင်ပြီး ဒီလိုပဲ လမ်းပန်း ဆက်သွယ်မှု အနေအထားတွေ၊ ထိုင်းဘက်က ကန့်သတ်မှုတွေကြောင့် ရပ်နားနေတာ ရှိပါတယ်။ ကျွန်တော်တို့လည်း ကုန်သွယ်မှု ဖွံ့ဖြိုးဖို့အတွက်စည်းရုံး ဆောင်ရွက်တာတွေ လုပ်ကိုင်ရပါတယ်” ဟု ဦးသန်းထွေးက ပြောကြားသည်။ မောတောင် နယ်စပ်နှင့် ကုန်သွယ်မှု ပြုလုပ်ရသည့် ဆင်းခွန် နယ်စပ်မှာ ထိုင်း နိုင်ငံမှ အထူးယာယီ နယ်စပ်ဂိတ်အဖြစ်သာ တိုးမြှင့် ဖွင့်လှစ်ထားပြီး တရားဝင် နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ရန် နှစ်ဖက်ကုန်သည်များက လိုလားလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent